သတင်း

စစ်ကြောင်းဝင်နေသော ပေါက်မြို့နယ်တွင် လူတစ်သောင်းကျော် စစ်ရှောင်ရ

ပခုက္ကူ -မင်းတပ်လမ်းအတိုင်း အင်အား တစ်ထောင်ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ကြောင့် ရွာ ၁၇ ရွာမှ လူတစ်သောင်းကျော် ထွက်ပြေးနေရပြီး စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား ၁၀ ဦးထက်မနည်း ရှိလာသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်က မြေပြင်စစ်ကြောင်းထိုးနေသည်မှာ နှစ်လနီးပါးရှိလာချိန် သေဆုံးသူ ၁၀ ဦး ထက်မနည်းရှိခဲ့ပြီး ရွာ ၁၇ ရွာမှ လူတစ်သောင်းနီးပါး ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု စုံစမ်းသိရှိရသည်။ 

ပြီးခဲ့သည့် မေလ၊ ၂၅ ရက်နေ့မှ စ၍ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) မှ အင်အား ၁,၀၀၀ ဝန်းကျင်သည် လက်နက်နှင့်ရိက္ခာ တင်ထားသော စစ်ယာဉ်တန်းများဖြင့် ပခုက္ကူ-ပေါက်-မင်းတပ်လမ်းအတိုင်း ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသည်။

ယင်းနောက် စစ်တပ်၏ စစ်ကြောင်းထိုးမှုနှင့် အတူ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူများ၏ အမည်နှင့်အချက်လက်များကို စာရင်းနှင့်အတိအကျ ထုတ်ပြန်သွားမည်ဟု သူက ဆိုသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ပခုက္ကူမြို့နှင့် ပေါက်မြို့သည် ၄၅ မိုင်ခန့်သာ ကွာဝေးပြီး ပခုက္ကူ-မင်းတပ် လမ်းအတိုင်း ကားဖြင့်သွားပါက နှစ်နာရီနီးပါးသာကြာမြင့်သည်။ ထိုလမ်းပိုင်းသည် ချင်းပြည်နယ်သို့ ဝင်ရောက် ရာလမ်းကြောင်း တစ်ခုလည်း ဖြစ်သည်။ 

အဆိုပါစစ်ကြောင်းသည် ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုးရန် တက်လာခြင်း ဟုတ်မဟုတ် ချင်းတော်လှန်ရေး အဖွဲ့များကလည်း စောင့်ကြည့်နေသည်ဟု  ချင်းအဖွဲ့များနှင့် နီးစပ်သော ဒေသခံတစ်ဦးက ပြောသည်။ 

သို့ရာတွင် စစ်ကောင်စီတပ်သည် စစ်ကြောင်းထိုးရာ လမ်းတစ်လျောက် ရွာမီးရှို့ခြင်းနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို ခံရခြင်းကြောင့် မိုင် ၄၀ ကျော်ခရီးကို နှစ်လ နီးပါးကြာမြင့်နေပြီး ပေါက်နှင့် ကမ္မမြို့ကြားတွင်သာ ရှိနေသည်။

ယခုလဆန်းတွင် ပခုက္ကူမြို့၊ အနောက်မြောက်ဘက်၊ ပေါက်မြို့နယ်၊ အရှေ့ ခြမ်းကျေးရွာများအနီးတွင် မြေပြင် စစ်ကြောင်းထိုးနေသည့်  စစ်ကောင်စီတပ်သည် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အပြင် လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်မှုများကိုပါ ပြုလုပ်နေသည်ဟု  ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။  

ဩဂုတ်လ၊ ၄ ရက်နေ့နှင့်  ၅ ရက်နေ့ တို့တွင် ဆယ်ဝရွာ၊ ပင်တောင်ရွာ၊ ကင်းမ၊ စသည့် ကျေးရွာများကို Y12 အမျိုး အစား ထောက်ပို့လေယာဉ်ဖြင့် ဗုံးသီး ၃၀ လုံးထက် မနည်းကြဲချခဲ့ပြီး ဆယ်ဝရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းဖြစ်နေတယ်၊ နှစ်ကြိမ်တောင်ရှိသွားပြီ” ဟု ယနေ့ (ဩဂုတ်လ၊ ၅ ရက်နေ့) နံနက်၊ ၁၁ နာရီအချိန်တွင်  ၎င်းက ပြောသည်။

