သတင်း

ရှမ်းတပ် SSPP ထိန်းချုပ်ရာ နောင်ပိန်ရွာကို စစ်တပ် ဗုံးကြဲ၊ အရပ်သား ၁၀ ဦး သေဆုံး

စစ်ကြောင်းရန်ကြောင့် ဒေသခံတို့ နေရပ်စွန့်ခွာရန် ပြင်ဆင်နေချိန် လေတပ်က ဗုံးကြဲသဖြင့် အများအပြား သေဆုံးသွားကြသည့်အထဲတွင် ကလေးတစ်ဦး ပါဝင်သည်။

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်ရာ နောင်ပိန်ရွာကို စစ်လေယာဉ်က ဩဂုတ် ၂၀ ရက်နေ့  နံနက် ၁၀ နာရီဝန်းကျင်တွင်  ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ရွာသား ၁၀ ဦးကျော် သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 နောင်ပိန်ရွာ အလယ်ကျောင်းနှင့် ရဲစခန်းရှေ့တို့ကို ထိုသို့ တိုက်ခိုက်ရာတွင်   စစ်ဘေးတိမ်းရှောင်ရန် ပြင်ဆင်နေသည့် ကျေးရွာသားများ ထိခိုက်ကြသည်ဟု နောင်ပိန်ရွာခံများက ပြောသည်။

“လူသေဆုံးတာ ၁၀ ယောက်ကျော်ရှိတယ်။ ဘယ်သူမှ ဝင်ကူလို့ မကယ်နိုင်ဘူး။ ဒရုန်းတွေရော၊ ဂျက်ဖိုက်တာတွေရော ဝဲနေတာ။ ဒဏ်ရာရသူတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ထွက်လာကြတယ်။ သေဆုံးသူတွေကတော့ မကောက်နိုင်သေးဘူး” ဟု နောင်ပိန်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူများထဲတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်ပြီး အသေးစိတ်အချက်အလက်များကို လတ်တလော မပြောနိုင်သေးကြောင်း နောင်ပိန်ရွာခံတို့က ဆိုသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ ပြန်ကြားရေးဌာန၏ ရှမ်းဘာသာဖြင့် ယနေ့ထုတ်ပြန်ချက်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ရွာသား ၁၀ ဦး ကျော် သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။ ဒဏ်ရာရသူများကို SSPP တပ်ဖွဲ့က ဆေးကုသမှုပေးနေသည်ဟု ဆိုသည်။

နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ တပ်မ (၁၁ ) တပ်ဖွဲ့ဝင်များသည် TNLA တပ်ဖွဲ့ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်၊ ထန်းတပင်ရွာကို ယမန်နေ့ (ဩဂုတ်လ၊ ၁၉ ရက်နေ့)၊ နံနက်ပိုင်းတွင် စတင် ထိုးစစ်ဆင်လာ၍ TNLA တပ်ဖွဲ့နှင့် တိုက်ပွဲစတင် ဖြစ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထန်းတပင်ရွာနှင့် သုံးမိုင်အကွာတွင် နောင်ချို-ကျောက်မဲ-ရပ်စောက်လမ်းသို့ ထွက်နိုင်သည့် နောင်ပိန် တိုက်နယ်ရွာကြီးရှိသည်။

စစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲများမှာ နောင်ပိန်ရွာအနီးထိ ရောက်လာသည်၊ စစ်တပ်က နောင်ချိုမြို့မှ နေ၍ ကျောက်မဲ-နောင်ချို လမ်းပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။

“ထန်းတပင်ကနေလည်း စစ်ကြောင်းထိုးတယ်။ ပြီးတော့ ဂုတ်တွင်းလမ်းနဲ့ နောင်ပိန်ကြားက ဇီပင်၊ ပင်ပေါ၊ ပင်တီးရွာဘက်တွေကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ အခု အဲဒီရွာက လူတွေ အကုန် နောင်ပိန်ကနေ ကျောက်မဲဘက်ကို ထပ်ရှောင်နေရပြီ” ဟု နောင်ပိန်ရွာခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က နောင်ချိုမြို့မှနေ၍ ကျောက်မဲမြို့နယ် နောင်ပိန်ရွာ၊ ဇီပင်ရွာ၊ ပင်တိန်ရွာ၊ ပင်တီးရွာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်ခဲ့ရာ စစ်ဘေးဒုက္ခသည်များ အပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့သည်။

