အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေး အယ်လ်ဖာဘိလပ်မြေစက်ရုံကို စစ်တပ် ပြန်လည်ထိန်းချုပ်

တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မန္တလေးတိုင်းထဲမှ တရုတ်ရင်းနှီးမြှုပ်နှံမှု စက်ရုံနေရာတစ်ခုကို အာဏာသိမ်း စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော  အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံကို စစ်တပ်က ယခုရက်ပိုင်း ပြန်လည်ရရှိသွားသည်ဟု  ဒေသခံများ၊ စစ်ရေး ရင်းမြစ်များနှင့် စစ်တပ်ဝါဒဖြန့်ရုပ်မြင်သံကြားထုတ်ပြန်ချက်ထံက သိရသည်။

၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းပြီးနောက် အောင်သပြေကျေးရွာမြောက်ဘက်ကပ်လျက်၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတွင် အင်အားရာဂဏန်းဖြင့် စစ်တပ်က တပ်စွဲစခန်းချထားရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၁၆ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းပိုက်ခဲ့သည်။

ထို့နောက် တစ်နှစ်ကျော်အကြာ ယခုနှစ်၊ ဩဂုတ်လအတွင်း စစ်တပ်က ပြန်သိမ်းနိုင်သွားခြင်းဖြစ်သည်။

ဩဂုတ်လ ၂၇ ရက်နေ့ နံနက်တွင် အယ်လ်ဖာ စက်ရုံ၏အနောက်ဘက်၊ ကားကြီးဝန်းနှင့် စက်ရုံအနီးအနား စစ်သားများ ရောက်ရှိနေပြီး အဆိုပါဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု မတ္တရာမြို့နယ်မှ  စစ်ရေးရင်းမြစ်တစ်ဦး က ပြောသည်။

“အယ်လ်ဖာကနေ မန်း PDF တွေ ဆုတ်သွားပြီလို့ ကြားရတယ်ဗျ။ စက်ရုံထဲက သူတို့ပစ္စည်းတွေ ကားနဲ့ ထုတ်ပြီး ရွှေ့သွားတာလို့ပြောတယ်။ စစ်တပ်က မနက်ကအထိတော့ မြင့်ကုမ္ပဏီနားအထိ ရောက်နေပြီ ကြားရတယ် ။ အယ်လ်ဖာအနောက်ဘက် ကားကြီးဝန်းရယ်၊ မြင့်ကုမ္ပဏီအနားထိ စစ်တပ်ရောက်နေတယ် ကြားရတယ် ။ တိုက်ပွဲလည်း အဲဒီဘက်တကြော ပြင်းထန်နေတယ်”ဟု မတ္တရာစစ်ရေးရင်းမြစ် အမျိုးသား က ဆိုသည်။

အယ်လ်ဖာ ဘိလပ်မြေစက်ရုံကို ပြန်လည်ရယူရန် စစ်တပ်က တစ်နှစ်ပတ်လုံး လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် အကြိမ်ကြိမ် ကြိုးစားခဲ့ခြင်းဖြစ်ပြီး မြေပြင်စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု အောင်သပြေကျေးရွာသားတစ်ဦးကလည်း ပြောသည်။

“တိုက်ပွဲတွေကတော့ မနှစ်ကတည်းက အယ်လ်ဖာကို ရသလောက် ထိုးနေတာလေ။ မတ္တရာဘက် ကနေရော ပုသိမ်ကြီးဘက်ကနေဆိုရင် ထီးတော်မိုး (ရွာ) ဘက်ကနေ ထိုးတာတွေလည်းရှိတယ်”ဟု ဆိုသည်။

“အခု ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေစပြီး ရှမ်းရိုးမတောင်တန်းကြီးပေါ် စစ်ကြောင်းသုံးကြောင်းနဲ့ တက် လာပြီးတော့ အဲဒီကနေ ပြန်ဝိုက်ပြီးထိုးတာ ။ အဲဒါကလည်း တစ်ကြောင်း ၊ တောင်ပေါ်ကထိုးတာရော၊ အောက်ကရော ဂျက်ဖိုက်တာတွေ၊Y 12တွေ၊ Mi-35 တွေကတော့ တောက်လျောက်ပဲ။ အလွန်အကျွံသုံးပြီး (စစ်ကြောင်း) ထိုးတာ”

မတ္တရာမြို့တောင်ဘက်၊ ၁၁ မိုင်ခန့်အကွာ မန္တလေးမြို့မြောက်ဘက်၊ မိုင် ၂၀ ကျော်ခန့် အကွာအဝေးရှိ အယ်လ်ဖာ ဘိလပ်မြေစက်ရုံသည် တရုတ်ပိုင်စက်ရုံဖြစ်ရာ စစ်တပ်အတွက် အရေးပါသည့်အပြင် စက်ရုံတည်နေရာသည် မတ္တရာ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်သုံးမြို့နယ်တို့နှင့် ထိစပ်သည့်နေရာဖြစ်သည်။

ထို့ပြင် တော်လှန်ရေးတပ်များအားကောင်းရာ မတ္တရာမြို့နယ်အရှေ့ခြမ်းသို့ စစ်တပ်က ဆက်လက်ထိုးစစ် ဆင်ရန်လည်း ဗျူဟာကျသည့်နေရာ ဖြစ်နိုင်သည်ဟု အထက်ပါ မတ္တရာစစ်ရေးရင်းမြစ်က ယူဆသည်။

