ကယား (ကရင်နီ) ပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသ၊ လိုခါးကျေးရွာအနီးကို ယမန်နေ့နှင့် ယနေ့ (ဩဂုတ်လ ၂၀ ရက်နေ့)တွင် လေကြောင်းမှ ဗုံးကြဲခဲ့စဉ် အမျိုးသားတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာ ရသည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ထံက သိရသည်။
ယနေ့ နံနက် ၆း၃၀ မိနစ်တွင် Y-12 ထောက်ပို့လေယာဉ်ဖြင့် လိုခါးလိုကျေးရွာကို ဗုံး ငါးလုံးခန့်ကြဲချခဲ့သော ကြောင့် အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးပြီး အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦး၊ ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ယမန်နေ့ကလည်း နံနက် ၆း၁၀ မိနစ်တွင် ဗုံးကြဲခဲ့သောကြောင့် အမျိုးသား လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
တိုက်ပွဲပြင်းထန်နေသည့် ဖားဆောင်းမြို့နှင့် ၁၀ မိုင်ကျော်ခန့်ဝေးသည့် မော်ချီးဒေသ လိုခါးလိုကျေးရွာနှင့် ဒေသအခေါ် ကြောင်ကြားဟုခေါ်သည့် လူနေရပ်ကွက်ကို Y-12 ထောက်ပို့လေယာဉ်ဖြင့် ဗုံးသီးများ ကြဲချခဲ့ သောကြောင့် အရပ်သားထိခိုက်မှုများရှိသကဲ့သို့ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု IEC ဒုတိယ အတွင်းရေးမှူး ကိုဗညားက ယမန်နေ့က အခြေအနေကို ပြောသည်။
“ အားလုံး လေးယောက် ထိခိုက်တယ်။ အကုန်လုံး အမျိုးသားချည်းပဲ။ နှစ်ယောက်က ဒဏ်ရာပြင်းထန် တယ်”
“Y-12 နဲ့က အကြိမ်ရေများများနဲ့ ဗုံးအများကြီးကြဲပေမယ့်လည်း ပြေးလို့မီတယ်ပေါ့။ လူထုတွေလည်း အသံကြားတယ်။ ရှောင်လို့ရတယ်။ ဒီမနက်ပိုင်း (အင်္ဂါနေ့)မှာ ကြဲတဲ့ Y-12 တွေက အထိအခိုက်နည်းတာကို တွေ့ရတယ် ။ ဒါပေမဲ့ ဂျက်ဖိုက်တာနဲ့ လာကြဲရင်တော့ ပြေးမလွတ်တာများပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ၊ ၁၇ ရက်နေ့၊ နံနက် ၇နာရီခန့်က လိုခါးလိုကျေးရွာ ဆေးရုံနှင့် အနီးပတ်ဝန်းကျင်ကို Y-12 လေယာဉ်သုံးစီးဖြင့် ဗုံးကြဲခဲ့သောကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့တစ်နေ့တည်းမှာပင် မော်ချီးဒေသရှိ ရွှေ့ပြောင်းလုပ်သားများနှင့် ဒေသခံများ စုဝေးနေထိုင်သည့် ၁၆ ကုန်း ရပ်ကွက်ကို မွန်းတည့်ချိန်တွင် ဗုံးကြဲခဲ့သောကြောင့် ယနေ့နေ့လယ်အထိ စာရင်းများအရ သေဆုံးသူ ၃၂ ဦးအထိ ရှိခဲ့ပြီး ထိုအထဲမှ ခြောက်ဦးမှာ မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိသေးပေ။
“အလောင်း ထပ်တွေ့တာလည်း ရှိတယ်။ ထိခိုက် ထဲက ထပ်ပြီးသေဆုံးတာလည်းရှိတယ်။ အိမ် ၁၀ လုံး လောက်က လုံးဝကို ပြားပြားဝပ် ပျက်စီးသွားတာဆိုတော့ သေဆုံးသူတွေက မိသားစုဝင်တွေလည်း တော်စပ်နိုင်တယ်” ဟု ကိုဗညားက ဆိုသည်။

မော်ချီးဒေသသည် ခဲမဖြူနှင့်အဖြိုက်နက် သတ္တုတွင်းများ တည်ရှိရာ ဒေသတစ်ခုဖြစ်ပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားသည်။
