သတင်း

ကချင်ပြည်နယ် ဒေသအချို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ကချင်ဒေသ သုံးမြို့နယ်တွင် စစ်ရေးပြင်းထန်နေပြီး နေရာတချို့ကို KIA က လက်လွှတ်လိုက်ရသလို တချို့နေရာများကိုလည်း အာဏာသိမ်းစစ်တပ်က ပြန်ဆုတ်ပေးလိုက်ရသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်နှင့် ဖားကန့်မြို့နှင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတို့တွင်  တိုက်ပွဲ များဆက်ဖြစ်နေပြီး လေတပ်နှင့်လက်နက်ကြီးပစ်ကူများအပြင် ဒရုန်းများပါ တွင်တွင်ကျယ်ကျယ် သုံးနေသည်ဟု ဒေသခံများနှင့် KIA ထံက သိရသည်။

တရုတ်နယ်စပ်နှင့် မိုင် ၄၀ ခန့်သာဝေးသော ဗန်းမော်မြို့တွင် ယခုလဆန်းမှစ၍ တိုက်ပွဲများ ပြန်လည် ပြင်းထန်နေပြီး အထူးသဖြင့် မြို့မြောက်ဘက်ရှိ အရေးကြီ စစ်ရေးနေရာအချို့တွင် တိုက်ပွဲများဖြစ်နေ သည်။

မြို့ပေါ်ရပ်ကွက်များနှင့် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)နှင့် ထိုအနီးရှိ အမှတ်(၃၆၆)အမြောက်တပ် နေရာတွင် စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်(KIA) ပူးပေါင်းတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်တိုက်ပွဲပြင်းထန်နေပြီး တင့်ကားများပါဝင်သော မြေပြင် ထိုးစစ်များအပြင် ဒရုန်းများ တွင်တွင်ကျယ်ကျယ် သုံးနေကြောင်း Myanmar Now ကို ယနေ့ ပြောသည်။ 

“ တိုက်ပွဲရှိတယ်…ပြင်းထန်တယ်။  မြို့၊ ရပ်ကွက်ဘက်မှာလည်း (စစ်တပ်က) ထိုးစစ်ဆင်မှု လုပ်နေတာ။ မြေပြင်ကလည်း ထိုးတယ်၊ ဒရုန်းနဲ့လည်း ထိုးတာ၊ လက်နက်ကြီးနဲ့ လေကြောင်းနဲ့ နောက် တင့်ကားတွေပါ ဗန်းမော်မှာ သုံးတာပဲ” ဟု ၎င်းက ဆိုသည်။ 

“ ခေတ်ကတော့ ဒရုန်းခေတ်ဖြစ်နေတာ..လက်နက်နဲ့ပစ်တဲ့ တိုက်ပွဲတွေ မရှိသလောက်ပါပဲ။ တစ်ယောက် ချင်း တစ်ယောက်ချင်းစီကို ဗုံးကြဲပြီးမှ ပစ်တာပါ။ ရမ်းသမ်းပြီးတော့ ပစ်တာတောင်မှ မရှိဘူး။ အခု သူတို့ သုံးတဲ့ဒရုန်းတွေက အဲလိုပဲ။ ရန်သူက ဘယ်နေရာမှာရှိတယ် .. အဲဒီလို တိတ်တိတ်ပုန်းပစ်တာ ကြဲတာပေါ့။ အဲလိုပုံစံမျိုးနဲ့လုပ်တာ” ဟု ၎င်းက ဆက်ပြောသည်။ 

အမှတ်(၃၆၆) အမြောက်တပ်နှင့် ထိုအနီးရှိ လေယာဉ်ကွင်းနေရာအချို့ကို ဩဂုတ်လ၊ ၁၀ ရက်နေ့တွင် စစ်တပ်က ပြန်ရယူသွားပြီးနောက် KIA က ပြန်လည်ထိုးစစ်ဆင်နေသည်ဟု သိရကြောင်း မြေပြင် စစ်ရေး ရင်းမြစ်ကို ကိုးကားပြီး ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကကတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းတွေက တွင်တွင်ကျယ်ကျယ်သုံးလာတဲ့အတွက် လေယာဉ်ကွင်းပတ်ချာလည်နဲ့ (အမြောက်တပ်)၃၆၆ နားက ကွင်းပြင်တွေလိုဖြစ်နေတော့ ကိုယ့်ဘက်က အထိအခိုက်မရှိအောင် ရှောင်လိုက်တဲ့သဘောပါ၊ အဲဒီဘက်ကို ကျော်ပြီးတက်လာတော့ ထိတွေ့မှုက နေ့တိုင်းဖြစ်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်ကူများနှင့် လက်နက် ခဲယမ်း၊ ရိက္ခာများတင်ဆောင်ကာ မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းမှ ထွက်ခွာလာ သည့် စစ်တပ်၏ စစ်သင်္ဘောများသည် ဩဂုတ်လ၊ ၁ ရက်နေ့တွင် ဗန်းမော်မြို့သို့ ရောက်ရှိလာပြီးနောက် ဗန်းမော်မြို့တွင် စစ်တပ်က မြေပြင်ထိုးစစ်ပါတိုးလာခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၊ ၄ ရက်နေ့မှ စတင်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် KIA ပူးပေါင်းတပ်များ က တပ်ရင်းဌာနချုပ်အချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့ကို သိမ်းနိုင်ခဲ့သော်လည်း ရှစ်လကျော်ကြာမြင့်လာ ပြီးနောက် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာနိုင်ခြင်းဖြစ်သည်။

