စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာကို အာဏာသိမ်းတပ် ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဩဂုတ်လ၊ ၄ ရက်နေ့တွင် ထိုရွာနှင့်တစ်မိုင်အကွာသို့ ရောက်ရှိနေကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ချင်းပြည်နယ်နှင့် မကွေးတိုင်း ယောဒေသတို့ကို သွားရောက်ရာ ပုလဲ-ဂန့်ဂေါလမ်းပေါ်ရှိ စစ်ရေးအရ ဗျူဟာကျသော ကန့်ဒေါင့်ကျေးရွာကို ဇွန်လ၊ ၁၉ရက်နေ့တွင် လက်လွှတ်လိုက်ရပြီးနောက် ပြန်လည်ထိန်းချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရွာ၏ အရှေ့ဘက် သုံးမိုင်အကွာ ပျူစောထီးရွာဟုလူသိများသည့် အင်မထီးကျေးရွာဘက်တွင် စခန်းချခဲ့သည့် စစ်တပ်က အင်မထီးရွာအနောက်ဘက်မှ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သည်။ စစ်ကြောင်းထိုးပြီး တစ်လကျော်အကြာတွင် ကန့်ဒေါင့်ကျေးရွာနှင့်တစ်မိုင်ဝန်းကျင်ခန့်အကွာ သာစည်နှင့် ညောင်ရင်းကုန်းရွာများအနီး ရောက်လာသည်ဟု ဒေသခံတို့က ဆိုသည်။
ဒေသတွင်း စစ်ရေးလှုပ်ရှားမှုနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက သြဂုတ်လ၊ ၃ ရက်နေ့ ည ကိုးနာရီခွဲဝန်းကျင်တွင် လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသည်ဟု ဆိုသည်။
“သရက်ကန်ကနေ အခုည လက်နက်ကြီးတွေနဲ့ ဦးနှောက်ရွာဘက်ကို ရမ်းသမ်းပစ်ခတ်နေတာ” ဟု သူက ပြောသည်။
ကန့်ဒေါင့်အရှေ့ဘက်ရှိ မဲဇရပ်၊ ညောင်းရင်းကုန်း၊ တလိုင်းကန်၊ သရက်ကန်ရွာနှင့် တောင်ဘက်ရှိ သာစည်ရွာတို့တွင် အာဏာသိမ်းတပ် စစ်ကြောင်းထိုးနေသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်စွဲထားသည့် သရက်ကန်နှင့် တလိုင်းကန်ရွာများတွင် ယခင်လက တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်က ထိုရွာများထဲ ဝင်ရောက်လာသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့များထံက သိရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်တွင်မူ ညောင်ရင်းကုန်းရွာသို့ အာဏာသိမ်းစစ်တပ်၏စစ်ကြောင်း ဝင်ရောက်လာသည်ဟု ဆိုကြသည်။
ညောင်ရင်းကုန်းရွာမှ စစ်ကြောင်းသည် နောက်တစ်နေ့ နံနက်တွင် အုပ်စုနှစ်စုခွဲကာ တစ်စုက ကန့်ဒေါင့်ရွာ တောင်ဘက် တစ်မိုင်ခန့်အကွာ သာစည်ကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်နိုင်ခဲ့သောကြောင့် လက်ရှိတွင် အနီးကပ် စစ်ဆိုင်ထားသည့် အခြေအနေ ရောက်ရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ ကန့်ဒေါင့်ဘက်မှာက တအားကြီးကပ်နေပြီ။ အင်မထီးအနောက်ဘက်မှာ တစ်တန်းတည်းရှိတဲ့ တလိုင်းကန်၊ သရက်ကန်၊ညောင်ရင်းကုန်းရွာတွေမှာ သူတို့တွေ တပ်ဖြန့်ပြီးနေနေတာ။ ပြန်ဆုတ်မသွားဘူး” ဟု ဒေသခံတော်လှန်ရေးသမားတစ်ဦးက ပြောသည်။
“ကန့်ဒေါင့်မှာက တိုက်ပွဲမဖြစ်ဘူး။ ညောင်ရင်းကုန်းရွာနားမှာတိုက်ပွဲဖြစ်နေတာ။ သူတို့ဘက်က တိုးလာလိုက် တိုက်ပွဲဖြစ်လိုက်ပေါ့။ အဲ့ဒီဘက်ကလည်း တစ်ကြောင်းထိုးတယ်။ သာစည်ရွာဘက် မှာလည်း တစ်ကြောင်း ဝင်နေတယ်”
