မကွေးတိုင်း၊ ပေါက်မြို့နယ်သို့ ရိက္ခာသွားပို့သည့် စစ်ယာဉ်တန်းပါ စစ်သားများက ပေါက်မြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာအချို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံအချို့ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ပေါက်မြို့နယ်၊ ကာကွယ်ရေးလက်နက်ပစ္စည်းစက်ရုံ (ကပစ ၂၄) နှင့် ပြည်သူ့စစ်များထံသို့ ရိက္ခာများပို့စဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟုဆိုသည်။
ဩဂုတ်လ၊ ၂၅ရက်နေ့တွင် ပေါက်မြို့နယ် အရှေ့ဘက်ခြမ်း၊ ပေခုနှစ်ပင်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ဓာတ်ပုံများနှင့် သတင်းထုတ်ပြန်ထားသည်။ မီးလောင်သွားသည့် နေအိမ်အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပြီးခဲ့သည့် ဩဂုတ်လ၊ ၂၀ ရက်နေ့ကလည်း ရေယာဉ်ကျေးရွာရှိ နေအိမ် ၃၁လုံးကိုလည်း အထက်ပါ စစ်ယာဉ်တန်းတွင်ပါသည့် စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းစစ်ယာဉ်တန်းသည် ပေါက်မြို့နယ်၊ ကပစ-၂၄ အပါအဝင် ပြည်သူ့စစ်ရွာများသို့ ရိက္ခာများ ဖြည့်တင်းပေးခဲ့သည်ဟု ဒေသခံများနှင့် အညာမြေအရပ်ဘက် လူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မေလ၊ ၂၅ ရက်နေ့မှစ၍ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) မှ စစ်ယာဉ်တန်း ၁၈၀ကျော်နှင့်
စစ်သားအင်အား ၁,၀၀၀ ဝန်းကျင်သည် ပေါက်မြို့နယ်သို့ လက်နက်နှင့် ရိက္ခာများ ထောက်ပံ့ရန် ထွက်လာခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စစ်ယာဉ်တန်းသည် ၄၅ မိုင် ရှည်လျားသည့် ပခုက္ကူ- ပေါက်လမ်းအတိုင်း ပေါက်မြို့နယ်အတွင်းတွင် စစ်ကြောင်းထိုး၊ ရွာများကို မီးရှို့ခဲ့ပြီး နှစ်လကျော်အကြာ ဩဂုတ်လ၊ ၂၀ ရက်နေ့တွင် ပေါက်မြို့ပေါ်ရှိ ကပစ- ၂၄ သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။
ယင်းစစ်ယာဉ်တန်းသည် ဩဂုတ်လ၊ ၂၂ရက်နေ့တွင် ပေါက်မြို့နယ်မှ ပခုက္ကူသို့ ပြန်လာချိန်တွင် Non CDM မိသားစုများနှင့် ပြည်သူ့စစ်မိသားစု၊ တပ်မိသားစုဝင်များကို ပခုက္ကူဘက်သို့ ပြန်လည်ခေါ်ဆောင်လာသည်ဟု ဒေသခံများက ပြောသည်။
ရိက္ခာပို့စစ်ကြောင်း ဖြတ်သန်းလာခဲ့သည့် ထန်တောကုန်း၊ ပျဉ်းချောင်း၊အောက်ကျဉ်း၊ ငမို့လေး၊ ငမို့ကြီး၊ ဆင်သေ၊ကျွန်းပင် စသည့် ကျေးရွာများမှ စားနပ်ရိက္ခာဆန်နှင့် အဝတ်အထည်များကို အဓိက
ယူဆောင်ပြီး ငွေနှင့်ရွှေထည်ကို တွေ့ပါကလည်း ယူဆောင်တတ်ကြောင်း အညာမြေအရပ်ဘက် လူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့စစ်ကြောင်းထိုးလာတော့ ကျေးရွာတွေက ရှောင်ရတယ်။ မန်ကျည်းပြင်၊ ရေပြာရဲ့ မြောက်ဘက်နား တစ်ကြောရွာတွေဆိုရင် ကားမဝင်နိုင်ရင် လှည်းတွေ၊ သုံးဘီးတွေနဲ့ သယ်ကြတာ၊ ယာကြီးပြင်နားကရွာ သူတို့နဲ့ နီးတဲ့ရွာတွေ ဖြတ်သွားရင် အကုန်သယ်တာဗျ”ဟု ၎င်းက ပြောသည်။
