သတင်း

မိုးကုတ်- နောင်ချိုလမ်း ဟိုခိုရွာအနီး စစ်တပ်ထိုးစစ်ရောက်လာ၊ လူငါးထောင်ကျော် ထွက်ပြေးနေရ

နောင်ချို၊ ပြင်ဦးလွင်တို့မှတဆင့် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းများသည် မြောက်ဘက်သို့ ထိုးဖောက်နေရာ မိုးကုတ်မြို့မှ မိုင် ၅၀ ကျော်၊ ကားဖြင့်သွားပါက နှစ်နာရီခရီးအကွာအဝေးအထိ ရောက် လာသည်။

ကမ္ဘာကျော် ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်များထွက်ရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်တပ်က မြေပြင်ထိုးစစ်၊ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများသုံး၍ ထိုးစစ်ဆင်နေရာ မိုးကုတ် – နောင်ချိုလမ်းပေါ်ရှိ ဟိုခိုကျေးရွာအနီး ရောက်ရှိလာကာ တိုက်ပွဲများဖြစ်နေသောကြောင့် လူ ငါးထောင်ဝန်းကျင် ထွက်ပြေးသည်ဟု ဒေသခံများက ပြောသည်။ 

မိုးကုတ်မြို့တောင်ဘက်၊ ၅၆ မိုင်ကျော်အကွာ ကားဖြင့်သွားပါက နှစ်နာရီ ခရီးသာဝေးပြီး ရဲဘက်စခန်း ပါရှိသော နောင်ချိုမြို့နယ်၊ ဟိုခိုရွာ၏ သုံးမိုင်အကွာ ဟိုခဲရွာအနီး စစ်တပ်က ရောက်လာသည်၊ ဟိုခဲနှင့် ဟိုခိုရွာသို့ နေ့စဉ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ရွာခံများနှင့် အဆိုပါရွာတွင် လာရောက်တိမ်းရှောင်နေသော စစ်ဘေးဒုက္ခသည်များ အပါ အဝင် လူဦးရေ ငါးထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်။

စစ်ကောင်စီတပ်သည် မြေပြင် အင်အားအလုံးအရင်း ထိုးစစ်ဆင်အပြင် မကြာသေးခင်ကမှ ၎င်းတို့ ပြန်သိမ်းခဲ့သည့် သုံးဆယ်ရွာတွင် အထိုင်ချကာ အမြောက်များဖြင့် နေ့စဉ်ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံ တို့က ဆိုသည်။

“စစ်တပ် စစ်ကြောင်းလည်း နီးလာတယ်။ လက်နက်ကြီးလည်း နေ့တိုင်းကျတယ်ဗျာ။ ကလေးတွေနဲ့ မိသားစုလုံခြုံရေးအတွက် အားလုံး ရှောင်ကြပြီ။ ရွာမှာ လူမရှိသလောက် ဖြစ်သွားပြီး” ဟု ဟိုခိုရွာခံ တစ်ဦးက ပြောသည်။

ဟိုခိုရွာတွင် မြောက်ရွာနှင့်တောင်ရွာဟု ရှိပြီး နှစ်ရွာပေါင်း လူဦးရေ သုံးထောင်ကျော် နေထိုင်သည်။

TNLA နှင့်စစ်တပ်ကြား နောင်ချိုမြို့တိုက်ပွဲများသည် တစတစကျယ်ပြန့်လာသောကြောင့် အစောပိုင်း ကာလများတွင် မိုးကုတ်မြို့တက်ရာ လမ်းခွဲအနီးမှ ဆမ္မဆယ်၊ အုမ္မသီး၊ ကြူအင်း စသည့်ရွာများမှ  ဒုက္ခသည် နှစ်ထောင်နီးပါးသည် မိုးကုတ်မြို့နှင့် ပိုနီးကပ်သော ဟိုခဲ၊ ဟိုခိုရွာများသို့ လာရောက်ခိုလှုံနေကြခြင်းဖြစသည်။ 

လက်ရှိတွင် မိုးကုတ်-နောင်ချိုလမ်းပိုင်းတိုက်ပွဲများ ပိုပြင်းထန်လာကြောင့် ထိုစစ်ရှောင်များသည် ထပ်မံ ထွက်ပြေးနေရသည်ဟု ဒေသခံများထံက သိရသည်။

မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇူလိုင်လ၊ ၂၃ ရက်နေ့တွင် ပြင်ဦးလွင်ဘက်မှ မိုးကုတ်ဘက်သို့တက်သည့် လမ်းခွဲအနီး တည်ရှိသော နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ရွာ အား သိမ်းပိုက်ခဲ့သည်။ 