သို့သော်လည်းအာဏာသိမ်းစစ်တပ်၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများကမူ ပုလဲ-ဂန့်ဂေါ လမ်းမကြီး ပေါ်ရှိ စစ်ရေးအရအချက်အချာကျသည့် ကန့်ဒေါင့်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည် ဟု ဩဂုတ်လ၊ ၂ ရက်နေ့ ကတည်းက ဖော်ပြနေကြသည်။
သရက်ကန်ရွာဘက်မှလက်နက်ကြီးများ ပစ်ခတ်ကာ ရှေ့တိုးရန် ပြင်ဆင်နေသည့် စစ်တပ်ကို ပိတ်ဆို့ပြီး ကန့်ဒေါင့်စခန်းကို ၎င်းတို့ ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်ဟု PLA ပြောရေးဆိုခွင့်ရှိသူက သြဂုတ်လ၊ ၂ ရက်နေ့မှာပင် Myanmar Now ကို ပြောထားသည်။
အင်မထီးရွာ အနောက်ဘက်တွင်ရှိသည့် တလိုင်းကန်၊ သရက်ကန်ရွာများတွင် PLA နှင့် တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်တပ်ဘက်က အကျအဆုံးများကာ အင်မထီးရွာသို့ပြန်ဆုတ်ခဲ့သည်၊ သို့သော်လည်း နောက်ပိုင်းတွင် PLA တပ်များက အဆိုပါရွာများမှဆုတ်ခွာပေးလိုက်ရသည်ဟု PLA ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ပြောသည်။
“နောက်ပိုင်း ကျွန်မတို့ရွာထဲက ဆုတ်ပေးလိုက်ရတဲ့ နောက်ပိုင်းမှာ သရက်ကန်ရွာ မီးရှို့ခံရတယ်။ အဲ့ဒီနေရာတွေမှာ ထိတွေ့တိုက်ပွဲတွေ တောက်လျှောက်ဖြစ်ပြီး နောက်ပိုင်း အင်မထီးကနေ စစ်တပ်က (ကန့်ဒေါင့်နဲ့)တစ်မိုင်ကျော်လောက်နေရာထိ ရောက်လာပြီး တပ်စွဲတယ်ပေါ့။ တစ်ရွာ၊ နှစ်ရွာကျော်လောက် အထိ သူတို့ရောက်လာတာရှိတယ်”
ကန့်ဒေါင့်ဝန်းကျင်အနီးအထိ စစ်တပ်က ရောက်လာသည် ဆိုသော ပြောဆိုချက်များနှင့် ပတ်သက်၍ ပိုမို သိရှိ ဖော်ပြနိုင်ရန် PLA ပြောရေးဆိုခွင့်ရှိသူကို Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
သရက်ကန်ရွာသို့ဝင်ရောက်တပ်စွဲပြီးနောက် အာဏာသိမ်းတပ် ပစ်ခတ်သည့် လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသည်၊ အဆိုပါရွာတွင် နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရသည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။
PLA တပ်ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းကာ ပုလဲမြို့အနောက်ဘက် ၁၁ မိုင်ခန့်အကွာ ကန့်ဒေါင့်ရွာ ရဲစခန်းကို ဇွန် ၂ ရက်နေ့တွင် စတင်တိုက်ခိုက်ရာ ဇွန် ၁၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲသို့ လေကြောင်းပစ်ကူလာသည့် စစ်တပ်၏ F-7 တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်ဟု PLA က ပြောသည်။ စစ်တပ်ကမူ ထိုလေယာဉ်ပျက်ကျခြင်းမှာ စက်ချို့ယွင်းမှုကြောင့် ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။
ထိုရွာသိမ်းနိုင်ရေးတိုက်ခိုက်နေစဉ် နေ့စဉ်နီးပါး လေကြောင်းဗုံးကြဲမှုများကြားမှ တော်လှန်ရေးအင်အားစုများက ခက်ခက်ခဲခဲ တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်တွင် အကျအဆုံးများ ရှိခဲ့သည်။
ကန့်ဒေါင့်ရွာအရှေ့မြောက်ဘက်ငါးမိုင်ခွဲခန့်အကွာရှိ ပျူစောထီးရွာဖြစ်သော ဇီးဖြူကုန်းရွာတွင်လည်း ထိတွေ့တိုက်ပွဲရှိနေသည်။
ပျူစောထီးရွာများအဖြစ် လူသိများသည့် အင်မထီးရွာသည် အိမ််ခြေ ၄၅၀ဝန်းကျင်၊ ဇီးဖြူကုန်းရွာသည် အိမ်ခြေ ၈၀ ကျော် ရှိသည်။
