တော်လှန်ရေးကာလ လေးနှစ်ကျော် ကြာမြင့်လာချိန်တွင် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းမှ မြို့အချို့ကို သိမ်းပိုက်ထားပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားသည်။
စစ်ကော်မရှင်က နှစ်ကုန်ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာလိုက်ပြီးနောက် လက်လွှတ်ရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေရာ မြေပြင်စစ်ကြောင်းမထိုးနိုင်သည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သည့် စစ်ကိုင်းတိုင်းတွင်လည်း ဇူလိုင်လကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နယ်မြေ ရှင်းလင်းမှုများ ဆက်တိုက်လုပ်နေသည်။
စစ်ကိုင်းတိုင်းအတွင်း လက်ရှိ စစ်ရေးအခြေအနေ၊ တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့ခုခံမှုများနှင့် ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်း စစ်ရေးလှုပ်ရှားနေသော တော်လှန်ရေးအင်အားစု တစ်ခုဖြစ်သည့် စစ်ကိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော် (Sagaing PDF) မှ ပြောရေးဆိုခွင့်ရှိသူ ကိုစစ်ငြိမ်းနိုင်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး – စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် စတင်ပေါ်ပေါက်လာပုံအကြောင်း အရင်ဆုံး မိတ်ဆက်ပေးပါဦး။
ဖြေ – Sagaing PDF စတင်စုဖွဲ့ဖြစ်တာက ၂၀၂၁၊ ဇူလိုင်လလယ်လောက်မှာ စုဖွဲ့ဖြစ်ပါတယ်။ စတင်စုဖွဲ့ချိန်မှာ Sagaing PDF ဖြစ်လာမယ့် အမြုတေ ရဲဘော်တွေဟာ KIA ရဲ့ တပ်မဟာ ၈ သင်တန်းမှာသွားပြီး သင်တန်း ရယူခဲ့တာတွေ လုပ်ခဲ့ပါတယ်။ သင်တန်းရယူပြီးတဲ့အခါမှာ စစ်ကိုင်းတိုင်းအတွင်းမှာ ဆင့်ပွားသင်တန်း၊ အခြေခံစစ်ပညာသင်တန်း ပြန်ပေးပြီးတော့ Sagaing PDF ဆိုတာ စတင်ခဲ့တာဖြစ်ပါတယ်။
ဘယ်နေရာတွေမှာ လှုပ်ရှားလဲဆိုရင် စစ်ကိုင်းတိုင်းအတွင်းမှာ ကျွန်တော်တို့ ၂၀၂၁၊ ဇူလိုင်လလယ်ပိုင်းမှာ စတင်ဖွဲ့စည်းပြီးနောက်မှာ ကျယ်ကျယ်ပြန့်ပြန့်လှုပ်ရှားပါတယ်။ ဒါပေမယ့် လှုပ်ရှားရတဲ့ သဏ္ဍာန်ဟာ ပြောက်ကျားစနစ်နဲ့ လှုပ်ရှားရတာရှိတယ်။ ထုအင်အားတည်ဆောက်ပြီး လုပ်ရတာရှိတဲ့ အခါမှာ စစ်ကိုင်းတိုင်းရဲ့တော်တော်များများမှာ အခုဆို Sagaing PDF ရှိနေပါပြီ။ လက်နက်ကိုင်လမ်းစဉ် ဖြစ်တဲ့အတွက် ခြေသံလုံလုံနဲ့ကျွန်တော်တို့က လျှောက်ကြတယ်။ ကျွန်တော်တို့ အဓိကတော့ နယ်မြေမှာရှိတဲ့ ပြည်သူလူထုကတော့ ကျွန်တော်တို့ ရှိတယ်ဆိုတာကိုသိတယ်။ Online ပေါ်မှာရှိတဲ့ ပြည်သူလူထုကတော့ ကျွန်တော်တို့ရှိတယ်ဆိုတာ သိချင်လည်းသိမယ်။ မသိချင်လည်း မသိဘူးပေါ့။ ဒီအချိန်မှာကျွန်တော်တို့က ပြည်သူလူထုကို ပြောပြချိန်တန်ပြီ၊ ကျွန်တော်တို့လုပ်ဆောင်နေတာတွေလည်း ဒီထက်တစ်ဆင့်တက်ပြီးလုပ်ဖို့ အချိန်ရောက်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့က မီဒီယာပေါ်မှာ ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။

မေး – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ထားတာရှိလား။ လက်တွေ့မှာဘာတွေ ပူးပေါင်းလုပ် ဆောင်နေပါလဲ။
ဖြေ – စ ဖွဲ့ထဲက မြောက်ပိုင်းညီနောင်မဟာမိတ် သုံး ဖွဲ့ထဲက TNLA ဘက်က ကျွန်တော်တို့ကို ထောက်ပံ့ပေးခဲ့ တာတွေရှိတယ်။ ကူညီပေးခဲ့တာတွေရှိတယ်။ လက်တွေ့ကျတဲ့ပေါင်းစပ်မှုတွေ တိုင်းရင်းသား ERO တွေနဲ့ ကျွန်တော်တို့ ပေါင်းစပ်နိုင်ဖို့ ကြိုးစားနေပါတယ်။
(မှတ်ချက် – မြောက်ပိုင်းညီနောင်မဟာမိတ် သုံး ဖွဲ့ ထဲတွင် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့ပါဝင်သည်)
မေး – Sagaing PDF အနေနဲ့ ဘယ်လိုမျိုး ရပ်တည်လှုပ်ရှားနေပါလဲ။ NUG လက်အောက်ကပဲလား။
ဖြေ – Sagaing PDFရဲ့ ရပ်တည်လှုပ်ရှားချက်ကတော့ နံပါတ် (၁) စစ်ကိုင်းဒေသလွတ်မြောက်ရေးပေါ့။ စစ်ကိုင်းဒေသလွတ်မြောက်ရေးမှသည် ပြည်ထောင်စုလွတ်မြောက်ရေးဆီသို့ ကျွန်တော်တို့ ရည်ရွယ်ချက်ကတော့ အဲ့ဒါပါ။ NUG နဲ့ ကျွန်တော်တို့ ဘယ်လိုအလုပ်လုပ်နေလဲဆိုရင် ကျွန်တော်တို့ ဒီ စစ်ကိုင်းတိုင်း အတွင်း တိုက်ပွဲဖြစ်တဲ့အခါမှာ ကျွန်တော်တို့ဘက်က ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာ NUG တပ်တွေနဲ့လည်း
ပူးပေါင်းပြီး တိုက်ပွဲဖော်နေတာတွေရှိပါတယ်။ NUG လက်အောက်ကလားလို့ ကျွန်တော်တို့ကို မေးမယ်ဆိုရင်တော့ ဒီအချိန်မှာတော့ NUG လက်အောက်ခံ မဟုတ်သေးပါဘူး။ NUG ရဲ့ COC (အမိန့်ပေးကွပ်ကဲမှုစနစ်- Chain of Command)ခိုင်မာလာတဲ့ တစ်နေ့ကျရင် ကျွန်တော်တို့ NUG နဲ့ အကောင်းဆုံး ပေါင်းစပ်ဖို့ ပြင်ဆင်ထားပါတယ်။
