သတင်း

ပဲခူးအနောက်ခြမ်း၊ ပေါက်ခေါင်းတွင် အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲ၍ သားအဖ ၂ ဦး သေဆုံး

ရခိုင်ရိုးမနှင့်ထိစပ်နေသော ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာရာ အရပ်သား နေထိုင်ရာကျေးရွာများကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခံရပြီး အရပ်သား သားအဖနှစ်ဦး သေဆုံးခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးရွာနှစ်ရွာကို စစ်ကော်မရှင်တပ်က အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲခဲ့၍ ၁၀ နှစ်အရွယ် ကလေးတစ်ဦးနှင့် ဖခင်တို့ သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

ဩဂုတ်လ၊ ၁၉ ရက်နေ့၊ နံနက် ၁၁ နာရီကျော်အချိန်တွင် ပေါက်ခေါင်းမြို့နှင့် ၂၉ မိုင် ကွာဝေးသည့် သဲကုန်းမြို့နယ်မှ တက်လာသည့် စစ်ကော်မရှင်တပ်၏ အင်ဂျင်တပ်လေထီး လေးစီးက  ပေါက်ခေါင်းမြို့နယ် ကျောက်ပြင်သာရွာနှင့် ဖလံပင်ရွာတို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၁၂ လုံး ကြဲချခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် ကျောက်ပြင်သာရွာမှ  ကိုသိန်းဇော် (၃၈ နှစ်) ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့ပြီးသားဖြစ်သူ မောင်သက်ပိုင်ဇော် (၁၀ နှစ်) ၏ ဘယ်ဘက်လက်ပြင်ကို ဗုံးစထိမှန်သေဆုံးခဲ့သည်။ အခြား လေးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်အခြေနေကို သိရှိသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ 

သေဆုံးသွားသည့် သားအဖနှစ်ဦးလုံးကို အခင်းဖြစ်ပွားသည့် ဩဂုတ်လ၊  ၁၉ ရက်နေ့၊ ညနေတွင်ပင် ချက်ချင်းသင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ တိုက်ခိုက်ခံရသည့် ဖလံပင်ကျေးရွာတွင် နေအိမ်အချို့ ပျက်စီးခဲ့သော်လည်း လူထိခိုက် သေဆုံးမှုများ မရှိခဲ့ကြောင်း သိရသည်။

“အခု ကြဲခံရတဲ့ရွာတွေမှာတော့ စစ်ရှောင်ရယ်လို့တော့မရှိဘူး၊ သူတို့ရွာက ဘာစစ်မှလည်း ဖြစ်တာမရှိဘူး၊ စဖြစ်ဖြစ်ချင်းဆိုတော့ အနီးအနားဆွေမျိုးရှိတဲ့ နေရာတွေကို ပြေးကြတာပေါ့၊ ခုတော့ ပြန်ရောက်နေကြပါပြီ၊ သူတို့စိတ်ထဲမှာတော့ အကြောက်တရားကတော့ ရှိနေတုန်းပေါ့”  ဟု အထက်ပါ ပေါက်ခေါင်းမြို့နယ် ဒေသခံအမျိုးသားက ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကျောက်ပြင်သာရွာနှင့် ဖလံပင်ရွာသည် အိမ်ခြေ ရာချီရှိသည့် ရွာကြီးများဖြစ်ပြီး ရွာချင်းကပ်လျက်ဖြစ်ကာ တောင်ယာလုပ်ငန်းအဓိကလုပ်ကိုင်ကြသည်။ ရွာများ၏ မြောက်ဘက် ခုနစ် မိုင်ကျော်ခန့် အကွာတွင် စစ်တပ်၏ အမှတ် (၁၉) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၉) ရှိသည်။ 

ထိုကျောက်ပြင်သာနှင့် ဖလံပင်ရွာတိုက်ခိုက်မှုအပြီး ယနေ့၊ ဩဂုတ်လ၊ ၂၁ ရက်နေ့ နံနက်အချိန်ထိ ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ရှိသေးကြောင်း အထက်ပါဒေသခံက ဆိုသည်။ 

ယမန်နေ့ (ဩဂုတ်လ၊ ၂၀ ရက်နေ့)၊ ညက ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အတွင်း ဒရုန်းဗုံးကြဲခဲ့၍ သရက်ကုန်းကျေးရွာမှ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကာ နှစ်ဦး သေဆုံးခဲ့ သည်ဟု ဒို့ပြည်သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။

ပေါက်ခေါင်းမြို့၏ တောင်ဘက်တွင် ပေါင်းတည်၊ သဲကုန်းမြို့တို့နှင့် ထိစပ်လျက်ရှိသည်။ ပေါက်ခေါင်းမြို့တွင် မြို့နယ် တစ်မြို့နယ်နှင့် ရပ်ကွက် ငါးခုရှိပြီး ကျေးရွာပေါင်း ၁၄၇ ရွာရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အချက်အလက်များအရ သိရသည်။

၂၀၂၃ ခုနှစ်၊ မတ်လကုန်ထိ စာရင်းများအရ ပေါက်ခေါင်းမြို့နယ်တွင် လူဦးရေ တစ်သိန်းနှစ်သောင်းကျော် နေထိုင်ကြပြီး တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။

