သတင်း

တိုက်ပွဲဖြစ်နေသော တနင်္သာရီတိုင်း၊ ပလမြို့အနီး သေဆုံးသူ အရပ်သား ၁၃ ဦးရှိလာ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ရက်ပိုင်းအတွင်း စစ်တပ်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၃ ဦး ရှိလာပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တောင်ဘက် ပလမြို့အနီး ဇူလိုင်လ၊ ၂၃ ရက်နေ့မှစတင်၍ တိုက်ပွဲများ ပြင်းထန်နေသောကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိလာပြီး ငါးဦး ဒဏ်ရာရခဲ့ ကြောင်း  ဒေသခံများနှင့် ဒေသအခြေစိုက်တော်လှန်ရေးတပ်များထံက သိရသည်။

ပုလောမြို့တောင်ဘက် ၁၀ မိုင်ကျော်အကွာ ပလမြို့ရဲစခန်းကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေပြီး ဩဂုတ်လ၊ ၁ ရက်နေ့တွင် လေကြောင်းမှ  လေးကြိမ် ဗုံးကြဲ တိုက်ခိုက်သည်။

ထို့ကြောင့် ပုလောမြို့နယ်အား ဖြတ်သန်းသွားသည့် နယ်စပ်ကုန်သွယ်ရေးလမ်း အမှတ်(၈) ပြည်ထောင်စု လမ်းမကြီးကို ပလမြို့အဝင်နှင့် မြို့တောင်ဘက် ငါးမိုင်ကျော်အကွာ ကျဲတံတားအနီး လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ 

လမ်းပြန်ဖွင့်ချိန်ကို စောင့်ဆိုင်းရန်အတွက် ဇူလိုင်လ၊ ၂၅ ရက်နေ့က ပလမြို့တောင်ဘက် လေးမိုင်ကျော် အကွာ ဇရပ်ဆိပ်ရွာရှိ နေအိမ်တစ်အိမ်၌ ညအိပ်ရပ်နားခဲ့သည့် ခရီးသည်များသည် ရွာအရှေ့ ဘက် သုံးမိုင်ခန့် အကွာ ပလစက်တော်ရာတောင်တွင် တပ်စွဲထားသည့် စစ်တပ်၏ တိုက်ခိုက်မှုအတွင်း သေဆုံး၊ ဒဏ်ရာရ မှုများ ဖြစ်ပေါ်ခဲ့သည်။ 

ည ၁၀း၂၀ အချိန်တွင် ဒရုန်း၊ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့စဉ်အတွင်း ဇရပ်ဆိပ်ကျေးရွာ နေအိမ် တစ်လုံးပေါ်သို့ ကျရောက်ခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း အိမ်ရှင်အမျိုးသား တစ်ဦးနှင့် အဆိုပါအိမ်တွင် ခေတ္တတည်းခိုနေသည့်ခရီးသည်များ အနက်မှ ၁၀ ဦး သေဆုံးခဲ့ပြီး အိမ်ရှင်၏ဇနီး ဒေါ်စန်းပို အပါအဝင် ငါးဦး ဒဏ်ရာရှိခဲ့သည် ဟု ဒေသခံ အမျိုးသားတစ်ဦးက  ပြောသည်။ 

“ ပရိုဘောက်ကား နှစ်စီး ၊ ဝက်တွေတင်တဲ့ကား တစ်စီး၊ စုစုပေါင်းကား  သုံးစီးက ခရီးသည်တွေ ညဘက် အိပ်နေချိန်မှာ ဗုံးချသွားတာ။ အိမ်ခေါင်းရင်း၊ အလယ်ဘက်နားမှာ အိပ်နေတဲ့လူရဲ့ ခြေရင်းကို ကျပုံရ တယ် ။ ကိုယ်တစ်ပိုင်း ပြတ်သွားတယ်။ ကြမ်းပြင်လည်း အပေါက်ကြီးဖြစ်သွားတယ်။ အိမ်အပေါ်ထပ်  သုံးပုံ တစ် ပုံကျော်လောက် အပေါက်ကြီးဖြစ်သွားတယ် ” ဟု ထိုဒေသခံအမျိုးသားက သူ မြင်တွေ့ခဲ့ရပုံကို ပြောပြသည်။


