သတင်း

KIA ဌာနချုပ် လိုင်ဇာတွင်ရေကြီးမှုကြောင့် သေဆုံးသူ ၆ ဦးအထိရှိလာ၊ အိမ်ခြေ ၄၆၀ ကျော်ပျက်စီး

ကချင်လွတ်လပ်ရေးတပ်(KIA)ဌာနချုပ်ရှိရာ ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးရှိ လိုင်ဇာမြို့တွင် ဩဂုတ်လ၊ ၄ ရက်က ရုတ်တရက် ချောင်းရေမြင့်တက်ကာ ရေကြီးခဲ့သောကြောင့် ဒေသခံခြောက်ဦး သေဆုံးခဲ့ပြီး စစ်ရှောင်စခန်းအချို့ အပါအဝင် ဒေသခံနေအိမ် ၄၆၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်(KIA)ဌာနချုပ်ရှိရာ ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးရှိ လိုင်ဇာမြို့တွင် ဩဂုတ်လ၊ ၄ ရက်က ရုတ်တရက်  ချောင်းရေမြင့်တက်ကာ ရေကြီးခဲ့သောကြောင့် ဒေသခံခြောက်ဦး သေဆုံးခဲ့ပြီး စစ်ရှောင်စခန်းအချို့ အပါအဝင် ဒေသခံနေအိမ် ၄၆၀ ခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ၊ ၄ ရက်က တရုတ်နယ်စပ်မျဉ်းတလျောက်ရှိ မုန်လိုင်ခက်ချောင်းရေ ရုတ်တရက်မြင့်တက်လာပြီး  လိုင်ဇာမြို့မြောက်ဘက် ခြောက် မိုင်ခန့်အကွာတွင်ရှိသည့် ဂျေယန် (Je Yang) စစ်ရှောင်စခန်းအပါအဝင် ဖွန်လွမ်ယန်( Hpum Lum Yang) စစ်ရှောင်စခန်း၊ ဂျာထူကောင်း (Jahtu Kwang) စစ်ရှောင်စခန်း၊ မုန်ဆိုင်ယန် (Mung Seng Yang) ကျေးရွာနှင့် အခြားကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

ရေကြီးမှုကြောင့် ဖွန်လွမ်ယန်စစ်ရှောင်စခန်းမှ ကားသမားသုံးဦးနှင့် မုန်ဆန်ယန်ကျေးရွာမှ သုံးဦးဖြစ်သည်ဟု သိရသော်လည်း အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးကြောင်း ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဒေသခံခြောက်ဦးသေဆုံးကြောင်းကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြီး ပျက်စီးမှုနှင့် အခြားအသေးစိတ်အခြေအနေများကို ကယ်ဆယ်ရေးလုပ်ငန်းများ မပြီးဆုံးသေးသည့်အတွက် အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ထို့အပြင် မုန်လိုင်ခက်ချောင်းရေစီးပြင်းထန်မှုကြောင့် စစ်ရှောင်စခန်းများအပြင်  မုန်လိုင်ခက်တံတား၊ လဂျားယန်တံတား၊ နားလုံနှင့် ဘန်ဆိုင်းလမ်းမှ တံတားအသေး ခုနစ် ခု ပျက်စီးသွားကြောင်း KIA ပြန်ကြားရေးသတင်းဌာန Alen Yang TV  ကို ကိုးကားပြီး Kachin News Group သတင်းဌာနက ယနေ့ ရေးသားထားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် အိမ်ခြေ ၇၀ နီးပါးရှိသည့် ဂျာထူကောင်စစ်ရှောင်စခန်းတစ်ခုလုံးနီးပါ ပျက်စီးနစ်မြုပ်ခဲ့ပြီး အခြားစစ်ရှောင်စခန်းတွေလည်း နေအိမ်အများစု ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်ဟု ဂျေယန်စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အများဆုံးနစ်မြုပ်သည့် စခန်းမှာ ဂျေယန်စစ်ရှောင်စခန်းဖြစ်ပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် အဆိုပါ စစ်ရှောင်စခန်းတွင် မုန်လိုင်ခက်ချောင်းအနီးတွင်ရှိသည့် စစ်ရှောင်ရပ်ကွက်(၈)နှင့် (၉)မှ အိမ်ခြေအားလုံးနီးပါး နစ်မြုပ်ခဲ့ပြီး ခန့်မှန်းခြေ အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“ဖွန်လွမ်ယန်ကလည်း အားလုံးနီးပါးပါသွာတယ်။ ပြီးတော့ ကျွန်မတို့ ဂျေယန်က ရပ်ကွက်(၈)နဲ့ ရပ်ကွက်(၉)က တစ်ရပ်ကွက်လုံးပါသွားပါတယ်ရှင့်” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

ယနေ့နံနက်တွင် မုန်လိုင်ခက်ချောင်းရေအနည်းငယ် မြင့်တက်ခဲ့သော်လည်း မွန်းတည့်ချိန်တွင် ပြန်ကျသွားသည်ဟု သိရသည်။

လတ်တလောတွင် KIO အုပ်ချုပ်ရေးဌာနက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်နေသည်ဟု ထုတ်ပြန်ထားသည်။

ဂျေယန်စစ်ရှောင်စခန်း၊ ဖွန်လွမ်ယန်စစ်ရှောင်စခန်းနှင့် မုန်ဆိုင်ယန်စစ်ရှောင်စခန်းတို့သည် ၂၀၁၁ ခုနှစ်၊ စစ်တပ်နှင့် KIA တို့ ၁၄ နှစ်ကြာ အပစ်အခတ်ရပ်စဲပြီးနောက် ပြန်လည်ဖြစ်ပွားသည့် တကျော့ပြန်စစ်ပွဲကြောင့် တိမ်းရှောင်နေရသည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်။

၂၀၁၁ ခုနှစ်မှ စတင်သည့် တကျော့ပြန်စစ်ပွဲ အရှိန်မသေသေးမီမှာပင် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာခဲ့ပြီး ယနေ့အထိ ဗန်းမော်၊ ဖားကန့်နှင့် အချို့မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်။

Related Articles

Back to top button