ဖားဆောင်းမြို့အနီး စစ်တပ်စခန်းများကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ယခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ တိုက်ခိုက်ခဲ့ရာ အမှတ် (၁၃၄) ခြေလျင်တပ်ရင်း (ခလရ-၁၃၄) ကို ငါးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ပြီး ဗုံးလာကြဲသည့် တိုက်လေယာဉ်တစ်စီးလည်း တိုက်ပွဲအတွင်း ပျက်ကျခဲ့သည်။
နောက်ဆုံးကျန်ရှိသည့် ဖားဆောင်းမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း (ခလရ) ၁၃၅ ကို ကရင်နီတပ်ပေါင်းစုက ဆက်လက် ထိုးစစ် ဆင်လျက်ရှိရာ စစ်တပ်ဘက်မှ လေကြောင်းခုခံမှု အားကောင်းသောကြောင့် စခန်းကို အပြီးသတ် မသိမ်းနိုင်သေးဘဲ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟု တော်လှန်ရေး အင်အားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ လေကြောင်းက ငါးမိနစ်တောင်မခြားဘဲ ဆက်တိုက်ကြဲတယ်။ Y-12 နဲ့ ဗုံးသီးတွေ ချနေတယ်။ အမြဲတမ်း နေ့စဉ် ဗုံးကြဲနေတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
ယခုလအတွင်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး အင်အားစုဘက်မှ ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့သည်။
ဖားဆောင်းအခြေစိုက်၊ အမှတ် (၁၁၀၈) ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မှ အသက် ၁၉ နှစ်အရွယ်၊ ရဲဘော် ဖြိုးဖြိုးအောင်(ခ) အိုင်ညီ နှင့် အသက် ၂၀ အရွယ်၊ ရဲဘော် အာကာမင်းခန့် တို့သည် သြဂုတ်လ၊ ၁၄ ရက်နေ့က တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်ဟု ဖားဆောင်း PDF က ယနေ့ (သြဂုတ်လ၊ ၁၉ ရက်နေ့) တွင် ထုတ်ပြန်ထားသည်။

သြဂုတ်လ၊ ၈ ရက်နေ့က ဖားဆောင်းမြို့အနီးရှိ ကျေးရွာတစ်ရွာတွင် စာသင်ကျောင်းပေါ်သို့ လေယာဉ်ဗုံး ကျခဲ့ သောကြောင့် စာမေးပွဲဖြေဆိုနေသည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသားနှစ်ဦးနှင့် အသက် ၁၁ နှစ်အရွယ် ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လိုလော်ထီးရွာတွင် ကလေး နှစ်ဦးအပါအဝင် အရပ်သား ငါးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မော်ချီးဒေသရှိ ဒေသအခေါ် စက်စရာကွင်းဟုခေါ်သည့်အရပ်တွင် ဇူလိုင်လ၊ ၁၄ ရက်နေ့က လေကြောင်းမှ ဗုံးကြဲမှုကြောင့် အရပ်သား ခြောက်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဇွန်လတွင် ဖားဆောင်းမြို့အနီးတိုက်ပွဲများ ပြန်လည်စတင်သည့်နောက်ပိုင်း မော်ချီးခဲကျင်းလုပ်ကွက် တစ်ခုကို ဗုံးကြဲခဲ့သောကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် ခဲကျင်းလုပ်သား ရှစ်ဦး သေဆုံးခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဖားဆောင်းမြို့နယ်တွင် ယခုနှစ်၊ ဇွန်လနှောင်းပိုင်းမှစတင်၍ သြဂုတ်လ၊ ၁၉ ရက်နေ့အထိ သေဆုံးသူ ၅၂ ဦး အထိရှိလာသည်။



