မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သားများက တစိုး(သူစိုး)ရွာမှ ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး စစ်တပ်ရန်ကိုကြောက်၍ ကျေးရွာပေါင်း ၈ ရွာမှ ဒေသခံထောင်နှင့်ချီကာ စစ်ဘေးရှောင်နေရသည်ဟု သိရသည်။
ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေသည့် စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီက ဩဂုတ်လဆန်းမှစ၍ မြင်းခြံမြို့အရှေ့ဘက်ရှိ ကျေးရွာများကို ပိုက်စိပ်တိုက်စစ်ကြောင်းထိုးလာခဲ့ရာ နယ်နမိတ်ချင်းဆက် နွားထိုးကြီးမြို့နယ်အတွင်း ဆက်လက်ဝင်ရောက်လာခြင်းဖြစ်သည်။
ဒေါ်သီတာယုမွန်ဦးဆောင်သည့် ပျူစောထီးတပ်များနှင့် စစ်တပ်ပူးပေါင်းအဖွဲ့များက လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများအသုံးပြု၍ သာလွန်အင်အားဖြင့် စီးနင်းလာခြင်းဖြစ်ပြီး ဩဂုတ် ၁၅ တွင် နွားထိုးကြီးမြို့အနောက်ဘက် ၁၆ မိုင်ခန့်အကွာရှိ တစိုးရွာမှ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း နွားထိုးကြီးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“တစ်ချို့ကျတော့လည်း တိရစ္ဆာန်တွေ၊ နွားတွေဘာတွေကျန်ခဲ့တော့ နွားတွေပြန်ကြည့်ဖို့ပြန်တာတို့၊ ဥစ္စာပစ္စည်းဆီပြန်တာတို့ အဲ့လိုပုံစံမျိုးတွေနဲ့ သူတို့တွေ့တော့အသတ်ခံရတယ်။ တစ်ချို့ကြတော့လည်း တောထဲတွေ့ရင်းနဲ့ (စစ်တပ်က) သတ်တာပေါ့” ဟု ၎င်းက ပြောသည်။
“ပြည်သူဆိုရင် အသက်ကြီးကြီး၊ အဖိုးကြီးဖြစ်ဖြစ် အဖွားကြီးဖြစ်သတ်တာပဲ”
အသတ်ခံရသူများမှာ အသက် ၅၀ ကျော်အရွယ် ဦးသန်းအောင်၊ ဒေါ်ဝင်းကြည်နှင့် တံစိုးရွာခံများဖြစ်ပြီး ရုပ်အလောင်းများကို ကျေးရွာအတွင်းရှိ ပုန်းခိုကျင်းထဲတွင် ပစ်ထားခဲ့ကြောင်း၊ စစ်တပ်ယာယီဆုတ်ချိန် ကာကွယ်ရေးတပ်များက ကျေးရွာအတွင်းဝင်ရောက်စဉ် ထိုသို့တွေ့ရှိရကြောင်း ၎င်းက ပြောသည်။
ပျူစောထီးနှင့် စစ်တပ်ပူးပေါင်းစစ်ကြောင်းသည် တစိုးရွာတွင် နောက်ချန်အင်အားအချို့ထားခဲ့ပြီး ကျန်အင်အားဖြင့် အရှေ့တောက်ဘက်ရှိ မာန်လည်ကျေးရွာဘက်သို ဆက်လက်ဝင်ရောက်နေသဖြင့် ရုပ်အလောင်းများမကောက်နိုင်သေးကြောင်း နောက်ထပ်အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့စစ်ကြောင့်ကြောင့် မြင်ခြံမြို့အရှေ့ဘက်တစ်ကြောရှိ ကျေးရွာများအပြင် နွားထိုးမြို့နယ်အတွင်းရှိ လက်သမားကံ၊ ကန်လျားရှည်၊ တံစိုး၊ ကမ်းနာ၊ ချင်းယား၊ လက်ဝဲ မြင်းနီ၊ မလည်၊ သံတော ကျေးရွာ ၈ ခုမှ ဒေသခံထောင်နှင့်ချီကာ စစ်ဘေးရှောင်နေရကြောင်း ၎င်းက ပြောသည်။
“သူတို့ (စစ်ကောင်မရှင်) က ရွေးကောက်ပွဲမဖြစ်မနေ မြင်းခြံမှာ လုပ်မယ်ထင်တယ်။ ကျွန်တော်တို့ ကြားတဲ့အချက်ကလည်း မြင်းခြံ သံမဏိစက်ရုံနဲ့ မိုင် ၃၀ ပတ်လည်ကို နယ်မြေရှင်းလင်းရေးလုပ်မယ်လို့ သူတို့ဘက်က ပြောသံတွေလည်းကြားထာတာပေါ့။ အခုဟာက အဲ့ဒီပတ်ချာလည်ပဲ ပတ်ပြီးနင်းနေတာ” ဟု ၎င်းက ပြောသည်။
ယနေ့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ဆိုင်နေသည့်အခြေအနေဖြစ်ကြောင်း၊ တော်လှန်ရေးတပ်များဘက်မှ လက်နက်ခဲယမ်းအခက်အခဲများရှိလာသဖြင့် ပျောက်ကြားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၏ အမှတ် (၉) မြင်းခြံခရိုင်တပ်ရင်း (Black Tiger) တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ဆိုသည်။
မြင်းခြံ Black Tiger တပ်ဖွဲ့အနေဖြင့် မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်ကြားတွင် စစ်ရေးလှုပ်ရှားမှုရှိနေပြီး ယခုလဆန်းပိုင်းအတွင်း သမုန်းကိုင်းကျေးရွာအနီး စစ်ကောင်စီတပ်နှင့်ဖြစ်ပွားသည့် ငါးရက်နီးပါးကြာ တိုက်ပွဲတွင် ၎င်းတို့ တပ်ဖွဲ့ဝင်အချို့ကျဆုံးမှုရှိခဲ့သည်ဟု သိရသည်။
ဧရာဝတီမြစ်အရှေ့ဘက် ဖိုခနောက်ဆိုင်တည်ရှိသည့် မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့သည် လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများ က စိုးမိုးထားသည်။
နယ်မြေအများအပြား ဆုံးရှုံးထားသော်လည်း စစ်တပ်သည် မြင့်ခြံနှင့် နွားထိုးကြီးမြို့နယ်ကြားက ကျေးရွာများကို နယ်မြေစိုးမိုးနိုင်ရန် ပျူစောထီးနှင့် စစ်သားများပူးပေါင်းကာ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သည့် နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။



