သတင်း

ကန့်ဘလူတင့်ကားတပ် စစ်ကြောင်းက အရပ်သား ၅ ဦးကို သတ်ဖြတ်၊ ရွာများ မီးရှို့

ပြည်သူ့စစ်များ အားကောင်းသော ကန့်ဘလူနယ်တွင် စစ်တပ်က မြို့တောင်ဘက်ကျေးရွာများကို စီးနင်းစဉ် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ငါးဦးအား သတ်ဖြတ်သွားပြီး ရွာများကို မီးရှို့သွားသည်။

ရွေးကောက်ပွဲမတိုင်မီ နယ်မြေစိုးမိုးနိုင်ရေး စစ်ကိုင်းတိုင်းတွင် စစ်ရေးလှုပ်ရှားမှု ဆက်တိုက်လုပ်နေသည့် စစ်တပ်က ကန့်ဘလူမြို့နယ်တွင်  ဩဂုတ်လ၊ ဒုတိယပတ်မှစတင်၍ ရက်သတ္တပတ် တစ်ပတ်နီးပါး စစ်ကြောင်းထိုးစဉ် အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး အိမ်ခြေအများအပြား မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံက သိရသည်။ 

ဩဂုတ်လ၊ ၁၅ ရက်နေ့တွင် ကန့်ဘလူမြို့အခြေစိုက် အမှတ် (၆၀၀၆) တင့်ကားတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် မြို့တောင်ဘက်ခြမ်းကျေးရွာများဖြစ်သည့် ရွာမ၊ ထိန်တော၊ သရက်တာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ ကျီးပင်အက် စသည့်ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းခဲ့သည်။ 

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးစီးနင်းစဉ် ရွာသစ်ရွာမှ ကိုဇော်ဦး၊ ရီးဒွေးရွာမှ ကိုဖိုးတရုတ်၊ ထိန်တောရွာမှ ညီအကိုနှစ်ဦးနှင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးတို့ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ကန့်ဘလူမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ 

“ထိန်တောရွာက ညီအကိုနှစ်ယောက်က အဖေကိုပြန်ထမင်းကျွေးတာကနေ မိပြီးသတ်ခံရတာလို့ သိထားရတယ်” ဟု ၎င်းက ဆိုသည်။ 

ထိုစစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့ရာ ကျေးရွာများတလျောက်တွင် နေအိမ် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုကြောင့် သရက်တာနှင့် ကျီးပင်အက်ရွာတို့တွင် အိမ်ခြေပျက်စီးမှု များပြားကြောင်း ပကဖတာဝန်ခံက ဆက်ပြောသည်။ 

ဩဂုတ်လ၊ ၁၉ ရက်နေ့က ကျီးပင်အက်ရွာတွင် နှစ်ညအိပ် တပ်စွဲခဲ့သည့် စစ်ကော်မရှင်တပ်က ရွာကို အကြိမ်ကြိမ်မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ နီးပါးရှိသည့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည်။ 

“တစ်ရွာလုံးနီးပါး ရှို့သွားတာ။ ကုန်သလောက်နီးပါးဖြစ်သွားပြီ။ ရွာမှာက ဘုန်းကြီးကျောင်းပဲ ကျန်တာပါပဲဗျာ။ ရွာထိပ်ဆည်ဘောင်ပေါ်က ဆိုင်တွေပါတက်ရှို့သွားတာ” ဟု ပကဖ တာဝန်ခံက ပြောသည်။ 

ထိုစစ်ကြောင်းသည် ယနေ့ (ဩဂုတ်လ၊ ၂၁ ရက်)၊  နံနက်ပိုင်းတွင် ကျီးပင်အက်ရွာမှ ထွက်ခွာပြီးနောက် မြစ်ကြီးနား- ရွှေဘို ဗျူဟာလမ်းပေါ်ရှိ ငှက်ပျောတိုင်းနှင့် ပေကြီးရွာသို့ ရောက်ရှိသွားကြောင်း ဒေသခံများထံက သိရသည်။ 

ကန့်ဘလူမြို့နယ်တွင် အဓိကလမ်းပိုင်းများ ဖြစ်သည့် ကောလင်း- ကန့်ဘလူ ခရိုင်ချင်းဆက်လမ်းနှင့် ရွှေဘို – မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စစ်တပ်က နယ်မြေပြန်လည် စိုးမိုးနိုင်ရန်ကြိုးပမ်းနေသည်။ စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်အင်အားအကောင်းဆုံးဒေသတစ်ခုဖြစ်သည့် ကန့်ဘလူမှ ပြည်သူ့စစ်များကို သင်္ကန်းဝတ် ဦးဝါသဝက ဦးဆောင်သည်။