သေဆုံးသူများမှာ အိမ်ရှင် ဦးမြင့်သန်း ၊ ဦးသန်းထွန်း (၄၇ နှစ်)၊ ဦးဝင်းအောင် (၅၁ နှစ်)၊ ဒေါ်ခင်သူဇာ၊ ဒေါ်ခိုင်ဇာဝင်း (၄၈ နှစ်)၊ ဦးအောင်ဇော်မိုး (၄၂ နှစ်) ၊ ဒေါ်သန်း (၅၇ နှစ်) ၊ ဦးထွန်းကို (၄၉ နှစ်)၊ ကိုကိုနိုင် နှင့် အခြားတစ်ဦးတို့ ဖြစ်သည်။

အခင်းဖြစ်နေရာတွင် လက်နက်အပိုင်းအစတစ်ခု တွေ့ရှိရပြီး ဒရုန်းဗုံးအပိုင်းအစဟု ယူဆရကြောင်း သူက ဆိုသည်။ 

“ ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာ၈၁ မမ ဗုံးသီး ဒလက်အပိုင်းအစ တစ်ခုတွေ့ရတယ်။ လက်နက်ကြီး နဲ့ပစ်တာမျိုးမဟုတ်ဘဲ ဗုံးသီးကို ဒရုန်းမှာချိတ်ပြီး ချသွားတာလို့ ယူဆရတယ်” 

ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သောကြောင့် ကူညီ ကယ်ဆယ်ရေးလုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့သောကြောင့် ကိုးဦး သေဆုံးကာ သုံးဦး ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြိတ်ခရိုင်အခြေစိုက် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

စစ်ရေးတင်းမာနေသော နယ်မြေဖြစ်သဖြင့် သေဆုံးသူအလောင်းများကို နောက်တစ်နေ့ နံနက်တွင်သာ ကောက်ယူသင်္ဂြိုဟ်ပေးခဲ့ရသည်ဟု အထက်ပါဒေသခံက ပြောသည်။

“ကျွန်တော်တို့သွားတဲ့အချိန်မှာ အလောင်းတွေပဲ ကျန်တော့တယ်။ လူနာတွေမရှိတော့ဘူး။ ကျွန်တော်တို့ ကြည့်နေတုန်းမှာပဲ မနီးမဝေးနားမှာ ဒရုန်းနဲ့ထပ်ချလို့ ကျွန်တော်တို့လည်း မနက်မှပဲ အလောင်းတွေကို သွားမြှုပ်ရတယ်”

တော်လှန်ရေးပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည့် တပို့ရွာအနီးတွင် ရှိသောကြောင့် စစ်ကောင်စီသည် ဇရပ်ဆိပ်ရွာတွင် ဒရုန်းဖြင့် ပုံမှန်ဗုံးကြဲလေ့ရှိသည်ဟုဒေသခံများက ပြောသည်။

တပို့ရွာတွင် တော်လှန်ရေးအဖွဲ့များက တပ်စွဲထားပြီး ပလမြို့သို့ စစ်ကောင်စီဘက်မှ စစ်ကူများ မပို့နိုင်ရန် တားဆီးပိတ်ဆို့ထားသည်။ 

သို့သော်လည်း စစ်တပ်၏ ညအချိန် တိုက်ခိုက်မှုတွင် ဇရပ်ဆိပ်ရွာအနီး တိုက်ပွဲများဖြစ်ပွားနေခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

“အဲဒီ အချိန်မှာ တိုက်ပွဲဖြစ်နေတာမရှိဘူး။ ခရီးသည်ကားတွေကိုလည်း သူတို့ မြင်တာပဲ။ သူတို့က မီးရောင် မြင်ရင်ပစ်တာပဲ။ ဆိုင်ကယ်မြင်ရင်လည်းပစ်တာပဲ။ အရပ်သားလည်း မခွဲခြားဘဲ စစ်ကောင်စီက ဒရုန်းနဲ့ အကုန်လိုက်ပစ်နေတာ”ဟု ဒေသခံ နောက်တစ်ဦးကလည်း ပြောသည်။

တိုက်ပွဲများပြင်းထန်နေသည့် ပလမြို့ပေါ် ရဲစခန်းအနီး ပစ်သတ်ခံထားရသည့်  ဒေသခံ သားအဖနှစ်ဦး အလောင်းများကို ဩဂုတ်လ၊ ၁ ရက် နံနက်တွင် တွေ့ရှိခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သားအဖနှစ်ယောက်ရဲ့ အလောင်းတွေ့တယ်လို့ မနက်က ပြောတယ်။ သူတို့အိမ်က ရဲစခန်းရဲ့ အရှေ့ဘက်နား၊ တိုက်ပွဲဖြစ်နေတဲ့ ဧရိယာအတွင်းမှာ ရှိတယ်။ မြို့ထဲမှာ တချို့ကလည်း ပိတ်မိနေတယ်။ တချို့က လည်း မထွက်ဘဲ ကပ်နေကြတဲ့သူတွေရှိတယ်” ဟု ၎င်းက ဆိုသည်။ 