စစ်ကြောင်း လေးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီးနောက် အယ်လ်ဖာ ဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင် ဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် မြဝတီရုပ်မြင်သံကြားက ယနေ့ (ဩဂုတ်လ ၂၈ ရက်နေ့ ) ညပိုင်း၌ ထုတ်ပြန်သည်။

မြဝတီက ထုတ်ပြန်သော အယ်လ်ဖာဘိလပ်မြေစက်ရုံရှေ့မှ စစ်သားများ။

ဩဂုတ်လ တတိယပတ်အတွင်း မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအနီးရှိ တော်လှန်ရေးတပ်များ တစ်နှစ်ကြာ ထိန်းချုပ်ခဲ့သည့် ဖယောင်းတောင်ရွှေတွင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။

မန္တ‌လေးတိုင်း၊ ဝန်ကြီးချုပ်ဟောင်းဦးမောင်ကို ပိုင်ဆိုင်သော ဖယောင်းတောင်ရွှေတွင်းသည် ဧကထောင်ချီ ကျယ်ဝန်းသည့် အကြီးစား ရွှေလုပ်ကွက်များဖြစ်သည်။

မန္တလေး-မြစ်ကြီးနားကားလမ်းဘေး၊ ဒဟတ္တောကျေးရွာအရှေ့မြောက်ဘက်၊ ခြောက်မိုင်ကျော်ခန့် အကွာတွင် အောင်သပြေရွာနှင့် အယ်လ်ဖာဘိလပ်မြေစက်ရုံ တည်ရှိသည်။ 

ဒေသတွင်းတိုက်ပွဲအခြေအနေများကြောင့် ပုသိမ်ကြီး-မတ္တရာနယ်စပ်မှ ကျေးရွာများဖြစ်သော မြကန်သာ၊ သရက်ကိုင်း၊ အောင်သပြေ၊ လင်းမြွေချောင်း၊ ဝသုန္ဒရ၊ ဒဟတ္တော၊ ဆားခါတောင်တို့မှ‌ ဒေသခံများသည် ပြီးခဲ့သည့်လများကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

စစ်တပ်ဝါဒဖြန့်စာမျက်နှာများတွင် ဘိလပ်မြေစက်ရုံကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့နံနက်ကတည်းက  ရေးသားဖော်ပြနေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)သတင်းပြန်ကြားရေး ကိုအော်စမွန်ထံ Myanmar Now က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာမှ တရုတ်ရင်းနှီးမြှုပ်နှံမှု ဘိလပ်မြေစက်ရုံရှိရာ စစ်တပ်စခန်းကို MDY-PDF က ၂၀၂၄၊ ဇွန်လဆန်းမှစ၍  ထိုးစစ်ဆင်ခဲ့ရာ ဇူလိုင်လ၊ ၁၆ ရက်နေ့တွင် အလုံးစုံ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ဘိလပ်မြေစက်ရုံတွင်ရှိသည့်  စစ်သားများ ဆုတ်ခွာပြေးချိန်တွင်  စက်ရုံကိုမီးရှို့သွားပြီး တစ်နှစ်တာလုံး စက်ရုံကို စစ်တပ်က လေကြောင်း၊လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

နိုင်ငံအလယ်ပိုင်း၊ စီးပွားရေးအချက်အချာကျသည့် မန္တလေးမြို့နှင့် မိုင်၂၀ အကွာ၊ မတ္တရာမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊ ဇွန်လ၊၂၅ ရက်နေ့တွင်  တိုက်ပွဲများစတင်ခဲ့ပြီး  လက်ရှိတွင် စစ်တပ်က မတ္တရာအနောက်ခြမ်း တစ်ခုလုံးကို ပြန်ထိန်းချုပ်ထားသည့်အပြင် မတ္တရာအရှေ့ခြမ်းကိုပါ ထိုးစစ်ဆင်လာပြီး တရွေ့ရွေ့ ရှေ့တိုးနေသည်။

မတ္တရာမြို့နယ်မြောက်ဘက်တွင် MDY-PDF သိမ်းထားသော စဉ့်ကူးမြို့နယ်ရှိပြီး မတ္တရာနယ်မြေများ လက်လွှတ်ရပါက စဉ့်ကူးသည် မြောက်ဘက်သပိတ်ကျင်းဘက်နှင့် မတ္တရာတို့ဘက် စစ်တပ်က ပိတ်ဆို့ ထိုးစစ်ဆင်လာနိုင်ပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ ဝက်လက်နယ်ထဲကိုလည်း စစ်ကြောင်းများဖြင့် ဝင်ရောက်လာနိုင်သည်။

တရုတ်နိုင်ငံဘက်ကမူ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများနှင့်တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပူးပေါင်းနှိမ်နင်းရန် ၊ တရုတ်-မြန်မာနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရန်အတွက်  အာဏာသိမ်းစစ်တပ်ထံ အစဉ်တစိုက် တောင်းဆိုထားသည်။

မြဝတီက ထုတ်ပြန်သော အယ်လ်ဖာဘိလပ်မြေစက်ရုံရှေ့မှ စစ်သားများ။

Related Articles

Back to top button