မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများက ကလေးငယ်တစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး အပါအဝင် ၃ ဦးကို ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းတွင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သေဆုံးသူများမှာ မြင်းခြံမြို့အရှေ့ဘက် ၆ မိုင်ကျော်အကွာရှိ မြောက်ကုန်းကျေးရွာ ဒေသခံများဖြစ်ပြီး ၆ လသား ကိုယ်ဝန်လွယ်ထားသူ အသက် ၃၀ ကျော်အရွယ် ဒေါ်သင်းဆွေ၊ ၎င်း၏ သမီးဖြစ်သူ ၁၀ နှစ်အရွယ် မဆုလတ်ယွန်းနှင့် အသက် ၄၀ အရွယ် ဒေါ်လဲ့ဆိုသူတို့ဖြစ်သည်။
ရွာထဲသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ထွက်ပြေးရန်ပြင်ဆင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု မြောက်ကုန်းရွာဒေသခံ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ လူ့လောကထဲမရောက်သေးသည့် မိခင်ဝမ်းဗိုက်ထဲရှိ ကလေးငယ်၏ အသက်ပါထည့်တွက်လျှင် သေဆုံးသူ ၄ ဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့က ရွာထဲမှာဝင်လာတယ်ခင်ဗျာ။ ကျွန်တော်တို့ ပြည်သူတွေက ထွက်ပြေးတဲ့အချိန်မှာ သူတို့(စစ်တပ်)က ပစ်တာ။ တိုက်ပွဲမဟုတ်ဘဲနဲ့ ပြည်သူကို ဒီတိုင်း သက်သက်ပစ်တာပေါ့။ ဒေသခံတွေက တစ်ချို့တစ်ဝက်ကတော့ ရှောင်နေတာပေါ့။ သူတို့ကတော့ကိုယ့်အိမ်ကိုယ်နေနေကြတာပေါ့။ အဲ့မှာ (စစ်ကြောင်းရောက်လာတော့) ကိုယ့်အိမ်မှာ နေနေတဲ့သူတွေကပြေးတဲ့အခါ သူတို့ကပစ်ကြတာ” ဟု ၎င်းက ပြောသည်။
စစ်ကြောင်းရောက်လာသည့် သတင်းကြားရချိန် ဒေါ်လဲ့က ဆိုင်ကယ်ဖြင့်ထွက်ပြေးရန်ပြင်ဆင်နေရာ ၎င်း၏ နေအိမ်အပေါက်ဝတွင်ပစ်ခတ်ခံရ၍ ပွဲခြင်းပြီးသေဆုံးသွားသည်ဟု သိရသည်။
ကိုယ်ဝန်သည်အမျိုးသမီး ဒေါ်သင်းဆွေနှင့် သမီးဖြစ်သူ မဆုလတ်ယွန်းတို့ မိသားစုမှာ စစ်ကြောင်းဝင်ချိန် ဘေးလွတ်ရာထွက်ပြေးစဉ် ရွာအထွက်၌ ပစ်ခတ်ခံရသည်။ ထို့နောက် ဆေးကုသနိုင်ရန် ဆေးခန်းပို့ခဲ့ကြသော်လည်း ဆေးရုံးအရောက်တွင် သေဆုံးကြောင်းဒေါ်သင်းဆွေ၏ ခင်ပွန်းဖြစ်သူလည်း သေနတ်ထိမှန်ခဲ့ကြောင်း အထက်ပါ ဒေသခံက ပြောသည်။
ယခုနှစ်ကုန်ပိုင်းတွင် ရွေကောက်ပွဲကျင်းပရန် ပြင်နေသည့် စစ်ကောင်စီအမည်ပြောင်း စစ်ကော်မရှင်က မြင်းခြံမြို့နယ်အတွင်း နယ်မြေစိုးမိုးမှုရရန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းကြောင့် မြင်းခြံမြို့အနီး မြင်းခြံ-မန္တလေးလမ်းပေါ်ရှိ မြောက်ကုန်း၊ ခင်ပုဂံ၊ သဲတော၊ တဲရွာနှင့် ရွာနီးချုပ်စပ်ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက် ဖိုခနောက်ဆိုင်တည်ရှိသည့် မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက စိုးမိုးထားသည်။
နယ်မြေအများအပြား ဆုံးရှုံးထားသော်လည်း စစ်တပ်သည် မြင့်ခြံနှင့် နွားထိုးကြီးမြို့နယ်ကြားက ကျေးရွာများကို နယ်မြေစိုးမိုးနိုင်ရန် ပျူစောထီးနှင့် စစ်သားများပူးပေါင်းကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယမန်နေ့ (ဩဂုတ်လ ၅ ရက်)ကလည်း မြင်းခြံမြို့အရှေ့ဘက် ၅ မိုင်ခန့်အကွာရှိ သမုန်းကိုင်းရွာတွင် တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အပြင်းအထန်ပစ်ကူပေးခဲ့သည်ဟုလည်း အဆိုပါ အမျိုးသားက ပြောသည်။
“မြင်းခြံနဲ့နွားထိုးနဲ့ ချုပ်စပ်ရွာတွေပေါ့။ နယ်စပ်ရွာလိုမျိုးတွေပေါ့။ အဲ့ဒါမျိုးဆိုတော့ စစ်တပ်ဘက်က ရွေးကောက်ပွဲ လုပ်ချင်တော့ကြတော့ မြင်းခြံအရှေ့ဘက်က နယ်မြေတွေကို သူတို့သိမ်းလို့ရတယ်ဆိုရင် သူတို့ရဲ့ နိုင်ငံရေးအရလည်း အဆင်ပြေသွားမယ်ထင်ပြီးတော့ ဒီဘက်ကို စစ်ကြောင်းတွေ အားချင်းဖိထိုးတယ်။ အင်အားကတော်တော်များတယ်” ဟု ၎င်းက ပြောသည်။
မြင်းခြံ၊ နွားထိုး၊ မန္တလေးလမ်းဟောင်းကို ဒေသအခြေစိုက် တော်လှန်ရေးတပ်များ စိုးမိုးထားရာ စစ်တပ်က ထိုလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ရန် ရည်ရွယ်နေပုံရကြောင်းလည်း ၎င်းက ဆိုသည်။
၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း “ ရှမ်းမန်း စစ်ဆင်ရေး” အရှိန်မြင့် နေချိန် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ခရိုင်တပ်ရင်းများ အားကောင်းသည့် မြေပြန့်ဒေသများတွင်လည်း ထိုနှစ် ဩဂုတ် ၁၀ ရက်မှ စတင်ကာ စစ်ကောင်စီတပ်စခန်းများကို “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO)” အမည်ဖြင့် ထိုးစစ်ဆင်ခဲ့ကြသည်။ ထိုစစ်ဆင်ရေးအတွင်းစစ်တပ်၏ အခြေစိုက်စခန်းနှင့် ကင်းစခန်းများစွာကို တိုက်ခိုက်ခဲ့သည်။