စစ်တပ်က ဗန်းမော်မြို့ထိုးစစ်လည်း မလျှော့သလို ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့တွင်လည်း ထိုးစစ်များ လုပ်နေသဖြင့် တိုက်ပွဲများဖြစ်ပွားနေပြီး အရပ်သားထိခိုက်သေဆုံးမှု အများအပြား ရှိနေသည်။

ယမန်နှစ်အတွင်း KIA သိမ်းပိုက်ထားသည့် စစ်စခန်းကုန်းများနှင့် ကျေးရွာများ ကျောက်စိမ်းလုပ်ကွက် များကို ပြန်လည်ထိန်းချုပ်ရန် မေလကုန်ပိုင်းမှစတင်ကာ စစ်တပ်က ဖားကန့်မြို့ကို ထိုးစစ်ဆင်နေသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ဖားကန့်မြို့မြောက်ဘက် သုံးမိုင်ခန့်အကွာ အမှိုက်ပုံရွာနှင့် မြို့အနောက်ဘက်  မှော်မောင်းလယာန်ရွာတို့ကို စစ်တပ်က အင်အား ၁၀၀ ခန့်နှင့် မွန်းလွဲပိုင်းမှ စတင်ကာ တိုက်ခိုက်ခဲ့သည် ဟု သိရသည်။

လေကြောင်းနှင့်လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးခဲ့ပြီး လက်နက်ကြီး အကြိမ်ရေ ၁၀၀ ကျော်နှင့် လေကြောင်းမှ သုံးကြိမ် ဗုံးချခဲ့သည်ဟု  KIA နှင့် နီးစပ်သူ  ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပြည်သူတော့ ထိခိုက်တာ မသိရသေးဘူး။ စစ်တပ်ဘက်ကတော့ အတော်ကိုသေတယ်။ ဒါကြောင့်လည်း လေကြောင်းပစ်ကူခေါ်တာလို့ ပြောလို့ရတယ်။ တိုက်ပွဲတကယ်ပြင်းထန်ချိန်က နေ့လယ်ပိုင်းကြီး” 

ယမန်နေ့တွင် ဖားကန့်မြို့အနောက်တောင်ဘက်ရှိ ဆိုင်းတောင်ရွာနှင့် မြို့ပေါ်ရှိ မရှီကထောင် ရပ်ကွက် အတွင်း  စစ်တပ်က ပစ်သော လက်နက်ကြီးကျ၍ ဒဏ်ရာရသူ သုံးဦး ရှိခဲ့သည်။ 

ယခင်လက စစ်တပ်က ပြန်ထိန်းချုပ်သွားသော မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာနှစ်ရွာကို KIA ပူးပေါင်းတပ်များက ဩဂုတ်လ၊ ၁၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင် ခဲ့သည်။

အဆိုပါ ရွာနှစ်ရွာမှ ဒေသခံ ၁၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး တိုက်ပွဲများနှင့် လေကြာင်းတိုက်ခိုက်မှုများကြောင့် ယနေ့အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးပေ။

ယမန်နေ့နံနက်၊ ၉ နာရီခန့်တွင်လည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးရှိ နမ္မားမြို့အနီး ကင်းလှည့်နေ သည့် ရဲကားတစ်စီးကို ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးပြီး ကားမီးလောင်သွားသည်ဟု ဒေသခံတစ်ဦးထံက သိရသည်

ယမန်နှစ် မတ်လမှ စတင်သည့် ကချင်ပြည်နယ်ထိုးစစ်အတွင်း KIA က ရှမ်းမြောက်မှ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်မှ ၁၄ မြို့တို့ကို သိမ်းပိုက်ထားနိုင်သည်။

Related Articles

Back to top button