သတင်း

မော်လိုက်၊ ထော်သာစခန်းကို သိမ်းပိုက်ပြီး ပျူစောထီးနှင့် မိသားစုဝင် ၁၉၀ ကျော်ဖမ်းမိ

စစ်တပ်နှင့်ပျူစောထီးများ အခြေချတပ်စွဲထားသည့်စခန်းကုန်းတစ်ခုကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်၍ ပျူစောထီးများ၊ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိခဲ့သည်။

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ပျူစောထီးနှင့် မိသားစုဝင်များအပါအဝင် ၁၉၀ ကျော် ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် (၁) စစ်ဒေသက ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ 

မော်လိုက်မြို့နှင့်မျက်နှာချင်းဆိုင်၊ ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း၊ ထော်သာကျေးရွာတွင် အခြေစိုက် ထားသည့်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မော်လိုက်ခရိုင် အမှတ် (၂) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ဖောင်းပြင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ဩဂုတ်လ၊ ၁၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 

ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့များသို့သွားရာ ဗျူဟာလမ်းဘေးရှိ အဆိုပါစခန်းကုန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ၊ ၁၅ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် တစ်နေ့အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသတွင်း အခြေအနေသိရှိသည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“စခန်းသိမ်းမတိုင်ခင် တစ်ပတ်လောက်ကတည်းက ပတ်ပတ်လည်ပိတ်ဆို့ပြီး လက်နက်ချခိုင်းတာမှာ မချလို့ တိုက်ခဲ့တာ” ဟု ၎င်းက ဆိုသည်။ 

ထော်သာစခန်းကို တိုက်ခိုက်နေစဉ် စစ်တပ်က မြေပြင်စစ်ကူစစ်ကြောင်းမှ တဆင့် စစ်ကူပေးနိုင်ရန် ကြိုးပမ်းသလို လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည့်ကြားမှ စခန်းသိမ်းနိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ထော်သာစခန်းမှ ပျူစောထီးခေါင်းဆောင် အဲပန်အပါအဝင် ပျူစောထီး မိသားစုဝင် ၁၉၀ ခန့် ဖမ်းဆီးရမိခဲ့ပြီး ပျူစောထီး အဖွဲ့ဝင် ၂၀ ခန့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံး ဦး သေဆုံးပြီး ကိုး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ 

ထိုစခန်းမှ ၆၀ မမပြောင်းနှင့် RPG အပါအဝင် လက်နက် ၂၃ လက်နှင့် ခဲယမ်းအချို့၊ ငွေကျပ် သိန်း ၁၅၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်သည်။ 

သိမ်းဆည်းရမိလက်နက်များနှင့် ဖမ်းဆီးရမိသည့် ပျူစောထီးအချို့။ (ဓာတ်ပုံ အမှတ်(၁) စစ်ဒေသ)

ရွာခံများကို သင်တန်းပေးပြီးနောက် ဗျူဟာလမ်းဘေးရှိ ဘုရားကုန်းပေါ်တွင် ၂၀၂၂  နှစ်ဆန်းတွင် စစ်တပ်နှင့်ပျူစောထီးများ ပူးပေါင်းထားသည့်အဖွဲ့က  အထိုင်ချ တပ်စွဲခဲ့သည်။ 

ထိုစခန်းကို  ၂၀၂၂၊ မတ်လတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့သော်လည်း တပ်စွဲမထား နိုင်သည့်နောက် စစ်တပ်ကပြန်လည်အထိုင်ချကာ ကတုတ်ကျင်းများဖြင့် အခိုင်အမာခံစစ် ပြင်ဆင်ထား သည့်စခန်း ဖြစ်ကြောင်း သိရသည်။ 

စစ်တပ် စခန်းပြန်အထိုင်ချထားပြီးကတည်းက တော်လှန်ရေးအင်အားစုများက ဝိုင်းပတ် ပိတ်ဆို့ထားရာ နှစ် နှစ်အတွင်း  စစ်တပ်ဘက်က စစ်ကူနှင့်လက်နက်ခဲယမ်း တစ်ကြိမ်သာ အင်အားဖြည့်ထားနိုင်ခဲ့ကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ 

“ထော်သာစခန်ကုန်းဟာ နှစ် နှစ်ကျော်လောက် ဝိုင်းပိတ်ဆို့ ထားတော့ လက်နက်ခဲယမ်းရိက္ခာပြတ်ခါနီးနေပြီ။ စစ်ကူ အကြိမ်ကြိမ်တောင်းလည်း စစ်ကူက မရောက်နိုင်တော့ စစ်တပ်ဘက်က ထိုးကျွေးလိုက် သလိုပါပဲ။ ဒါတောင် ကျည်ကုန်မှလက်နက်ချသွားတာ” ဟု ၎င်းက ဆက်ပြောသည်။ 

မုံရွာမှ စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ ဆက်သွယ်ထားသည့် ထိုဗျူဟာလမ်းပေါ်တွင် တော်လှန်ရေး အင်အားစုများ က လမ်းပိုင်းအချို့ကို ထိန်းချုပ်ထားနိုင်သော်လည်း စစ်တပ်ထိန်းချုပ်ထားသည့် စခန်း နေရာအချို့ ကျန်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

မော်လိုက်မြို့နယ်၊ ထော်သာစခန်းတည်နေရာပြမြေပုံ။

Related Articles

Back to top button