မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် ယမန်နေ့ (ဩဂုတ်လ၊ ၂၀ ရက်နေ့) က စစ်တပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ဘေးရှောင် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံများထံက သိရသည်။
အဆိုပါ စစ်ဘေးရှောင် နှစ်ဦးသည် မြို့အရှေ့တောင်ဘက် ၁၃ မိုင်ခန့်အကွာ ဇရပ်ကွင်းကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် ကာလရှည်ကြာ စစ်ဘေးရှောင်နေရသည့် ခြောက်မိုင်ကျေးရွာ ဒေသခံများဖြစ်ကြသည်။
ယမန်နေ့၊ နံနက်၊ ၁၁ နာရီကျော်အချိန်တွင် မြောက်ဘက်၊ ခုနစ်မိုင်ရွာ စစ်တပ်စခန်း အတွင်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဇရပ်ကွင်း ရွာသားတစ်ဦးက ပြောသည်။
လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်လုံးက လူထိခိုက်မှုမဖြစ်ခဲ့သော်လည်း ကျန်တစ်လုံးက စစ်ဘေးဒုက္ခသည်များနေထိုင်ရာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ခဲ့သည့်အတွက် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
“ဘုန်းကြီးကျောင်းပေါ်ကို တည့်တည့်ကျတာ၊ ဘုန်းကြီးတောင်မှ တစ်နေရာကို ပင့်သွားလို့ မထိတာ၊ စစ်ဘေးရှောင်နှစ်ယောက်တော့ ထိသွားတယ်၊ ခွေးလေးတစ်ကောင် သေသွားတယ်”ဟု ထိုရွာသားက ဆက်ပြောသည်။
လက်နက်ကြီး ထိမှန်ခဲ့သော စစ်ဘေးရှောင် နှစ်ဦးတွင် တစ်ဦးသည် လက်မောင်းထိမှန် ဒဏ်ရာရခဲ့ပြီး နောက်တစ်ဦးသည် တင်ပါးထိမှန်ခဲ့သည်။
ခုနစ်မိုင်၊ ခြောက်မိုင်နှင့် လေးမိုင်ကျေးရွာ တို့မှ ဒေသခံအများစုသည် တော်လှန်ရေးတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ယမန်နှစ်ကတည်းက စစ်ဘေးလွတ်မည်ဟု ယူဆရသည့် ကျေးရွာများသို့ ရှောင်တိမ်းနေထိုင်နေကြရသည်။
ခြောက်မိုင်ရွာမှ စစ်ဘေးဒုက္ခသည်အချို့ နေထိုင်နေသည့် ဇရပ်ကွင်းကျေးရွာသည် ခုနစ်မိုင်ကျေးရွာ၏ တောင်ဘက်တွင်ရှိပြီး တိုက်ပွဲဖြစ်ပွားရာနေရာနှင့် လေးမိုင်ခန့်ဝေးသည်။
ခုနစ်မိုင်ကျေးရွာ၊ အမှတ် (၂) စစ်အခြေခံသင်တန်းကျောင်းအတွင်းရှိ စစ်တပ်က ဒရုန်းများဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းကို ယခင်လမှ စတင်ပြုလုပ်ခဲ့ပြီး ယခုအခါ လက်နက်ကြီးဖြင့်ပါ ပစ်ခတ်လာခြင်း ဖြစ်သည်ဟု သိရသည်။
သပိတ်ကျင်းမြို့ကို ဇူလိုင်လအတွင်း တော်လှန်ရေးအင်အားစုက လက်လွှတ်လိုက်ရပြီးနောက် ခုနစ်မိုင်ရွာ၊ ခြောက်မိုင်ရွာနှင့် လေးမိုင်ရွာတို့တွင် နှစ်ဖက်တပ် ဆိုင်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပေါ်နေသည်။
စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုအပြီး တစ်နာရီခန့်အကြာ မွန်းတည့် ၁၂ နာရီခန့်တွင် မန္တလေးမြို့ပြ ပြောက်ကျားအဖွဲ့များက သပိတ်ကျင်းမြို့မြောက်ဘက်၊ ၂၆ မိုင်ခန့်အကွာ စစ်တပ်ထိန်းချုပ်ထားသော တွင်းငယ်ရွာ၊ အမှတ်( ၁၃) တန်းမြင့် လေ့ကျင့်ရေးကျောင်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ No More Dictatorship (NMD) က ၎င်းတို့နှင့်အတူ Brave Warriors for Myanmar (BWM) နှင့် Infinity (အညာ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားပြီး အခြားတော်လှန်ရေးအဖွဲ့များကို အားဖြည့်ကူညီသည့်မစ်ရှင်ဟု ဖော်ပြထားသည်။
ပစ်ခတ်မှုအပြီး ထိခိုက်မှုရှိသည်ဟု သိရပြီး အခြေအနေ အသေးစိတ် စုံစမ်းနေဆဲသာဖြစ်ကြောင်း NMD အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ တတက-၁၃ ထဲမှာတော့ အဓိက မိုးကုတ်- မိုးမိတ်လမ်းပိုင်းပေါ့နော်။ မိုးကုတ်ဘက်ကို ထိုးစစ်ဆင်ဖို့ အတွက် ပြင်ဆင်နေတာ အင်အားတော်တော်များတယ်လို့ကြားတယ်ဗျ။ အရေအတွက်ကိုတော့ ကျွန်တော်တို့ တိတိကျကျ မသိရဘူးပေါ့နော်။သို့ပေမယ့် တောက်လျောက်ကို အင်အားဖြည့်တင်းနေတာမျိုး ကြားရတယ်” ဟု NMD အဖွဲ့၏ တာဝန်ရှိသူက ဆိုသည်။
“ပစ်ခတ်နေတဲ့အချိန်မှာပဲ Mi -17တို့၊ တောက်လျောက် ဝဲတာတွေ၊ ရှာတာတွေ Mi-35 တက်တာမျိုးတွေရှိတယ်။ နောက်တစ်ခု 81လက်နက်ကြီးတွေနဲ့ သူတို့ လျှောက်ပစ်တာမျိုးတွေ ရှိတယ်။ နာရီဝက်၊ တစ်နာရီလောက် နေတဲ့အချိန်မှာ ဒရုန်းနဲ့ဗုံးသီးတွေ ပတ်ချာလည် ချတာမျိုးတွေ ကျွန်တော်တို့ကြုံခဲ့ရတယ်”ဟု ထိုသူက ဆက်ပြောသည်။
သပိတ်ကျင်းမြို့ကို ပြန်လည်ရရှိသွားသည့် စစ်တပ်က လေးမိုင်ရွာနှင့်အနီးဝန်းကျင်တွင် ထိုးစစ်ဆင်မှု အချို့လုပ်နေပြီး ယမန်နေ့က တွင်းငယ်ရွာ၊ အမှတ်( ၁၃) တန်းမြင့်လေ့ကျင့်ရေးကျောင်းအတွင်းသို့ Mi-17 ထောက်ပံ့ပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ဆင်းတက်ခဲ့ကြောင်း ရှေ့တန်းစစ်မြေပြင်ရှိ အခြားသတင်းရင်းမြစ်များထံက သိရသည်။
မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာ မြို့နယ်များအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်ကော်မရှင်တပ်က တိုက်ခိုက်ရေးလေယာဉ်များဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲနေသည်။