မေး – လတ်တလောမှာ NUG နဲ့ဆွေးနွေးနေတာရှိပါလား။
ဖြေ – စစ်ကိုင်းဒေသလွတ်မြောက်ရေးကို ဦးတည်ကြတာ ကျွန်တော်တို့က။ စစ်ကိုင်းဒေသလွတ်မြောက်မှ တခြားပြည်နယ်တွေ လွတ်မြောက်ရေးကို ဆက်သွားနိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ လက်လည်းလက်ခံတယ်။ မြန်မာပြည်မြေပုံကို ကြည့်လိုက်မယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးက တစ်ဝက်လောက်ရှိတယ်။ အဓိက ကျွန်တော်တို့ဒေသ လွတ်မြောက်ပြီဆိုရင် တော်လှန်ရေးက ၈၀ ရာခိုင်နှုန်းလောက်ပြီးပြီလို့ ယုံကြည်တယ်။ အဲ့ဒီအတွက် ကျွန်တော်တို့က ကျွန်တော်တို့ဒေသလွတ်မြောက်ရေးကို ကြိုးပမ်းကြရမယ်။ အားထည့်ကြရမယ်ဆိုပြီး အားစိုက်ထားတယ်။ NUG နဲ့ လတ်တလောမှာ ဆွေးနွေးမှုတွေ ရှိပြီလားဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ လောလောဆယ်တော့ သူတို့နဲ့ နိုင်ငံရေးပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေတော့ မရှိသေးဘူး။ အောက်ခြေမှာ ကျွန်တော်တို့တပ်မှူးတွေနဲ့ NUG တပ်မှူးတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ အလုပ်လုပ်နေတာတွေရှိတယ်။ တိုက်ပွဲတွေ အတူတကွ ဝင်နေကြတာတွေရှိပါတယ်။

မေး စစ်ကိုင်းတိုင်းမှာရှိတဲ့ တခြားတော်လှန်ရေးအင်အားစုတွေနဲ့ ဘယ်လိုပေါင်းစပ် လှုပ်ရှားနေတာရှိပါလဲ။
ဖြေ – ကျွန်တော်တို့ Sagaing PDF အနေနဲ့ကတော့ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ စစ်အာဏာရှင် တော်လှန်ရေးကို ဦးတည်တဲ့ မည်သည့်လက်နက်ကိုင်အဖွဲ့နဲ့မဆို ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်နေပါတယ်။
မေး – လတ်တလော သီးခြားရပ်တည်လှုပ်ရှားနေတာဆိုတော့ အဓိက အထောက်အပံ့တွေက ဘယ်လိုရရှိလဲ။ ဖြေ – အဓိက အထောက်အပံ့ရင်းမြစ်က ပြည်သူပေါ့။ ပြည်သူက လေးနှစ်ကျော်ကာလ စားနပ်ရိက္ခာပဲပြောပြော လက်နက်ခဲယမ်းပဲပြောပြော တင်ကျွေးခဲ့တယ်။ ကျွန်တော်တို့ကို ထောက်ပံ့ခဲ့တာပေါ့။ နောက်တစ်ခုကတော့ နီးစပ်ရာမဟာမိတ်တွေပေါ့။ မဟာမိတ်တွေကတစ်ဆင့် ထောက်ပံ့တယ်။ ကူညီတယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ ရှေ့ဆက်နေတာ။

