စစ်တပ် လက်နက်စက်ရုံနှစ်ခုအခြေစိုက်ရာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် ယနေ့ (ဩဂုတ်လ၊ ၁၉ ရက်နေ့)၊ နံနက်ပိုင်းက ကျေးရွာ သုံး ရွာထက်မနည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေး တစ် ဦး အပါအဝင် ပြည်သူ ကိုး ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ် အနောက်မြောက်ဘက် ကျေးရွာများဖြစ်သည့် ရှားလှရွာ၊ ဝန်ကြီးရွာ နှင့် ကျွန်းတောရွာ အပါအဝင် ကျေးရွာ ငါး ရွာထက်မနည်းကို နံနက်၊ ၁၀ နာရီခွဲ ဝန်းကျင်တွင် စစ်တပ်က သယ်ယူပို့ဆောင်ရေးလေယာဉ် အမျိုးအစား Y 12 ဖြင့် ဗုံးသီး အများအပြား ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကျွန်းတောရွာကို လေကြောင်းမှ သုံးကြိမ်တိုက်ခိုက်ရာတွင် အမျိုးသား နှစ် ဦး၊ အမျိုးသမီး သုံး ဦး သေဆုံးခဲ့သည်။ ဆက်လက်ပြီး ရှားလှရွာထဲ ဗုံးကြဲချခဲ့ရာ လေး နှစ်အရွယ် ယောကျာ်းလေး တစ် ဦးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား သုံး ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။
“သူတို့က ရှားလှနားကရွာက။ လှည်းရော နွားရော လှည်းပေါ်မှာပါတဲ့ ပြည်သူတွေ သေသွားတာ။ ရှားလှနားက ဆင်ခေါင်းရွာကို လာတဲ့အချိန်မှာ ရှားလှရွာထဲ လှည်းမောင်းနေရင်းနဲ့ကို ဗုံးမှန်တာ”ဟု ဆိပ်ဖြူပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ က ပြောသည်။
ထိုကျေးရွာများတွင် တော်လှန်ရေးတပ်ဖွဲ့များ အခြေချတပ်စွဲထားခြင်းမရှိသလို မြေပြင်တွင်လည်း တိုက်ပွဲမရှိဘဲ ကျေးရွာထဲကိုကြဲချသည့်အတွက် ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
“ သာမန်လက်လုပ်လက်စားပြည်သူတွေပဲ။ ဘာနဲ့မှ ငြိစွန်းတာမရှိဘူး။ PDF တွေ ထိုင်ထားတဲ့ ရွာလည်း မဟုတ်ဘူး။.. သူတို့ တောင်သူအလုပ်ကိုပဲ လုပ်နေကြတဲ့ရွာတွေကို ပစ်မှတ်ထားပြီးတော့ ချသွားတာ။
ဖျက်အားပြင်းတဲ့ ၁၂၀ တွေချသွားတာ” ဟု ဆိပ်ဖြူမြောက်ပိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
သေဆုံးသူများသာမက ထိခိုက်ဒဏ်ရာရသူ ကိုး ဦး ရှိသည့်အနက် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူအချို့လည်းပါဝင်ပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်း ဗုံးကြဲသည့်ကျေးရွာများတွင် ကျွန်းတော၊ ငချဉ်ချောင်း၊ ပိုင်း၊ ရှားလှ၊ ဝန်ကြီး၊ ကျွန်းချောင်း၊ အိုင်ကြီး တို့လည်း ပါဝင်ပြီး ရွာထဲကျရောက်ပေါက်ကွဲသည့် ကျွန်းတောနှင့် ရှားလှမှာ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ခိုင်းနွား ခြောက် ကောင်သေဆုံးပြီး၊ ငါး ကောင် ဒဏ်ရာရရှိခဲ့သလို နေအိမ် ပျက်စီးမှုများလည်း ရှိကြောင်းသိရသည်။
ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဆိပ်ဖြူမြို့နယ်သည် ပေါက်၊ ပခုက္ကူ၊ စလင်း၊ ဆော တို့နှင့် နယ်မြေချင်း ထိစပ်နေပြီး တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့် ဒေသလည်းဖြစ်သလို စစ်တပ် လက်နက်စက်ရုံများဖြစ်သည့် လေယာဉ်ဗုံးထုတ်လုပ်ရာ ကပစ ၂၁ နှင့် ရိုင်ဖယ်များထုတ်လုပ်ရာ ကပစ ၂၂ တို့ တည်ရှိသည်။
ယနေ့ လေကြောင်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် ကပစ ၂၁ က ထွက်လာသည့် စစ်ကော်မရှင်တပ် ကလည်း မြေပြင်စစ်ကြောင်းထိုးလာနေကြောင်း ဆိပ်ဖြူမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
မြေပြင်စစ်ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းတော၊ ရှားလှ ၊ ဝန်ကြီး၊ ပိုင်း ၊ ငချဉ်ချောင်း စသည့်ကျေးရွာတို့မှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်၊ မြောက်ဘက်ကပ်လျှက်ရှိ ပေါက်မြို့နယ်တွင်လည်း စစ်ကား အစီးရေ ရာချီပါဝင်သည့် စစ်ယာဉ်တန်းမှာ စစ်ကြောင်းထိုးနေရာ လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် လုပ်နေသည်။
ဒီဇင်ဘာလကုန်တွင် ရွေးကောက်ပွဲလုပ်မည်ဟု စစ်ကော်မရှင်က ကြေညာထားပြီး နယ်မြေပြန်လည် စိုးမိုးနိုင်ရေး အတွက် နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုများ အားကောင်းရာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် ဇူလိုင်လကစပြီး စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်နေသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။