သေဆုံးသူများ၏ အမည်၊ အသက်အရွယ်နှင့် အလောင်းကောက်ယူနိုင်ခြင်း ရှိမရှိ အသေးစိတ် အခြေအနေများ မသိရသေးပေ။ 

ပလမြို့အနီး တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

 ပုလောမြို့နယ်၊ ဘိုင်းပြင်ရွာအရှေ့တောင်ဘက် နှစ်မိုင်ကျော်အကွာ ကျောက်ကမ်းဖဲ‌ ကျေးရွာတွင်လည်း စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဇူလိုင် ၂၄ ရက်နေ့က အမျိုးသား တစ်ဦး သေဆုံးခဲ့သည်။

ရက်သတ္တပတ် တစ်ပတ်ကြာ တိုက်ပွဲများကြောင့် ပလမြို့မြောက်ဘက်၊ စျေးနှင့်ရဲစခန်းအနီးမှ အရပ်သား အများစု တိမ်းရှောင်နေရပြီး  မြို့တောင်ဘက်ခြမ်းကို ‌ တော်လှန်ရေးပူးပေါင်းအဖွဲ့က စိုးမိုးထားကာ အရပ်သားအချို့လည်း ဆက်လက်နေထိုင်နေကြသေးသည်ဟု သိရသည်။

“မြို့အောက်ပိုင်း (တောင်ဘက်)မှာ PDF တွေလည်း ဝင်ထွက်သွားလာနေတယ်။ စစ်ကောင်စီက သူတို့ အထိုင်စခန်းကနေ မထွက်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်အရ တပ်မဟာ (၄) မြိတ်-  ထားဝယ်ခရိုင်တွင် ပါဝင်သည့် ပုလောမြို့နယ်၌ KNU ၏ လက်နက်ကိုင်တပ် တစ်ခုဖြစ်သော ကရင်အမျိုး သားကာကွယ်ရေးအဖွဲ့ (KNDO) အမှတ် (၇) တပ်ရင်းနှင့်  မြိတ်ခရိုင်အခြေစိုက် PDF အမှတ် (၁) တပ်ရင်း တို့ ပူးတွဲစစ်ရေးလှုပ်ရှားသည်။

ထို့အတူ စစ်ကောင်စီ၏ ခြေလျင်စခန်းများဖြစ်သည့် ခလရ-၁၇၊ ခလရ-၂၈၅ နှင့် ခလရ ၂၈၀ စသည့် တပ်ရင်းများလည်း အခြေစိုက်ပြီး  ပလောက်မြို့အနီး အမှတ် (၁၂) တန်းမြင့် လေ့ကျင့်ရေးကျောင်းနှင့် အမြောက်တပ်စခန်း တစ်ခုလည်း ရှိသည်။  

ပုလောမြို့နယ်တွင် ဇူလိုင်လအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ကြောင့် သံဃာ နှစ်ပါး ၊  ၁၃ နှစ်အရွယ်ယောက်ျားလေး တစ်ဦး ၊ ခရီးသွားများအပါအဝင် ၁၇ ဦး သေဆုံးခဲ့ ကာ  ကိုးဦး ဒဏ်ရာ ရရှိခဲ့သည်။ ပလမြို့ရဲစခန်းအနီး အရပ်သား နှစ်ဦး ပစ်သတ်ခံရပြီး မည်သူမည်ဝါ လက်ချက် မသိရပေ။ 

ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော အရပ်သားသေဆုံးမှုများအနက် ဇရပ်ဆိပ်ရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် အရပ်သားအသေအပျောက်အများဆုံး ဖြစ်သည်ဟု ပုလောဒေသခံများက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင် ၁ ရက်နေ့မှ ၃၁ ရက်နေ့ အထိစာရင်းများအရ စစ်တပ် လက်ချက်ကြောင့် ၁၀၄ ဦး သေဆုံးခဲ့ပြီး ၇၁ ဦးမှာ လေကြောင်းတိုက်ခိုက် မှုကြောင့်ဖြစ်ပြီး ၂၂ ဦးမှာ လက်နက်ကြီးကြောင့်ဖြစ်သည်။ 

ဇရပ်ဆိပ်ရွာ တိုက်ခိုက်မှုတွင် သေဆုံးသူတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

Related Articles

Back to top button