၂၀၂၄၊ အောက်တိုဘာလကုန်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်တွင် ပြုလုပ်သည့် ပြည်သူ့စစ်သင်တန်းဆင်းပွဲတွင်တွေ့ရသော ဦးဝါသဝ။ 

စစ်တပ်နှင့်ပျူစောထီးအင်အား ၂၀၀ နီးပါးအပြင် ဒရုန်းများလည်း ပါဝင်သည့် စစ်ကြောင်းရန်ကြောင့် ထိန်တော၊ သရက်တာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ ကျီးပင်အက် စသည့်ကျေးရွာများနှင့် အနီးဝန်းကျင်ရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

နှစ်ကုန်၌ ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားသည့် စစ်တပ်က နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် နယ်မြေစိုးမိုးမှုပြန်ရနိုင်ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လကစပြီး မြို့နယ်ပေါင်း ၁၀ မြို့နယ် ထက်မနည်းတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး လှုပ်ရှားနေသည်။ 

ဌာနဆိုင်ရာများ ရုံးစိုက်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာမြို့နှင့် ကပ်လျက်ရှိ မြို့နယ်များကို စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မန္တလေးတိုင်းအတွင်း မြို့နယ်များနှင့် ထိစပ်နေသည့် စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို မြို့နယ်တို့တွင်လည်း ဆက်တိုက် စစ်ရေးလှုပ်ရှားနေသည်။ 

နမခဝန်းကျင် ရှင်းလင်းရေးအတွက် ဘုလတင်နှင့် အရာတော်နယ်သို့ စစ်ကြောင်းထိုး

နမခ မှစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာမြို့မြောက်ဘက်၊ ဘုတလင်မြို့နယ်ဘက်သို့ စစ်ကြောင်း တစ်ကြောင်း၊ အရှေ့ဘက်ရှိ အရာတော်မြို့နယ်ဘက်သို့ စစ်ကြောင်းတစ်ကြောင်းဖြင့် ပြီးခဲ့သည့်ရက်များ မှစ၍ စစ်ရေးလှုပ်ရှားမှုများရှိနေသည်။ 

ဩဂုတ်လ၊ ၈ ရက်နေ့က မုံရွာမှထွက်လာပြီး အရာတော်မြို့နယ်သို့ ဦးတည်လာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် ကျောက္ကာတောင်ရွာတွင် အထိုင်ချ၍ အနီးဝန်းကျင်ရွာများကိုလည်း စစ်ကြောင်းဖြန့်ဝင် လှုပ်ရှားမှုများ ရှိကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများ ထံကသိရသည်။ 

“ကျောက္ကာတောင်ရွာနားမှာ ထိတွေ့တိုက်ပွဲ ဆက်တိုက်ဖြစ်တယ်။ မနေ့ကလည်း မုံရွာဘက်ကို အဆုတ် ပြသလိုဖြစ်ပေမဲ့ တကယ် မဆုတ်ဘဲ တိုက်ပွဲထပ်ဖြစ်တယ်။ သူတို့ဘက် အထိခိုက်များလို့လားတော့ မသိဘူး ကျောက္ကာတောင်ရွာကို မီးရှို့တယ်” ဟု မုံရွာမြို့ခံ စစ်ရေး သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

ကျောက္ကာတောင်ရွာအတွင်း စစ်ကြောင်းရှိနေဆဲဖြစ်သည့်အတွက် ပျက်စီးသည့် အိမ်ခြေအရေအတွက်ကို မသိရသေးပေ။

စစ်ကြောင်းထိုးမှုကြောင့် မုံရွာမြို့ အရှေ့ဘက်ကျေးရွာများဖြစ်သော ထနောင်းဝင်း၊ ရွာတုံ၊ ကျောက္ကာ (တောင်/မြောက်)၊ ပမဲတော၊ ရေကန်စု၊ ညောင်ပင် စသည့်ကျေးရွာများ အပါအဝင် ၁၀ ရွာထက်မနည်း စစ်ရှောင်နေကြရပြီး လူဦးရေ တစ်သောင်းကျာ် ရှိမည်ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံက သိရသည်။ 

ယမန်နေ့ (ဩဂုတ်လ၊ ၂၀ ရက်နေ့)ကလည်း နမခ မှ အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းသည် ဘုတလင်မြို့နယ်ဘက်သို့ ဦးတည်လာရာ ကံသစ်ရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အင်ဂျင်တပ်လေထီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်။ 

