ကရင်ပြည်နယ်၊ မြဝတီမြို့အထိ အာရှလမ်းမကြီးတစ်လျှောက် နယ်မြေစိုးထားသည့် တော်လှန်ရေးတပ် များကို ပိတ်ဆို့သည့်အနေဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန် အာဏာသိမ်းစစ်တပ်က မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကို ယမန်နေ့၊( ဩဂုတ်လ၊ ၁၈ ရက်နေ့ )နံနက်မှစ၍ ပိတ်လိုက်သည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့ဘက်သို့ ကုန်သွယ်ရာတွင် အရေးပါသည့် အမှတ်(၂) တံတားကို ယမန်နေ့နံနက်ကစ၍ တာဝန်ကျ စစ်တပ်ဝန်ထမ်းများက ဖြတ်သန်းခွင့် မပြုတော့ကြောင်း ဒေသခံများက ပြောသည်။
“မြန်မာဘက်ကနေ ဒီနံနက် ယာယီပိတ်တယ်ဆိုပြီး ကြေညာလိုက်တာပဲ” ဟု မြဝတီမြို့ခံ အမျိုးသား တစ်ဦးက ယမန်နေ့က ပြောသည်။
ထို့ကြောင့် ထိုင်းဘက်မှ အဓိကတင်သွင်းနေသည့် အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်နှင့် အခြားသော ကုန်စည်များကို မြန်မာဘက်သို့ သယ်ယူပို့ဆောင်ခွင့် မရတော့ပေ။
လတ်တလောတွင် ယာယီတံတားပိတ်ထားခြင်းသာသိရပြီး ရက်အတိအကျ မဖော်ပြထားသောကြောင့် ကာလ ရှည်ဖြစ်လာပါက အခက်အခဲများ ကြုံတွေ့လာနိုင်ကြောင်း အထက်ပါအမျိုးသားက ပြောသည်။
“ပိတ်တာရက်ရှည်လာရင်တော့ ကုန်စည်ပြတ်လပ်ပြီး ရှားပါးလာရင်တော့ ဈေးတက်လာတာတို့ အခက် အခဲတွေ့တာတို့ ဖြစ်ပေါ်လာနိုင်တယ်ပေါ့၊ ခု တံတားပိတ်တော့ အောက်ကနေ သယ်မယ်ဆိုရင်တောင် လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ သေချာတာ ဈေးကတော့ တက်မှာပဲ ”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မြန်မာဘက်မှ အခြေအနေများကြောင့် ဩဂုတ်လ၊ ၁၄ ရက်နေ့၊ နံနက်မှစ၍ အမှတ် (၂) တံတားအနီး ရောက်နေသော ထိုင်းဘက်မှ ကုန်ကား ၅၀၀ ခန့် ပိတ်မိနေကြောင်းလည်း မြဝတီမြို့ခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။
“ထိုင်းကားတွေ (လူသုံးကုန်ပစ္စည်း) အခုချိန်ထိပဲ၊ အခုတံတားက ယာယီပိတ်လိုက်ပြီဆိုတော့ ကားတွေ နောက်ကြောင်းပြန်လှည့်မလား၊ ကားတွေပိတ်နေတာ မြန်မာခြမ်းကို မရောက်သေးဘူး”
ထိုင်းနှင့် မြန်မာ မြဝတီနယ်စပ်တွင် အမှတ်(၁) ချစ်ကြည်ရေးတံတားနှင့် အမှတ်(၂) ချစ်ကြည်ရေးတံတား တို့ ရှိပြီး လူအများဖြတ်သန်းသွားလာခွင့်ကို အမှတ် (၁) တံတား အသုံးပြုကြကာ ကုန်စည်များကို အမှတ် (၂) တံတားမှ ပို့ဆောင်ခြင်းဖြစ်သည်။
ကရင်ပြည်နယ်၊ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်က ကုန်ကားများ သွင်းကုန်လိုင်စင် လျှောက်ထား ဆဲဖြစ်သောကြောင့် တံတားကို ယာယီပိတ်လိုက်ခြင်းဖြစ်ပြီး နေပြည်တော်၏ ခွင့်ပြုချက်ရရှိပါက ပြန်ဖွင့် ပေးမည်ဟု စစ်တပ်ဝါဒဖြန့်မီဒီယာတစ်ခုသို့ ပြောထားသည်။
ထိုင်းဘက်ကလာသောသတင်းများအရ တံတားပိတ်ထားခြင်းကိစ္စကို အစိုးရချင်းသာညှိနှိုင်းဆွေးနွေးရန် တောင်းဆိုခဲ့သည်ဟု တာ့ခရိုင်သယ်ယူပို့ဆောင်ရေးအသင်းက ပြောထားသည်။
ကုန်စည်ပို့ဆောင်ရေးကိစ္စများလည်း များစွာထိခိုက်ခဲ့ရပြီး ကုန်ကား ၁၅၀၀ ကျော်ခန့် ပို့ဆောင်ရန် ကျန် ရှိနေသေးကြောင်း ထိုသူက Thai Enquirer သတင်းတွင် ယနေ့ ပြောထားသည်။
စစ်ခေါင်းဆောင်ကလည်း နယ်စပ်ဂိတ်များကို ထိန်းချုပ်ပြီး ကုန်သွယ်ရေးအခွန်အခများရရှိသောကြောင့် တော်လှန်ရေးတပ်များ အင်အား ကြီးထွားလာနိုင်၍ ထိုကုန်သွယ်မှုများကို တရားမဝင်ကုန်သွယ်မှုများ အဖြစ် ဖမ်းဆီးရန် ဩဂုတ်လ၊ ၁၂ ရက်နေ့၊ စစ်ကော်မရှင်အစည်းအဝေးတစ်ခုတွင် ပြောထားသည်။
ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ထိုင်း- မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်း ဖြစ် သော အာရှလမ်းမကြီးကို ထိန်းချုပ်ထားရာ အာဏာသိမ်းစစ်တပ်က ဇူလိုင်လကုန်တွင် ကရင်ပြည်နယ် ကျုံဒိုး- ကော့ကရိတ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
KNU ထိန်းချုပ်သည့် ကော့ကရိတ်မြို့တွင် စစ်တပ်က လက်ရှိအချိန်တွင် ပြန်လည်တပ်စွဲထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ထိုင်း-မြန်မာအဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကော့ကရိတ်-မြ၀တီလမ်းပိုင်းအားလုံး ပြန်ဖွင့် နိုင်ရန် ရည်ရွယ်ပြီး ယခုလလယ်မှ စ၍ စစ်တပ်က အင်အား များအပြားဖြင့် အာရှလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်။
တစ်ဘက်ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များက ထိုင်း -မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေလျက်ရှိသလို မြ၀တီမြို့နယ် ထဲတွင် နောက်ဆုံးလက်ကျန်စခန်းအဖြစ် ဝေါလေဗျူဟာသာ ကျန်ရှိပြီး တိုက်ပွဲများဖြစ်နေသည်။
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်မှ စစ်တပ်က သက်ရှိစည်းရိုးဟု အမည်ပေးထားသော “ ဥကရစ်ထ” စစ်စခန်းကို KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့များက ဇူလိုင်လ ၁၂ ရက်နေ့ တွင် သိမ်းယူနိုင်ခဲ့သည်။

နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မြဝတီမြို့သည် ကျားဖြန့်လုပ်ငန်းများနှင့်စပ်ဆက်၍ ဖိအားပေးသည့် အနေဖြင့် ထိုင်းအစိုးရက ယခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စက်သုံးဆီများ သယ်ယူရောင်းချမှု ပိတ်ခံ ထားရသည်။
အလားတူ စစ်တပ်ဘက်ကလည်း မြဝတီမြို့သို့ ပြည်တွင်း အခြားမြို့ကြီးများမှ စက်သုံးဆီများ တင်ပို့ခွင့် ယခုလလယ်မှ စ၍ ကန့်သတ်လိုက်သည်။
ထို့ကြောင့်စက်သုံးဆီ တင်ပို့မှု ပိတ်ခံထားရသည့် မြဝတီမြို့တွင် ယခု ကုန်စည်စီးဆင်းမှုပါ ဖြတ်တောက် လိုက်ကာ စစ်တပ်ကလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အခြေအနေ ဖြစ်ပေါ်နေ သည်။
ကုန်စည်နှင့်လောင်စာဆီ ပိတ်ဆို့ခံထားရသော မြဝတီတွင် ဓာတ်ဆီဈေး သုံးဆမြင့်တက်သွားသည်ဟု မြို့ခံများကို ကိုးကား၍ ကရင်သတင်းဌာန (KIC) တွင် ယမန်နေ့က ဖော်ပြထားသည်။
ထိုင်းနှင့် မြန်မာနယ်စပ်တွင် တရားဝင်နယ်စပ်စခန်းများအဖြစ် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့်ကော့သောင်းဂိတ် စသည့် ဂိတ်ခြောက်ခုရှိပြီး လျာထားစခန်းများအဖြစ် ဘုရားသုံးဆူ၊ မယ်စဲ့နှင့် ဖားချောင်းဆူ နယ်စပ်ဂိတ်ဟူ၍ သုံးခု ရှိကြောင်း စီးပွားကူးသန်းဌာန၏ စာရင်းများအရသိရသည်။
စစ်တပ်သည် ထိုကဲ့သို့သော ပိတ်ဆို့မှုမျိုး လုပ်ဆောင်လေ့ရှိပြီး မကြာသေးခင်ကလည်း စစ်ကိုင်းတိုင်း အတွင်း ၁၅ မြို့နယ်တွင် စစ်ရေးလှုပ်ရှားကာ စစ်ကြောင်းထိုးခဲ့ပြီးနောက် ယခုလဆန်းတွင် ကုန်စည်တင် ပို့ခွင့် ကန့်သတ် ရာတွင် အခြေခံကုန်စည်အများအပြား ပိတ်ပင်ခဲ့သည်။
စစ်တပ်သည် ဒေသများအတွင်း ရိက္ခာ၊ သတင်း၊ ရန်ပုံငွေ၊ လူအင်အား မရောက်ရှိစေရန် စနစ်တကျ စီစဉ် ဟန့်တားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်သည်ကို ဖြတ်လေးဖြတ်မူဝါဒဟု ထင်ရှားသည်။



