မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း နှစ်ရက်ဆက် စစ်တပ်၏လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက် မှုတို့ကြောင့် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး ကလေးတစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာ ရခဲ့သည်ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။
ဩဂုတ် ၃ နှင့် ၄ ရက်တို့တွင် လေကြောင်းနှင့်လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့စဉ် ထိုသို့သေဆုံး ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ နေ့လယ်တွင် မြင်းခြံမြို့ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ နွားထိုးကြီးမြို့အနောက်မြောက်ဘက် ၁၀ မိုင်ကျော်အကွာ နွားထိုးကြီး-မြင်းခြံကားလမ်းပေါ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသော ရွာကြီးကျေးရွာကို မြင်းခြံမြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထိုပစ်ခတ်မှုတွင် ဒေသခံများဖြစ်သော အသက် ၆၀ ကျော်အရွယ် ဒေါ်ဝင်းလှ၊ ၂၇ နှစ်အရွယ်များ ဖြစ်သည့် မဇာနည်ထွန်းနှင့် မမိစုစံတို့ သေဆုံးသွားသည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)ထံက သိရသည်။
“ရွာကြီးမှာတော့ လက်နက်ကြီးနဲ့ပစ်လို့ အိမ်ထဲကို ကျပြီး အိမ်ရှင်အမျိုးသမီးကတော့ ဦးခေါင်းပွင့်ထွက် သွားတယ်၊ ကျန်အမျိုးသမီးနှစ်ဦးလည်း ပွဲချင်းပြီးအိမ်ထဲမှာပဲ ဆုံးသွားကြတယ်” ဟု နွားထိုးကြီးမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ပြောသည်။
အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး နောက်ဆက်တွဲအခြေအနေ ကို မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
နွားထိုးကြီး-မြင်းခြံ ကားလမ်းပေါ်တွင် တည်ရှိသည့် ရွာကြီးရွာသည် စိုက်ပျိုးရေးနှင့် ကုန်သည်လုပ်ငန်း ကို အဓိက လုပ်ကိုင်ကြပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည်။
အလားတူ ဩဂုတ် ၂ ရက်နေ့ နံနက်က နွားထိုးကြီးမြို့နယ်အနောက်ဘက် သန်းပင်လှရွာသို့ စစ်တပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ရာ ငါးနှစ်အရွယ်ကလေးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့သည်။
သေဆုံးသူ ကလေးငယ်မှာ အသက် ၅နှစ်အရွယ် မောင်ဖိုးသင်္ကြန်ဖြစ်ပြီး ရွာလမ်းပေါ်ရောက်ရှိနေချိန် ဗုံး ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် နှစ်လုံး ပျက်စီးခဲ့ပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့သည်ဟု သိရသည်။
“အသားလွတ်ကြဲသွားတာ၊ တိုက်ပွဲမရှိဘဲနဲ့လုပ်သွားတာ လက်နက်ကြီးနဲ့လည်း လှမ်းထုတယ်၊ ပြီးရင် လေကြောင်းကနေ အကာကွယ်ယူပြီး စစ်ကြောင်းထိုးလာကြတာ” ဟု နွားထိုးကြီးဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
စစ်တပ်က စစ်ကြောင်းထိုးလာပါက ဒေသခံများ ဘေးလွတ်ရာ ကျေးရွာများနှင့် တောတောင်များသို့ ယာယီတိမ်းရှောင်ကြရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“စစ်ကြောင်းမရှိရင်တော့ ရွာပြန်နေ တောင်သူပြန်လုပ်ပေါ့၊ စစ်ကြောင်းရှိရင်တော့ တောထဲပြေးရတယ် လွတ်မယ့်ရွာတွေကို ပြေးရတယ်”
နွားထိုးကြီးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ မိုင်တိုင် ၃၁၉ အနီးရှိ ရဲကင်းစခန်းကို တိုက်ခိုက်ထားသည်။
ထို့နောက် ဒီဇင်ဘာ၂၃ ရက်တွင် ထိုရန်ကုန်-မန္တလေးအမြန်လမ်းမှ မိုင် ၂၀ ကျော်အကွာ ဒေါင့်ဘိုးရွာကို လေတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် ဒေသခံတစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သည်။
နွားထိုးကြီးမြို့နယ်သည် တော်လှန်ရေးအားကောင်းသည့်မြို့နယ်ဖြစ်ပြီး အာဏာသိမ်း စစ်တပ်က ပြုလုပ် မည့်ရွေးကောက်ပွဲတွင် ပူးပေါင်းသူများအား ထိရောက်စွာအရေးယူမည်ဟု နွားထိုးကြီးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။
နွားထိုးကြီးမြို့နယ်တွင်းရှိ ရွာများသို့ မြင်းခြံ၊ ပင်စည်၊ မြို့လှမြို့တို့တွင် အခြေစိုက်ထားသည့် စစ်တပ်က လက်နက်ကြီးပစ်ခတ်လေ့ရှိပြီး လေကြောင်းမှလည်း တိုက်ခိုက်သည်ဟု ဒေသခံများက ဆိုသည်။
စစ်တပ်သည် မန္တလေးတိုင်းအတွင်းမှ မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်များအပါအဝင် ၆၃ မြို့နယ်ကို ဇူလိုင် ၃၁ ရက်နေ့က စစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် ယခုလဆန်းမှစကာ လေကြောင်း တိုက် ခိုက်မှုများ ခပ်စိတ်စိတ်ပြုလုပ်နေသည်။
ဩဂုတ် ၂ နံနက်မှာပင် မန္တလေးတိုင်း နှစ်မြို့နယ်အတွင်း သေဆုံးသူ ၁၉ ဦးရှိပြီး ဒဏ်ရာရသူ ၃၁ ဦး ရှိခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နွားထိုးကြီးမြို့နယ်အတွင်း နေအိမ်အချို့ ပျက်စီးသွားသည် ကို ဇူလိုင် ပထမပတ်အတွင်း တွေ့ရပုံ။ (ဓာတ်ပုံ − နွားထိုးကြီး Journal)