သီတင်းပတ်နှစ်ပတ်ကျော်ခန့်အကြာ၊ ဩဂုတ်လ၊ ၁၈ ရက်နေ့တွင် ကျောက်မဲမြို့နယ် ကျောင်းကုန်းရွာ၊ နောင်ပိန်ရွာတို့ကို စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ကျောင်းကုန်းရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ နောင်ပိန်ရွာ နားမိန်ဘုန်းကြီးကျောင်းမှ ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျောက်မဲမြို့အား စစ်တပ်ထိုးစစ်ဆင်လာသည့်အခြေအနေနှင့် ပတ်သက်၍ TNLA က သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။

၁၀၂၇ စစ်ဆင်ရေးအတွင်း နောင်ချိုမြို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်တပ်က တောင်ခမ်းကျေး ရွာမှ တပ်မ (၁၁) ၊ တပ်မ (၅၅) စစ်ကြောင်းများဖြင့် ခြောက်လကြာ ထိုးစစ်ဆင်ပြီး နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

စစ်တပ်သည်  နောင်ချို-မိုးကုတ်လမ်းကို ထိုးစစ်ဆင်နေရာ ယခုရက်ပိုင်းတွင် ဒိုးပင်ရွာကို သိမ်းပိုက်ခဲ့ပြီးနောက် မိုးကုတ်နှင့် မိုင် ၅၀ နီးပါးအကွာတွင် ရောက်နေသည်။

နောင်ချိုမြို့ဘက်မှ တပ်မ (၁၁) စစ်ကြောင်းများသည် ကျောက်မဲမြို့ကို ထိုးစစ်ဆင်ရန် ယခုရက်ပိုင်း အတွင်း မြေပြင်စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

နောင်ချို-ဂုတ်တွင်းလမ်းနှင့် ဂုတ်ထိပ် သံလမ်းအနီးတွင် စစ်တပ်နှင့် TNLA တပ်ဖွဲ့များ တပ်ဆိုင်ထားပြီး နောင်ချိုဘက်မှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။

စစ်တပ်သည် နောင်ပိန်ရွာကို ထိုးဖောက်ကာ နောင်ချိုနှင့် ဂုတ်တွင်းလမ်းကို ထိန်းချုပ်ရန် ပြင်ဆင်နေသည်ဟု မြေပြင်တိုက်ပွဲအခြေအနေ သိရှိသည့် TNLA တပ်ဖွဲ့နှင့် နီးစပ်သူများက ဆိုသည်။

“ဂုတ်တွင်းလမ်းကို TNLA က ထိန်းထားလို့ စစ်တပ်က နောင်ပိန်ကနေ လမ်းဖြတ်ထွက်ပြီး ဂုတ်တွင်းလမ်းကို သိမ်းမဲ့အခြေအနေရှိတယ်။ TNLA ကလည်း စနစ်တကျ ခံစစ်ပြင်ထားလို့ တိုက်ပွဲတွေ တော်တော် ပြင်းထန်လာနိုင်တယ်” ဟု TNLA တပ်ဖွဲ့နှင့် နီးစပ်သူ ကျောက်မဲမြို့ခံတစ်ဦးက ပြောသည်။

နောင်ပိန်ရွာသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုင် ၂၀ အကွာတွင်ရှိပြီး နောင်ချို- ကျောက်မဲ ပြည်ထောင်စုလမ်းအတွက် အရေးပါသည့် ရွာကြီးတစ်ရွာ ဖြစ်သည်။ အဆိုပါလမ်းသည် မန္တလေးနှင့် တရုတ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ရှမ်းတိုင်းရင်းသားအများစုနေထိုင်သည့် နောင်ပိန်ရွာသည် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်သည့် ကျေးရွာ ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကာလ ၂၀၂၄ ခုနှစ်၊ ဇွန်လ၊ ၂၅ ရက်နေ့တွင် ကျောက်မဲမြို့ပေါ်ရှိ အမြောက်တပ်နှင့် စစ်တပ်တပ်ရင်းဌာနများကို TNLA က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သြဂုတ်လ၊ ၅ ရက်နေ့၊ ညပိုင်းတွင် ကျောက်မဲ တစ်မြို့လုံးကို ထိန်းချုပ်နိုင်ခဲ့သည်။

တရုတ်၏ ဖိအားဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် စစ်တပ်က ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ မြို့များအား ပြန်လည် တောင်းဆိုရာ TNLA က ငြင်းဆန်ခဲ့သည်၊ ယင်းနောက်ပိုင်း စစ်တပ်က လေကြောင်းပစ်ကူဖြင့် မြေပြင်ထိုးစစ်ဆင်ကာ နောင်ချိုကို သိမ်းပိုက်ခဲ့ပြီး ကျောက်မဲနှင့် မိုးကုတ်မြို့များအား ဆက်လက် ထိုးစစ်ဆင်နေသည်။

Related Articles

Back to top button