ထိုစစ်ကြောင်းသည် ယမန်နေ့က ဘုတလင်မြို့သို့ ဝင်ရောက်သွားရာ ကပ်လျှက် ဒီပဲယင်းနယ်ထဲသို့ စစ်ကြောင်းဝင်လာနိုင်ခြေရှိကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။ 

စစ်ကော်မရှင်တပ်သည် မုံရွာအနီးသာမက လတ်တလောတွင် မန္တလေးမြို့နှင့် မြစ်တစ်ခုသာခြားသည့် စစ်ကိုင်းမြို့နယ်အတွင်း စစ်ကြောင်း သုံးခုဖြန့်ခွဲကာ စစ်ကြောင်းထိုးနေသလို ကပ်လျှက်တွင်ရှိသည့် ဝက်လက်နှင့် ရွှေဘိုနယ်တို့တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်နေသည်။ 

မြို့ပေါင်း ၅၀ ကျော်ရှိသည့် စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအင်အားစုများက ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ ပင်လည်ဘူးနှင့် အင်းတော်မြို့တို့ကို ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များတွင်လည်း ကျေးလက် ဒေသအများစုကို နယ်မြေစိုးမိုးထားသည်။ 

စစ်တပ်က မြို့ပေါ်နှင့် ၎င်းတို့အထိုင်ချတပ်စွဲထားသည့် ပျူစောထီး အခြေစိုက်ကျေးရွာအချို့မှအပ မြေပြင်စစ်ကြောင်းဖြန့်ကျက်မထိုးနိုင်သည်မှာ နှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်ပြီး ယခုနှစ် ဇူလိုင်လမှစ၍ စစ်ကိုင်းတိုင်းထဲ မြေပြင်စစ်ကြောင်းများ တကျော့ပြန်ဝင်လာခြင်းဖြစ်သည်။

မြေပြင်စစ်ရေးအရှိန်မြှင့်နေသည့်အပြင် စစ်ကိုင်းတိုင်းအပါအဝင် တော်လှန်ရေးတပ်များ အားကောင်းရာ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဆေးဝါး၊ စက်သုံးဆီ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ၊ ကလေးဒိုင်ဘာ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းများအပါအဝင် အခြေခံကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခွင့်ကို ယခုလတွင် ထပ်တိုးကန့်သတ် လိုက်သည်။ 

“စစ်ကြောင်းတွေက ဒီအတိုင်းသာဆက်သွားရင် တော်တော်ခက်နိုင်တယ်။ ပစ္စည်းပစ္စယ ဖြတ်ထားတာတွေက တော်တော်များတာပေါ့။ ခက်ခဲမှုကတော့ အရင်နှစ်တွေထက် ပိုဆိုးလာနိုင်တဲ့ အနေအထား ရှိတယ်။ ဆေးဝါးပြတ်လပ်မှုတွေရှိလာသလို အရေးကြီးတဲ့ကုန်စည်တွေကို ပိတ်ဆို့ထားတော့ အခက်အခဲတွေက ပိုကြီးမားနိုင်တယ်” ဟု စစ်ရှောင်အရေးကူညီပေးနေ သည့် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင် ကပြောသည်။ 

“ စားနပ်ရိက္ခာအတွက်က ဆန်စပါးထွက်တော့ သိပ်ပူစရာမလိုဘူး။ ဒီ့အပြင်ကုန်တွေကတော့ ပိုက်ဆံ ရှိရင်တောင် ဝယ်မရတဲ့အနေထားဖြစ်ပြီးတော့ အရင်နှစ်တွေကထက် ပိုဆိုးလာနိုင်တယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ၊ ၂၈ ရက်နေ့တွင် ပြုလုပ်မည်ဟု  ကြေညာထားပြီး ကချင်၊ ကယား (ကရင်နီ)၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်မှ မြို့နယ်များအပါအဝင် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားသည်။

၁၀၂၇ စစ်ဆင်ရေးတွင် တိုင်းစစ်ဌာနချုပ်များအပါအဝင် မြို့ပေါင်း ဆယ်နှင့်ချီ လက်လွှတ်ခဲ့ရသည့် စစ်တပ်က ယခုနှစ်လယ်ကစ၍ တကျော့ပြန်ထိုးစစ်ဆင်ခဲ့ရာ နောင်ချို၊ မိုးဗြဲ၊ သပိတ်ကျင်း၊ ဒီးမော့ဆို မြို့တို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ 

Related Articles

Back to top button