PLA သည် ၂၀၂၁၊ ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး နိုင်ငံရေးအဖွဲ့ ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၏ အသစ်ပြန်ဖွဲ့စည်းလိုက်သော လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
ကန့်ဒေါင့်ရွာစခန်းသိမ်းပြီးနောက်ပိုင်း PLA နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများကြား ပွတ်တိုက်မှုများရှိခဲ့သည်ဟု ပုလဲအခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုက ပြောသည်။

ဗျူဟာကျသော ကန့်ဒေါင့်ရွာ
ပုလဲမြို့နယ်ကန့်ဒေါင့်ကျေးရွာသည် မုံရွာ-ပုလဲ-ဂန့်ဂေါ- ကလေး လမ်းမကြီးပေါ်တွင်ရှိပြီး ဆက်သွယ်ရေး လမ်းပိုင်းတွင် ဗျူဟာကျသည့်အတွက် စစ်တပ်က စစ်အင်အား အလုံးအရင်းသုံးပြီး စခန်းမကျရေးနှင့်ရွာကို လက်မလွှတ်ရရေး ကြိုးစားနေသည်ဟု လေ့လာသူတို့က ဆိုသည်။
စစ်ကိုင်းတိုင်းနှင့်မန္တလေးတိုင်းဘက်မှသည် ချင်းပြည်နယ်အထိ အဓိက ကုန်စည်ဆက်သွယ်ရေး လမ်းပိုင်းတွင် ရှိနေသည်။ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းသည် အာဆီယံလမ်းမကြီးအဖြစ် လူသိများပြီးအိန္ဒိယနိုင်ငံအထိ သွားလာနိုင်သည့်အတွက် ကန့်ဒေါင့်စခန်းမကျရေးသည် စစ်တပ်အတွက်မဟာဗျူဟာအရ အလွန်အရေးပါသည်။
ထို့ပြင် လက်နက်စက်ရုံများဖြစ်သည့် အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၃ သည် ကန့်ဒေါင့်မှအနောက်မြောက်ဘက် မိုင် ၃၀ ကျော်တွင် တည်ရှိပြီး ကပစ- ၂၄ မှာ အနောက်တောင်ဘက် ၃၅ မိုင်ခန့်တွင် တည်ရှိသည်။
စစ်တပ်က နိုင်ငံအနှံ့ ခုခံမှုနှင့် ရင်ဆိုင်ရသည့် ကနဦးကာလများတွင် အဆိုပါ လမ်းပိုင်းကို အားထားပြီး စစ်ကိုင်းတိုင်းမှ မကွေးတိုင်း၊ ဂန့်ဂေါ နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသများသို့ စစ်အင်အားနှင့် ရိက္ခာထောက်ပံ့ခဲ့သည်။
ယင်းသို့ကူးသန်းသွားလာစဉ် မိုင်းဆွဲတိုက်ခိုက်မှု မကြာခဏခံရသဖြင့် ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
ထိုအခြေအနေတွင် လမ်းပိုင်းအချက်အချာကျသည့် အဆိုပါကန့်ဒေါင့်ရွာကို စစ်တပ်က အထိုင်ချစခန်းနှင့်အတူ ကျေးရွာအတွင်း နေအိမ်ကြီး အချို့တွင် ခံတပ်များသဖွယ်ပြင်ဆင်ပြီး ဆက်လက် ထိန်းချုပ်ခဲ့သည်။
ထိုစဉ်က တော်လှန်ရေးတပ်ဖွဲ့ဝင်များသာမက သာမန်ပြည်သူများပါ ကန့်ဒေါင့်ကျေးရွာကို ဖြတ်သန်းနိုင်ခြင်း မရှိဘဲ ကျေးရွာကိုရှောင်သည့်လမ်းမှကွင်းပြီး သွားလာခဲ့ကြရသည်။
ယခုအခါ တော်လှန်ရေးအင်အားစုက ကန့်ဒေါင့်စခန်း ရခဲ့သော်လည်း ပုလဲမြို့မှာ အာဏာသိမ်းတပ် ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့်အတွက် မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး လမ်းပိုင်းတစ်ခုလုံးကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။
ကန့်ဒေါင့်စခန်းအနီး တိုက်ပွဲ အချိန်မရွေး ဖြစ်ပေါ်နိုင်သဖြင့် အဆိုပါဒေသရှိ ကျေးရွာ ၂၀ ခန့်စစ်ဘေးရှောင်နေရသည်မှာ နှစ်လခန့် ရှိပြီဖြစ်သည်။