မေး – စစ်တပ်က လက်လွှတ်ခဲ့ရတဲ့နယ်မြေတွေကို ထိုးစစ်ဆင်တာ ဆက်တိုက်လုပ်နေတယ်။ လက်ရှိ စစ်ကိုင်း တိုင်းထဲမှာ စစ်တပ်ရဲ့ လှုပ်ရှားမှုအခြေအနေတွေက ဘယ်လိုရှိနေပါလဲ။
ဖြေ – လတ်ကလောမှာတော့ စစ်တပ်က သူတို့ရဲ့တန်ပြန်စစ်ကြောင်းလှုပ်ရှားမှုတွေ လုပ်လာတာ နယ်မြေရှင်း လင်းရေးတွေ လုပ်လာတာတော့ ခပ်စိပ်စိပ်တွေ့လာရတယ်။ အဲ့ဒီအတွက်လည်းကျွန်တော်တို့က စစ်ကိုင်းတိုင်းထဲမှာရှိတဲ့အဖွဲ့တွေ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့တော်လှန်နိုင်ဖို့အတွက် အားလုံးနဲ့လိုက်ပြီး စကားပြောနေတာရှိပါတယ်။ စစ်တပ်ကလည်းတောက်လျှောက်ပြင်ဆင်ပြီးတော့ ရွေးကောက်ပွဲလုပ်နိုင်ဖို့ နယ်မြေတိုးချဲ့ရယူဖို့ ပြင်ဆင်လာတာတွေ့ရတယ်။ ဥပမာ စစ်ကိုင်း၊ ရွှေဘို ကားလမ်းမကြီးပေါ်မှာ တစ်လကျော် တိုက်ပွဲဖြစ်တာတောင်မှ ရန်သူဟာ ရှေ့ဆက်တိုးလာတာကိုတွေ့ရ တယ်။ ခုဆိုရင် ရန်သူက ဆားတောင်နဲ့ ကျားမင်းကြီးကြားမှာ ရောက်ရှိနေပြီလို့ သိရပါတယ်။ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ်တော်တော်များများမှာ ရန်သူစစ်ကြောင်းလှုပ်လာတာကိုတွေ့ရတယ်။ နယ်မြေ ရှင်းလင်းရေးထွက်လုပ်လာတာတွေ တွေ့ရတယ်။ သူတို့က ရွေးကောက်ပွဲ မတိုင်ခင်မှာ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ရသလောက်ပြန်ယူမယ့်အနေအထားဖြစ်တဲ့အတွက် ဒီက ရှေ့လျှောက် တိုက်ပွဲတွေပြင်းထန်လာနိုင်မယ့် အနေအထားတွေ မြင်ရပါတယ်။
မေး – လက်ရှိ စစ်ကိုင်းတိုင်းထဲ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ဘယ်လိုနေရာတွေကို ဦးတည်လှုပ်ရှားနေ တယ်လို့ သုံးသပ်လဲ။
ဖြေ – လောလောဆယ် သူတို့က လမ်းကြောင်းကို ဦးတည်တယ်လို့လည်း ဆိုလိုလို့မရဘူးဗျ။ ရရင် ရမယ့် နေရာကို တိုးလာမယ့်အနေအထားမျိုးတွေ တွေ့ရတယ်ခင်ဗျ။ ဥပမာ ဒီနေရာမှာ အားနည်းတယ်ဆိုရင် တိုးလာတဲ့ အနေအထားမျိုးတွေပါ။ လမ်းပိုင်းကြီးရဖို့၊ ဟိုဟာရဖို့ဆိုတာမျိုး စစ်ဆင်ရေးကြီးလုပ်နေ တာမျိုးမတွေ့ရသေးဘူး။

မေး – စစ်တပ်က အင်အားအလုံးအရင်းနဲ့ ပြန်လည်စုဖွဲ့လာတဲ့အချိန်မှာ စစ်တပ်ရဲ့ ထိုးစစ်ကိုရင်ဆိုင်ဖို့ တော်လှန်ရေးအင်အားစုတွေဘက်ကရော ဘယ်လိုစိန်ခေါ်ချက်တွေရှိနေပါလဲ။