ကျောက်ပြင်သာရွာနှင့် ဖလံပင်ရွာ တိုက်ခိုက်ခံရမှု အခြေအနေပြမြေပုံ။

 ဩဂုတ်လ၊ ၁၅ ရက်နေ့က ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမ အဝေးပြေးလမ်းဘေးရှိ ဘော်ဒါ ကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးပြီး သုံးဦး အရှင်ဖမ်းမိခဲ့သည်။ 

ထိုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၆၀၁) တပ်ရင်း၊ အမှတ်(၃၆၀၂) တပ်ရင်း၊ အမှတ်(၃၅၀၁) တပ်ရင်းတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန် ထားသည်။ 

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ငယ် ငါး လက်နှင့် ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်။


ယနေ့နံနက်တွင် တိုက်ခိုက်ခံထားရသည့် ဘော်ဒါစခန်းကို စစ်ကော်မရှင်တပ်က အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပဲခူးရိုးမ စစ်ရေးအခြေအနေ

ပဲခူးတိုင်းအနောက်ခြမ်းတွင် စစ်ရေးများ ပိုပြင်းထန်လာနိုင်သည်ဟု  အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင် က ပြောသည်။ 

“ ပြင်းထန်လာနိုင်ပါတယ်။ ခုနောက်ပိုင်း စစ်ကောင်စီက တပ်ဖွဲ့ဝင်ဟောင်းတွေနဲ့ စစ်မှုထမ်းတပ်သားသစ်တွေ ၊ ပြည်သူစစ်တွေ စစ်ကြောင်းဖွဲ့ပြီး နယ်မြေတွေကို အောက်ဘက်မှာ စစ်ကြောင်းထိုးနေတာတွေရှိတယ် မြေပြင်ကွင်းဆင်း စစ်ဆင်ရေးပေါ့။ ရွာတွေဝင်တယ် မီးရှို့တယ် ပစ္စည်းတွေကိုယူတယ် ပြီးရင် ဝေစုခွဲယူကြတယ်” ဟု ၎င်းက ဆိုသည်။ 

ပြည်မြို့နယ်အစပ် ကျေးရွာများတွင် စစ်တပ်က စစ်ကြောင်းထိုး လူ ဖမ်းဆီးနေပြီး ပစ္စည်းယူ မီးရှို့ခြင်းများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ပဲခူးတိုင်းအနောက်ခြမ်းတွင် PDF တပ်ဖွဲ့များ လှုပ်ရှားပြီး နယ်မြေထိစပ်နေသော ပဲခူးအရှေ့တွင် ကရင် အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်း၍ PDF များ စစ်ရေးလှုပ်ရှားသည်။ ထိုနယ်မြေများကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ 

ပြည်အနောက်ခြမ်း၊ ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ရခိုင်ရိုးမနှင့်ထိစပ်နေသော နေရာများတွင် အာရက္ခ တပ်တော် (AA) နှင့် ပူးပေါင်းတပ်များ စစ်ရေးလှုပ်ရှားသည်။

ပြီးခဲ့သည့် ဇူလိုင်လ၊ ၃၀ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမတွင်းရှိ ဆွာဆည်ရှိ  စစ်တပ်စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ဩဂုတ်လ၊ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့် တစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ပြီး လက်နက်ငယ် ခြောက်လက်၊ လက်နက်ငယ်ကျည် နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိသည်။

NUG အနေဖြင့် ပဲခူးရိုးမဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များက ရန်သူ့စစ်စခန်းများကို ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

ထိုတိုက်ခိုက်မှုကို အမှတ် (၂) စစ်ဆင်ရေး နယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁)၊ အမှတ် (၃၅၀၁) တပ်ရင်း၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO/PIA တပ်ဖွဲ့၊ ACDF (Asho Chin Defense Force) တို့ ပူးပေါင်းကာ ဆွာဆည်ရှိ စစ်တပ်စခန်းကို သိမ်းယူခဲ့ခြင်းဖြစ်သည်။

 PIO/PIA တပ်ဖွဲ့၊ ACDF (Asho Chin Defense Force) တို့သည် AA နှင့် မဟာမိတ်များဖြစ်ကြပြီး ရခိုင် နှင့်မကွေးနယ်စပ် အမ်း-ပဒါန်းလမ်းတွင် စစ်ရေးလှုပ်ရှားကြသော အဖွဲ့များဖြစ်သည်။ 

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ ၁ ရက် မှ ၁၄ ရက်နေ့အထိ နှစ်ပတ်အတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင် ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၅၁ ခုရှိခဲ့ပြီး ထိုတိုက်ခိုက်မှုများ အတွင်း သံဃာတော်၊ ကိုရင်၊ ကလေးငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ပြည်သူ ၈၆ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG က ယမန်နေ့တွင် ထုတ်ပြန်ထား သည်။ 

 ဘော်ဒါစခန်းမှ သိမ်းဆည်းရမိလက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- အမှတ်(၂) စစ်ဆင်ရေးနယ်မြေ )

Related Articles

Back to top button