ယမန်နေ့ (ဩဂုတ်လ၊ ၄ ရက်) မီးရှို့ခံရသည့် ဆယ်ဝရွာသည် ပေါက်မြို့အရှေ့ဘက်၊ ၁၇ မိုင်ခန့်သာ ကွာဝေးပြီး အိမ်ခြေ ၁၅၀ ကျော်နှင့် ဒေသခံ ၅၅၀ ကျော် နေထိုင်သော ကျေးရွာဖြစ်သည်။

-ဩဂုတ်လ၊ ၄ ရက်နေ့က ဆယ်ဝရွာဘက်မှ မီးခိုးများ။ (ဓာတ်ပုံ- Ko La Yaung)

ပခုက္ကူခရိုင် ပေါက်မြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့် ဒေသဖြစ်ပြီး ချင်းဒေသနှင့် ချိတ်ဆက်နေရာ ယခင်ကတည်းကပင် စစ်တပ်က လေကြောင်းဗုံးဖြင့် မကြာခဏ တိုက်ခိုက်လေ့ရှိသည်။

“ဒေသခံပြည်သူတွေက ရှောင်ပြီးထားပြီ၊ လက်နက်ကြီးကလည်း နေ့စဉ်ရက်ဆက် ၊ လက်နက်ကြီးပစ်ကူကလည်း ရပ်ရွာတွေထိ ကျတာဆိုတော့ ကြာပြီဗျ၊ ပြည်သူတွေ ရှောင်နေတာ၊ နှစ်လနီးပါးရှိပြီ မရှောင်ခင်ကတော့ သေဆုံးတာမျိုးတွေ ရှိပါတယ်”ဟု ပေါက် ပကဖ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် ပေါက်မြို့နယ်အရှေ့ခြမ်း ဆယ်ဝ၊ ပျဉ်းချောင်း၊ ထန်းတောကုန်းကျေးရွာများ အပါအဝင် ပေါက်-ပခုက္ကူ လမ်းပိုင်းပေါ်ရှိ ကျေးရွာ ၁၇ ရွာမှ လူဦးရေ တစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း ပေါက် ပကဖ ထံက သိရသည်။

အဆိုပါစစ်ကြောင်းကို ခုခံတိုက်ခိုက်ရန် စောင့်နေရချိန်သည် မိုးတွင်းကာလ ဖြစ်၍ ရှေ့တန်းစစ်ပြေပြင်၌ လူအစားထိုးလဲရန် အချိန်မရရှိဘဲ လနှင့်ချီနေထိုင်ရပြီး ရာသီဥတုဒဏ်ကြောင့် ရဲဘော်များသည် ကျန်းမာရေး ထိခိုက်မှုများ ကြုံတွေ့ခဲ့ရကြောင်း ပကဖ တာဝန်ရှိသူ အမျိုးသားက ဆိုသည်။

“အဝတ်အစားအပိုမပါ၊ ယူနီဖောင်း အပိုမပါတော့ နေပူပူ၊ မိုးရွာရွာ စောင့်ရတော့ ကျန်းမာရေး အခြေအနေ ဆိုးတာနဲ့ ရင်ဆိုင်ရတယ်” ဟု  သူက ဆက်ပြောသည်။

ပေါက်မြို့နယ်တွင် စစ်ရေးပြင်းထန်နေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်တပ်စစ်ကြောင်းအနီး မနေထိုင်ကြရန်နှင့် စစ်ရေးအသိနှင့် သတိရှိရန် ၊ ပုန်းခိုကျင်းများတူးရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

ပေါက်မြို့နယ်သည် အရှေ့ဘက်တွင် ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်တို့ တည်ရှိပြီး တောင်ဘက်တွင် ဆိပ်ဖြူ မြို့နယ်နှင့် ထိစပ်လျက်ရှိသည်။ 

ပေါက်မြို့တွင် မြို့ပေါ် ရပ်ကွက် လေး ခုရှိပြီး ကျေးရွာအုပ်စု ၇၁ အုပ်စုရှိကာ ကျေးရွာပေါင်း ၂၃၅ ရွာရှိကြောင်း အထွေထွေအုပ်ချုပ်ဦးစီးဌာန စာရင်းများအရ သိရသည်။ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ပေါက်မြို့နယ်တွင် နေထိုင်သည့် လူဦးရေ နှစ်သိန်းကျော်ရှိသည်။

ဇူလိုင်လ၊ ၃၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်သည် နိုင်ငံအနှံ့မှ တော်လှန်ရေး အားကောင်းသည့်မြို့နယ် များအနက် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ မကွေးတိုင်းအတွင်း ပေါက်မြို့နယ်  ပါဝင်သည်။

ပေါက်မြို့နယ် စစ်ကြောင်းအခြေအနေပြမြေပုံ။

Related Articles

Back to top button