ဖြေ – အဓိကကတော့ ကျွန်တော်တို့စုစုစည်းစည်းနဲ့ ရန်သူကို ခုခံမယ်ဆိုရင် ဒီတစ်ကြိမ်ဟာ ကျွန်တော်တို့ အတွက် နောက်ဆုံးတိုက်ပွဲပါ။ ကျွန်တော်တို့ လက်သီးတွေ အားလုံးစုပြီးထိုးရင် ရန်သူလန်ကို လန်မှာပါ။ ကျွန်တော်တို့အတွက် စိန်ခေါ်ချက်ကတော့ စုစည်းညီညွတ်မှု ရှိဖို့လိုတယ်။ စုစုစည်းစည်းနဲ့ တိုက်ဖို့က ကျွန်တော်တို့အတွက် စိန်ခေါ်ချက် အနည်းငယ်ဖြစ်နေပါလိမ့်မယ်။ စုစုစည်းစည်း တိုက်ရင်တော့ ဒီတစ်ကြိမ်တိုက်တာက အောင်ပွဲတောင် ဖြစ်သွားနိုင်ပါတယ်။
မေး – စစ်ကိုင်းတိုင်းမှာ ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို စုစည်းဖို့အတွက် အဓိက စိန်ခေါ်ချက် တွေက ဘာတွေဖြစ်နေလဲ။
ဖြေ – ကျွန်တော်တို့ Sagaing PDFအနေနဲ့က တပ်ပေါင်းစုဖြစ်ဖို့၊ စစ်ကိုင်းဒေသအတွင်းက လိုကယ်တွေပဲ ပြောပြော၊ PDF ၊ ပကဖ၊ တွေပဲပြောပြော စည်းလုံးဖို့အတွက်ကတော့ ကျွန်တော်တို့အနေနဲ့ ဦးဆောင် စည်းရုံးတဲ့သူတွေမှာ ပူးပေါင်းပါဝင်မယ့် အဖွဲ့အစည်းတွေရဲ့။ ဥပမာ အဖွဲ့တစ်ခုက ရွာတစ်ရွာပဲ သူ့ရဲ့ နယ်မြေရှိကောင်းရှိလိမ့်မယ်။ မြို့နယ်တစ်ခု ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ဦးစီးဦးဆောင် စည်းရုံး မယ့်သူတွေက သူတို့ရဲ့နယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်ပြုရမယ်။ ဖြစ်တည်မှုကို အသိအမှတ်ပြု ရမယ်။ သူတို့အားလုံးရဲ့ဖြစ်တည်မှုကို အသိအမှတ်ပြုပြီးတော့ အားလုံးရဲ့ ဘုံရန်သူကို စုစုစည်းစည်း တိုက်ကြမယ်ဆိုရင် အဆင်ပြေပါလိမ့်မယ်။ စိန်ခေါ်မှုကတော့ အပြန်အလှန်အသိမှတ်ပြုမှု ကိစ္စတွေက စိန်ခေါ်မှုတွေ များနေတယ်လို့ သုံးသပ်ပါတယ်။
မေး – စစ်တပ်ရဲ့ဗျူဟာပိုင်းမှာ အရင်ကနဲ့စာရင် ဘာတွေပြောင်းလဲသွားလဲ။
ဖြေ – စစ်မှုထမ်းဥပဒေနဲ့ သူတို့ စစ်သားတွေ ပြန်ရတယ်။ ပြန်ရလာတဲ့ စစ်သားတွေနဲ့ထိုးစစ်ဆင်တယ်။ လေကြောင်းပစ်တယ်။ ဒရုန်းတွေ သုံးလာတယ်။ နည်းပညာမြင့်လက်နက်တွေ သုံးလာတယ်။ သုံးလာပြီးတော့ တစ်ဖက်က PDF တွေကို မကြောက်ကြောက်အောင် ခြောက်တဲ့နည်းနဲ့ တိုက်တဲ့အတွက် တချို့နေရာတွေက ဆုံးရှုံးလိုက်ရတယ်ဆိုတာထက် ခဏတာ ဖယ်ပေးလိုက်ရတာတွေရှိပါ တယ်။ အချိန်တန်မှာတော့ စိတ်ဓာတ်ချင်းတိုက်တဲ့ပွဲဖြစ်တဲ့အတွက် နောက်ဆုံး စိတ်ဓာတ်မာတဲ့သူ၊ ဆုံးဖြတ်ချက်မာတဲ့သူ ဘက်က အနိုင်ရမယ်လို့ ထင်ပါတယ်။
