စစ်အာဏာရှင်ဟောင်းသန်းရွှေလက်ထက်၊ ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ၊ အသက် ၇၄ နှစ်အရွယ် စစ်ဗိုလ်ချုပ်ဟောင်း၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် အာရုံကြောရောဂါကို တစ်နှစ်ကျော်ကြာ ခံစားရပြီး နောက် ယနေ့ (ဩဂုတ်လ၊ ၇ ရက်) နံနက်တွင် စစ်ဆေးရုံ၌ ကွယ်လွန်သွားသည်ဟု သိရသည်။
ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက်၊ ၈ နာရီ ၂၈ မိနစ်တွင် အမှတ် (၂ ) တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ တွင် ကွယ်လွန်သည်၊ နိုင်ငံတော်ဈာပနအဖြစ် ကျင်းပသွားမည်ဟု အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ ဩဂုတ်လ၊ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းကြောင်းအထိမ်းအမှတ်ကာလအဖြစ် သတ်မှတ်ကာ နိုင်ငံအလံအား တိုင်ဝက်လွှင့်ထူသွားရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
၁၉၅၁ ခုနှစ်တွင် မွေးဖွားပြီး ၁၉၇၁ ခုနှစ်၊ အသက် ၂၀ အရွယ်တွင် စစ်တက္ကသိုလ် အပတ်စဉ် (၁၅) တက် ရောက်ခဲ့သူ အသက် ၇၀ ကျော်အရွယ် ယာယီသမ္မတ ဦးမြင့်ဆွေသည် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းမှစ၍ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းသည့်ရောဂါ ( Parkinson’s Disease) ကို ခံစားခဲ့ပြီး ဆေးကုသမှုများ ခံယူခဲ့ရသည်။
ထို့နောက် ၎င်း၏ ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိသည်ဟု ဩဂုတ်လ၊ ၅ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် ယနေ့တွင် ကွယ်လွန် သွားခြင်းဖြစ်သည်။
စစ်ကော်မရှင်၏ ဩဂုတ်လ၊ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ၂၀၂၄ ၊ ဧပြီလအတွင်း စင်ကာပူနိုင်ငံတွင် လည်းကောင်း၊ မေလအတွင်း အမှတ် (၂) ၊ တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) တွင်လည်းကောင်း ဆေးကုသမှုများခံယူခဲ့သည်၊ အထူးဆေးကုသမှုအဖွဲ့ဖြင့် ဆက်လက်ကုသခဲ့သော်လည်း တိုးတက် ကောင်းမွန်လာခဲ့ခြင်းမရှိဟု ဖော်ပြထားသည်။
၂၀၂၅၊ ဇူလိုင်လတွင် ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာမစားနိုင်ခြင်း ၊ အဖျားတက်ခြင်း ၊ ဦးနှောက်နိုးကြားမှု မရှိခြင်းတို့ကြောင့် ဇူလိုင်လ၊ ၂၄ ရက်နေ့ တွင် အမှတ် (၂)၊ တပ်မတော် ဆေးရုံကြီး ခုတင် (၁၀၀၀) တွင် ထပ်မံဆေးကုသမှုခံယူနေချိန်တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
၂၀၁၅၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဆန္ဒမဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် စစ်တပ်က ဒုသမ္မတစ်ဦးကို ရွေးကောက်တင်မြှောက်ရာတွင် သဘောထားတင်းမာသူ ဟု အများက ယူဆကြသည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးမြင့်ဆွေကို ရွေးချယ်ခဲ့သည်။
ဦးမြင့်ဆွေသည် စစ်တပ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ စစ်ရာထူး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀၊ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသည်။
၂ဝ၁၅၊ လဆန်း၊ ရန်ကုန်မြို့တော်ခန်းမရှေ့ကျောင်းသား ဆန္ဒပြပွဲ တစ်ခုကို လက်ပတ်နီဝတ် စွမ်းအားရှင် များအသုံးပြုပြီး ရိုက်နှက်ခဲ့ခြင်းသည် ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည့် အတွက် အပြင်းအထန်ဝေဖန်ခံရခဲ့ရသူ ဖြစ်သည်။

ထို့ပြင် ၎င်း ရန်ကုန်တိုင်းမှူး တာဝန်ယူခဲ့စဉ်ဖြစ်ပွားခဲ့သည့် ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဆန္ဒပြ သံဃာနှင့် ကျောင်းသား၊ ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းမှာလည်း တာဝန်အရ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု ၂၀၁၃ ခုနှစ်က 7 Day သတင်းမီဒီယာကို ဖြေကြားခဲ့ဖူးသည်။ ထိုသို့ ဆောင်ရွက်ခဲ့ခြင်း အတွက် သေဒဏ်ပေးလျှင်လည်း ခံနိုင်သည်ဟု ၎င်းက ဖြေဆိုခဲ့သည်။
မင်းအောင်လှိုင်၏ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုတွင်လည်း မြင့်ဆွေမှာ ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
စစ်ခေါင်းဆောင်က နိုင်ငံ့အာဏာကို အဓမ္မ သိမ်းပိုက်ရယူလိုက်ပြီးနောက် အရေးပေါ်ကာလအခြေအနေ ကြေညာကာ သက်တမ်းတိုးနေရာတွင် ၎င်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး စစ်ကောင်စီ၏ ခြောက် လတစ်ကြိမ် သက်တမ်းတိုးပွဲများတွင် မြင်တွေ့ရသည်။
၎င်း၏ ကျန်းမာရေးဆိုးဝါးနေကြောင်း ၂၀၂၄ ဇူလိုင်လ ၁၉ ရက်နေ့တွင် စစ်တပ်အာဘော် ပြန်ကြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီး သုံးရက်အကြာ (ဇူလိုင် ၂၂ ရက်နေ့) တွင် ယာယီသမ္မတရာထူးကို စစ်ခေါင်းဆောင်က လွှဲပြောင်းရယူခဲ့သည်။
ထို့နောက် ယခုနှစ်၊ ဇူလိုင်လကုန်အတွင်း စစ်ခေါင်းဆောင်က ရာထူးအပြောင်းအလဲနှင့် အာဏာသိမ်း စစ်တပ်အဖွဲ့အစည်းအမည်များ အပြောင်းအလဲလုပ်ကာ ယာယီသမ္မတအဖြစ် သူ့ကိုယ်သူ ပြန်လည် ခန့်အပ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ဦးမြင့်ဆွေ ကျန်းမာရေးဆိုးဝါးနေကြောင်း ထပ်မံကြေညာခဲ့ သည်။
ထိုသို့ကြေညာအပြီး တစ်ရက်အကြာတွင် ၎င်း ကွယ်လွန်ကြောင်း ကြေညာချက်ထွက်ပေါ်လာခဲ့သည်။