ဇူလိုင်လ၊ ၂၇ ရက်နေ့တွင် ဆမ္မဆယ်ရွာနှင့်  ဆမ္မဆယ်ရွာ၏လေးမိုင်အကွာရှိ သုံးဆယ်ရွာအား ထပ်မံ သိမ်းပိုက်ကာ မိုးကုတ် –နောင်ချိုလမ်းအတိုင်း ဆက်လက်ထိုးစစ်နေခြင်းဖြစ်သည်။ ဩဂုတ်လ၊ ၃ ရက်နေ့တွင် ဟိုခိုနှင့် ခြောက်မိုင်အကွာ လွယ်ငင်းရွာအား စစ်တပ်က ထိန်းချုပ်ခဲ့ပြီး ဟိုခဲရွာသို့ ဆက်လက်ထိုးစစ်ဆင် နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ပြောသည်။

စစ်တပ်ထိုးစစ်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတပ်ဖွဲ့ဝင်များအား မန္တလေးမြို့မှ ထပ်မံ အင်အား ဖြည့်ထားပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းနှင့်လေကြောင်းပစ်ကူများ အသုံးပြုကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေသည်။ နှစ်ဖက်တိုက်ပွဲတွင်  အင်အားမမျှ၍ စခန်းအချို့ ဆုတ်ခွာပေးရသည်ဟု မြေပြင် တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့က ဆိုသည်။

မိုးကုတ်–နောင်ချိုလမ်းပိုင်းအား ၁၀၂၇ စစ်ဆင်ရေးတွင် TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး (MDY- PDF) တပ်ဖွဲ့တို့ က ပူးတွဲထိန်းချုပ်ထားခြင်း ဖြစ်သည်။ စစ်တပ်၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် အဆိုပါ လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု TNLA ပြောခွင့်ရ လွေးယေဦး က ပြောသည်။

“မိုးကုတ်–နောင်ချိုလမ်းပိုင်းမှာတော့ စစ်ကောင်စီတွေ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာ ရှိပါတယ်။ ကျွန်မတို့ဘက်ကလည်း ခုခံနေတဲ့အခြေအနေ ရှိပါတယ်” ဟု လွေးယေဦးက ဆိုသည်။

ထိုလမ်းပိုင်းတိုက်ပွဲများနှင့် တပ်စခန်းများ လက်လွှတ်ရသည့်အခြေအနေကို TNLA က အသေးစိတ် ပြောဆိုခြင်းမရှိပေ။

စစ်တပ် ဝါဒဖြန့်မီဒီယာများတွင် ဟိုခိုနှင့်ခြောက်မိုင်အကွာ လွယ်ငင်းရွာအား ဩဂုတ်လ၊ ၃ ရက်နေ့တည်းက စစ်တပ်က သိမ်းပိုက်ခဲ့ပြီး ယမန်နေ့တွင် ဟိုခဲရွာရှိ တော်လှန်ရေးတပ်ဖွဲ့ တပ်စခန်းများအား ဆက်လက် ထိုးစစ်ဆင်နေသည်ဟု ဖော်ပြသည်။

မိုးကုတ်–နောင်ချိုလမ်းပိုင်းရှိ စစ်တပ်ထိုးစစ်သည် ဟိုခိုရွာ၊ ဒိုးပင်ရွာ၊ နားခါးရွာအထိ ရောက်နိုင်သည် ဟု ဒေသခံများက ခန့်မှန်းထားကြသည်။

“ဟိုခိုလမ်းခွဲကလည်း အရေးပါတော့ စစ်တပ်က ပြန်ယူမှာပဲ။ နောက်ပြီး အရင်တုန်းက သူတို့တပ်စွဲခဲ့ တဲ့ ဒိုးပင်ရဲစခန်းတို့၊ လုံခံ၊ နားခါးရွာအထိ သူတို့ ဆက်ထိုးသွားနိုင်မယ့် ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီကနေ ကျော်ရင်တော့ မိုးကုတ်အတက်လမ်း ဖြစ်သွားပြီဆိုတော့ ပြောလို့တော့ မရဘူး” ဟု ဆိုသည်။