မေး – စစ်တပ်ရဲ့နည်းဗျူဟာပိုင်း ဘာတွေ ပြောင်းလဲလာလဲ။
ဖြေ – အရင် ၂၀၂၃၊ ၂၄ မှာဆိုရင် စစ်ကြောင်းတွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ရင် ရန်သူ့ဘက်က စစ်ကူလာတာတို့ လေကြောင်းပစ်ကူပေးတာတို့ နောက်ကျတယ်။ အခု ဒီတလောမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာဆိုရင် တိုက်ပွဲဖြစ်လိုက်တာနဲ့ လေယာဉ်ရောက်လာတာမျိုး၊ ပစ်ကူရောက်လာတာမျိုး လက်နက်ကြီးပစ်ကူ ပေးလာတာမျိုး တွေ့ရတယ်။ ရန်သူကတော့ သေသေချာချာလေး ပြင်ဆင်တယ်။ သူတို့အမှားတွေကို သုံးသပ်ပြီး လုပ်လာတာကိုတွေ့မိတယ်။

မေး – စစ်ကိုင်းတိုင်းမှာ ပသုံးလုံး အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားပွတ်တိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတယ်။ ဒီပြဿနာက ဘယ်အခြေအနေထိ ဦးတည်နေတာကို တွေ့ရလဲ။
ဖြေ – ပသုံးလုံး ယန္တရားကတော့ NUG နဲ့ ဆိုင်တာဆိုတော့ ကျွန်တော်တို့အနေနဲ့ သိပ်ပြီးတော့ မပြောလိုဘူး။ ဒါပေမယ် တချို့ ပြဿနာတွေကတော့ မြေပြင်မှာနဲ့ အွန်လိုင်းပေါ်မှာတော့ ကွဲပြားနေတာတွေ့တယ်။ တချို့ပြဿနာတွေက အစာမကြေဖြစ်ရာကနေ ပေါက်ထွက်လာနိုင်တဲ့အခြေအနေမျိုးမြင်ရတယ်။ ဒါကို သက်ဆိုင်ရာအဖွဲ့တွေက အချိန်မီတားဆီးနိုင်ရင်တော့ တော်လှန်ရေးအတွက် ထိခိုက်နည်းပါလိမ့်မယ်။ မတားဆီးနိုင်ရင်တော့ တော်လှန်ရေးအတွက် ရိုက်ခတ်လာမယ့်လှိုင်း အဲ့ဒီလှိုင်းကတော့ တော်တော်ကြီးမားကောင်း ကြီးမားနိုင်ပါတယ်။
မေး – Sagaing PDF ကရော MDY PDF နဲ့ ပူးပေါင်းဆောင်ရွက်နေတာရှိလား။
ဖြေ – MDY PDF နဲ့တော့ မဟာမိတ်ဆက်ဆံရေး တည်ဆောက်နေတာရှိတယ်။ စကားပြောနေတာရှိတယ်။ လောလောဆယ်ထိတော့ သူတို့နဲ့ကျွန်တော်တို့ စစ်ရေးစစ်ရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စမျိုး မရှိသေးပါဘူး။
မေး – စစ်တပ်က သူ့ရဲ့လိုအပ်ချက်ဖြစ်တဲ့ လူအင်အားအတွက် စစ်မှုထမ်းဥပဒေနဲ့လူသစ်စုဆောင်းပြီး တပ်သားသစ်ကို ဖြည့်တင်းလာနေပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်မှာ တပ်သားသစ်
ဝင်ရောက်မှုနည်းပါးသွားပြီး တော်လှန်ရေး အပေါ်မှာ စိတ်ဝင်စားမှုလျော့ကျလာတယ်လို့ ပြောကြတာရှိပါတယ်။ တပ်သားသစ်ရရှိဖို့ ဘယ်လိုစိန်ခေါ်ချက်တွေကြုံနေရလဲ။
ဖြေ – ကျွန်တော်တို့က လူထုရဲ့စိတ်ဆန္ဒကိုအခြေခံတာကိုး။ စစ်ကောင်စီကတော့ သူ့ဘာသူ စိတ်ပါပါ၊ မပါပါ စစ်သားကောက်မှာပဲ။ ကျွန်တော်တို့ကတော့ ပြည်သူလူထုက နားလည်လက်ခံလာရအောင် အရင်တုန်းကတော့ တော်လှန်ရေးဟေ့ ပြောလိုက်တာနဲ့ ပြည်သူလူထုက ပါပြီးသားပေါ့။ ဒါပေမယ့် ရှေ့ဆက်လာ တဲ့အခါမှာ ကျွန်တော်တို့က ပြည်သူလူထုကို နားလည်အောင်ရှင်းပြရတယ်။ လုပ်ငန်းစဉ်ကို လက်ခံအောင်ရှင်းပြရတဲ့ အနေအထားတစ်ရပ်ကိုရောက်ပါတယ်။ ဒါအတွက်လည်း တော်လှန်ရေးမှာ ပြည်သူလူထုက စိတ်ကုန်သွားပြီလားလို့မေးရင် ပြည်သူလူထုက ခုချိန်ထိ စိတ်မကုန်သေးဘူး။ စိတ်မကုန်သေးလို့လည်း ကျွန်တော်တို့က အခုအချိန်ထိ ရပ်တည်နိုင်နေသေးတာပါ။ တပ်သားသစ်စုဆောင်းရတာ ခက်ခဲတယ်ဆိုတာက တော်လှန်ရေးက လေးနှစ်ကြာခဲ့ပြီ။ အမှုထမ်းကြတဲ့ကလေး တွေမှာလည်း အားလုံးက ကျောင်းသား၊ လူငယ်တွေများတယ်။ လူငယ်တွေဆိုတာ စိတ်အတက် အကျ မြန်တယ်။ ဒါပေမယ့် ခုကျနေပေမယ့်လည်း တောက်လျှောက်ကြီးကျနေမယ်ဆိုတာ လူငယ်တွေမှာ မရှိဘူး။ နောက် တစ်လလောက်နေရင် အဲ့ဒီလူငယ်က ရှေ့တန်းပြန်ရောက်လာတာပဲ။ တော်လှန်ရေးမှာ တော့ စိတ်ဓာတ်ကျတာတော့မရှိဘူး။ ပြည်သူလူထုက အဆုံးထိသွားမယ်လို့ ဆုံးဖြတ်ထားတယ်လို့ မြင်ပါတယ်။
မေး – စစ်ကိုင်းတိုင်းအပြင် တိုင်းရင်းသားဒေသတွေမှာရော စစ်ရေးလှုပ်ရှားတာရှိလား။
ဖြေ – လောလောဆယ်တော့ ကျွန်တော်တို့ မဟာမိတ်ဆက်စပ်နေတဲ့ ERO နယ်မြေတွေမှာ စစ်ရေးအရ ကူညီ နေတာတွေရှိပါတယ်။
မေး – တခြားဘာများ ဖြည့်စွက်ပြောလိုတာများရှိရင်ပြောပေးပါဦး။
ဖြေ –စစ်ကိုင်းတိုင်းအတွင်းက အဖွဲ့အစည်းအသီးသီးအားလုံးကို Sagaing PDF က မေတ္တာရပ်ခံလိုတာက ကျွန်တော်တို့အားလုံး စုစုစည်းစည်းနဲ့ ရန်သူစစ်ကောင်စီကို အနိုင်တိုက်ကြရအောင်ပါ။ ကျွန်တော်တို့ အတွက် နောင်ရိုးတိုက်ပွဲ ဖောင်ဖျက်ပြီးတိုက်သလို ဒီအချိန်မှာ ရှိတဲ့အားတွေ အကုန်လုံးစုပြီး ရန်သူကို တိုက်ကြရအောင်ပါ။ ဒီတစ်ချိန်တိုက်တဲ့ပွဲက ကျွန်တော်တို့အတွက် အဆုံးအဖြတ် ဖြစ်ပါလိမ့်မယ်။