ဟိုခိုရွာသည် မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ၅၅ မိုင်အကွာတွင်ရှိသည်။ ဒိုးပင်ကျေးရွာအထိ စစ်တပ်က ထိန်းချုပ်နိုင်ပါက တော်လှန်ရေးတပ်များ၏ ထောက်ပို့လမ်းကြောင်းများအား စစ်တပ်က ဖြတ်တောက်နိုင် မည်ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ဟိုခိုရွာအား သိမ်းပိုက်နိုင်လျှင် စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်နှင့် TNLA ထံမှ သိမ်းပိုက်ထားသည့် နောင်ချိုမြို့အား စစ်တပ်က ပိုမိုထိန်းချုပ်ထားနိုင်မည်ဟု စစ်တပ်ထောက်ခံ သူများကလည်း ဝါဒဖြန့် နေသည်။

၁၀၂၇ စစ်ဆင်ရေး မတိုင်မီ ၂၀၂၃၊ နှစ်ဆန်းပိုင်းတွင် ဟိုခိုလမ်းခွဲနှင့် ဒိုးပင်ရဲစခန်းများအား စစ်တပ်က ထိန်းချုပ်ထားပြီး တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါနေရာများအား မကြာခဏ ဝင်ရောက်တိုက်ခိုက် လေ့ရှိသည်။

အလားတူ မိုးကုတ်မြို့ အနောက်ဘက် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကိုလည်း စစ်တပ်က ပြန်သိမ်းထား ရာ မိုးကုတ်ကို အနောက်နှင့်တောင်ဘက်မှ စစ်ကြောင်းထိုးနိုင်သည်ဟု ဒေသခံများက ယူဆနေကြရာ တောင်ဘက် နောင်ချိုဘက်မှလာသော စစ်ကြောင်းများသည် ပိုမိုနီးကပ်လာသည်။ 

မိုးကုတ်-နောင်ချိုလမ်း စစ်ရေးအခြေအနေပြမြေပုံ။

ကျောက်မဲမြို့ကို ပစ်ခတ် 

နောင်ချိုမြို့အား သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် မိုးကုတ်– နောင်ချိုလမ်းပိုင်းအပြင် TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့အား မြေပြင်ထိုးစစ်ဆင်ရန် နောင်ချိုမြို့နှင့် ၁၆ မိုင်အကွာရှိ နောင်ပိန်ရွာ၊ ဂုတ်တွင်း လမ်းပိုင်းများ၊ ရွာများအား လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ၊ ၂၀ ရက်နေ့မှ စတင်၍ နောင်ပိန်ရွာ၊ ပင်တိန်ရွာ၊ ဇီးပင်ရွာများအား လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေရာ ကိုရင်တစ်ပါးနှင့် နောင်ချိုမြို့မှ စစ်ဘေးတိမ်းရှောင်ရန်လာသည့် အရပ်သားလေးဦး စုစုပေါင်း ငါးဦး သေဆုံးခဲ့သည်။

စစ်တပ်၏ လက်နက်ကြီးရန်ကြောင့် နောင်ပိန်၊ ပင်တိန်၊ ပင်တီးရွာမှ ကျေးရွာသားများ၊ ကျောက်မဲမြို့သို့ စစ်ဘေးတိမ်းရှောင်ရန်လာသည့် ဒုက္ခသည် နှစ်သောင်းဝန်းကျင်သည် ရှမ်းပြည်တောင်ပိုင်းနှင့် နီးစပ်ရာရွာများသို့ ထပ်မံတိမ်းရှောင်နေကြရသည်ဟု နောင်ပိန် ကျေးရွာသားများက ပြောသည်။

ယခုရက်ပိုင်းတွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများ အနည်းငယ်လျော့နည်းသော်လည်း ဒေသခံများ နေအိမ်သို့ မပြန်ရဲကြသေးဟု ဆိုကြသည်။

“ရွာထဲတော့ လက်နက်ကြီး ကျတာ မရှိတော့ဘူး။ ဒါပေမယ့် နောင်ပိန်လမ်းခွဲမှာတော့ ခဏခဏကျ လာနေတုန်းပဲ။ အိမ်တော့ မပြန်ရဲကြသေးဘူး” ဟု နောင်ပိန်ကျေးရွာသားတစ်ဦးက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့ပေါင်း ၁၂ မြို့အား TNLA က သိမ်းပိုက်ထားသည်။

တရုတ်ကြားဝင်မှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့ ဆွေးနွေးပွဲတွင် စစ်တပ်က မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များအား ပြန်ပေးရန် တောင်းဆိုရာ TNLA ဘက်က လက်မခံ၍ စစ်တပ် က နောင်ချိုကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ 

TNLA ထိန်းချုပ်သည့် မြို့များအားလည်း နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် လျှက်ရှိသည်။

ဇွန်လ၊ ၁ ရက်နေ့ မှ ဇူလိုင်လ၊ ၃၁ ရက်နေ့အထိ နှစ်လတာအတွင်း စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုင်းလုံ၊ ကွတ်ခိုင်မြို့များမှ အရပ်သား ၃၁ ဦး သေဆုံးခဲ့ပြီး ၈၀ ကျော် ဒဏ်ရာရခဲ့သည်ဟု TNLA စာရင်းများအရ သိရသည်။ 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ် (TNLA) က တရုတ်အစိုးရဖိအားဖြင့် ယခုလကုန်တွင် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ယနေ့ (ဩဂုတ်လ၊ ၅ ရက်နေ့)၊ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

TNLA ပြောသော တရုတ်ဖိအား

တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့်  တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး TNLA အနေဖြင့် အရပ်သားထိခိုက်မှုများ ကာကွယ်ရေး၊ ကူးသန်းသွားလာရေးနှင့် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေးအပါအဝင် ကိစ္စရပ်များအား တောင်းဆိုသွားမည်ဟု ယနေ့ ဆိုသည်။

“ တရုတ်အစိုးရရဲ့ပါဝင်မှု၊ တရုတ်အစိုးရဖိအားက တောက်လျှောက်ရှိပါတယ်။ လတ်တလောမှာလည်း ကျွန်မတို့သည် ဒီလိုမျိုး တိုက်ပွဲတွေကို မဖော်ဆောင်ဖို့ တရုတ်အစိုးရဘက်က ဖိအားပေးတာတွေ ရှိပါတယ်။ တကယ်လို့ တရုတ်အစိုးရက တွေ့ဆုံပွဲတွေ ခေါ်တယ်၊ ဆွေးနွေးပွဲတွေ ခေါ်တယ်ဆိုရင် တရုတ် အစိုးရရဲ့ဖိအားကို မလွန်ဆန်နိုင်လို့ သွားတာမျိုးရှိတယ်။ တွေ့ဆုံဆွေးနွေးပွဲကိုလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်က အတင်းအကျပ်တောင်းဆိုပါက ဆွေးနွေးပွဲရလဒ်လည်း မထွက်နိုင်ကြောင်း ၊ ဆွေးနွေးပွဲ တစ်နည်းတစ်ဖုံ ပြောင်းလဲနိုင်သလို ယတိပြတ် ပြောဖို့လိုသေးကြောင်း ၎င်းက ဆက်ပြော သည်။

နောင်ချိုမြို့ကို လက်လွှတ်ရပြီးနောက် TNLA ထိန်းချုပ်သည့် မိုးကုတ်၊ သီပေါ၊ ကျောက်မဲမြို့များကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်နေရာ TNLA အနေဖြင့် စစ်ရေးဖိအားနှင့် တရုတ်နိုင်ငံဖိအားတို့ကို တပြိုင်တည်း ရင်ဆိုင် နေရသည်။

ယခုနှစ် ဧပြီ ၂၁ ရက်နေ့က ပြုလုပ်သော တရုတ်၏ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာနက လားရှိုးမြို့အရေး တရုတ်နိုင်ငံ၏ စွက်ဖက်မှုများရှိနေသည်ဟု မေးမြန်းချက်အပေါ် အခြားနိုင်ငံ၏ ပြည်တွင်းရေး မစွက်ဖက်ရေးမူဝါဒအား လိုက်နာ၍ အိမ်နီးချင်းနိုင်ငံကို ကူညီပံ့ပိုးပေးမှုများ ဆောင်ရွက် ပေးခြင်းသာဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ထားသည်။

နောင်ချိုလက်လွှတ်ရခြင်းအပေါ် TNLA အနေဖြင့် သင်ခန်းစာယူ၍ အားနည်းချက်များကို သုံးသပ်ပြီး  ပြင်ဆင်ဆောင်ရွက်သွားခြင်းများရှိကြောင်း  TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

နောင်ချိုကို စစ်တပ်က ပြန်ရသွားသည့်အပေါ် TNLA အနေဖြင့် နယ်မြေစိုးမိုးမှုများကို အဓိကထားသောကြောင့် တိုက်ပွဲများတွင်  တပ်များဖြန့်ကျက်မှုနည်းသွား၍ နယ်မြေအချို့ လက်လွှတ်လိုက်ရသည်။ တိုင်းရင်းသား အဖွဲ့အချို့နှင့် ပြေလည်မှု မရှိခဲ့သောကြောင့် တိုက်ပွဲဖြစ်ချိန်တွင် မဟာမိတ်အားနည်းခဲ့သည်ဟု TNLA အပေါ် စွပ်စွဲချက်များရှိခဲ့သည်။

အဆိုပါ စွပ်စွဲချက်များအပေါ် မှတ်ချက်ပြုစရာမရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

“ ဘာမှ မှတ်ချက်ပြုစရာမရှိပါဘူး။ အားသာချက် ၊ အားနည်းချက်တွေကို ပြုပြင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” 

နောင်ချို- မိုးကုတ်လမ်း တိုက်ပွဲပြင်းထန်နေကြောင်း ၊ စစ်တပ်ဘက်က ထိုးစစ်ဆင်မှုများ ရှိနေကြောင်း၊ တော်လှန်ရေးရည်မှန်းချက်တူညီသည့် မဟာမိတ်များနှင့် ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ တိုက်ပွဲတွေကတော့ တောက်လျှောက်ဖြစ်နေပါတယ်။ တိုက်ပွဲပြင်းထန်နေပါတယ်။ လိုအပ်တဲ့စစ်ရေး ပြင်ဆင်မှုတွေ ရှိပါတယ်။ စစ်ရေးဗျူဟာကတော့ မပြောကြားလိုပါဘူး။ အတတ်နိုင်ဆုံး အရပ်သားတွေ ကို အကာကွယ်ပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေတာ ရှိပါတယ်။  အရပ်သားတွေကို ကာကွယ်နိုင်ဖို့ လုပ်နေတာတွေ ရှိပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုသည်။

ဧပြီလ၊ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့စဉ် မန္တလေး-လားရှိုး ကုန်သွယ်ရေးလမ်းမ ပေါ်ရှိ သီပေါ၊ နောင်ချို၊ ကျောက်မဲနှင့် မြန်မာပြည် အလယ်ပိုင်းသို့ ထိုးဖောက်နိုင်မည့် မိုးကုတ်၊ မိုးမိတ် မြို့များကို ပြန်ပေးရန်နှင့် စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ရေးဆွဲ ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသတ်မှတ်ထားသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော မန်တုံနှင့် နမ့်ဆန်မြို့နယ် များသို့ ဆုတ်ခွာပေးရန် အာဏာသိမ်းစစ်တပ်က TNLA ကို တောင်းဆိုထားသည်။

စစ်ကောင်စီ တောင်းဆိုချက်ကို TNLA က ငြင်းဆန်ခဲ့ပြီး နောက်တစ်ကြိမ် ဩဂုတ်လတွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီနှင့် TNLA တို့၏ တွေ့ဆုံဆွေးနွေးမှုမှာ ယခုနှစ် ဖေဖော်ဝါရီလမှ စတင်သော်လည်း ယနေ့ အထိ သဘောတူညီမှုများ မရသေးပေ။

လတ်တလောတွင် စစ်ကောင်စီနှင့် အပစ်ရပ်မှု ဆွေးနွေးထားသည်မှာ မြောက်ပိုင်း သုံး ဖွဲ့အနက် ကိုးကန့်တပ် (MNDAA) တစ်တပ်သာရှိပြီး   ပြည်နယ်မြောက်ပိုင်း၏မြို့တော် လားရှိုးမှ ဆုတ်ခွာပေးလိုက်ရသည်။

စစ်ကောင်စီက ကျန်မြောက်ပိုင်းအဖွဲ့ဝင် နှစ် ဖွဲ့ဖြစ်သော အာရက္ခတပ်တော် (AA) နှင့် တအာင်းတပ် (TNLA) တို့အနက် လတ်တလောတွင် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်ဒေသများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်နေသည်မှာ ၎င်းတို့တစ်ဖွဲ့သာရှိသည်ဟု TNLA က ပြောသည်။ 

၂၀၂၃၊ အောက်တိုဘာလက စတင်သည့် “ ၁၀၂၇ စစ်ဆင်ရေး” နှစ်ကြိမ်အတွင်း TNLA က မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းမြောက်မှ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် နမ့်ဆန်မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး TNLA က ၎င်းတို့ထိန်းချုပ်နယ်မြေအဖြစ် အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေသည်။

TNLA အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောအုပ်တစ်ခုတွင် စစ်ရေးလေ့ကျင့်နေသည်ကို ၂၀၂၃၊ မတ်လ၊ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
TNLA အဖွဲ့ဝင်များ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောအုပ်တစ်ခုတွင် စစ်ရေးလေ့ကျင့်နေသည်ကို ၂၀၂၃၊ မတ်လ၊ ၈ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ – AFP)

Related Articles

Back to top button