ထိုအခြေအနေများကြောင့် ပြည်သူများအနေဖြင့် စစ်ဘေးရှောင်ပြီး မိမိပိုင်ပစ္စည်းများ ဆုံးရှုံးမှု မဖြစ်စေရန် ပြင်ဆင်ထားသင့်ကြောင်း ပေါက်မြို့နယ်၊ လူမှုအဖွဲ့အစည်းများက ကြိုတင်သတိပေးထားသည်။
ပေါက်မြို့နယ်အတွင်း စစ်ရေးအခြေအနေ
ဩဂုတ်လ၊၂၂ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်တွင် ပေါက်မြို့နယ် အရှေ့ပိုင်းရှိ ဆယ်ဝကျေးရွာသို့ စစ်တပ်ကဂျက်ဖိုက်တာ နှစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး ခြောက် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံအချို့က Myanmar Now ကို ပြောသည်။
ဆယ်ဝရွာသည် ပေါက်မြို့နယ် အရှေ့ဘက်၊ ၁၇မိုင်ခန့်သာ ကွာဝေးပြီး အိမ်ခြေ ၁၅၀ကျော်နှင့် ဒေသခံ ၅၅၀ ခန့် နေထိုင်သော ကျေးရွာ ဖြစ်သည်။
ပေါက်မြို့နယ်သို့ ရိက္ခာပို့သည့် အထက်ပါစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များသည် ဩဂုတ်လ၊ ၂၅ ရက်နေ့တွင် ယာကြီးပြင် ပျူစောထီးစခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ ထိုထိတွေ့တိုက်ပွဲတွင် နှစ်ဖက်အကျဆုံးရှိသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။
လတ်တလောတွင် ထိုရိက္ခာပို့စစ်ကြောင်းသည် ရေပြာကျေးရွာအနီးရှိ တက်မတောင်ကြောသို့ ရှေ့ပြေး စစ်ကြောင်းများဖြင့် တက်ရောက်ရန် ကြိုးစားနေသည်ဟု အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း၏ တာဝန်ရှိသူ ကပြောသည်။
ဩဂုတ်လ၊ ၁၄ရက်နေ့မှစ၍ ရေပြာကျေးရွာအနီး၊ သမားတော်ရွာ မီးရှို့ခံရပြီး ပြည်သူ လေးဦး ဖမ်းဆီးခံထားရသည်ဟု သိရသည်။ ရေယာဉ်ကျေးရွာ၊ တည်ပင်ကန်ကျေးရွာ၊ အောက်ကျင်းကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာတို့ရှိ ဒေသခံအမျိုးသား ၁၀ ဦး ထက်မနည်း ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရနိုင်သည်ဟု ဒေသခံအချို့က ဆိုသော်လည်း သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပေ။
ဖမ်းဆီးခံရသူ ဒေသခံများအနက် ပြန်လည်လွတ်မြောက်လာသူများ ရှိသလိ်ု တော်လှန်ရေးအဖွဲ့များနှင့် ဆက်နွယ်မှုရှိပါက သတ်ဖြတ်ခံရသည်ဟု ပေါက်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ပေါက်မြို့နယ် အရှေ့ဘက်ခြမ်း၊ ဆယ်ဝရွာ၊ ပျဉ်းချောင်း၊ ထန်တောကုန်းရွာအပါအဝင်ပေါက်- ပခုက္ကူ လမ်းပိုင်းပေါ်ရှိ ကျေးရွာ ၂၀ထက်မနည်းမှ လူဦးရေ ၁၀,၀၀၀ ကျော်စစ်ဘေးရှောင်နေရသည်။ပေါက်မြို့နယ်သို့ စစ်ရိက္ခာလာပို့ဆောင်ခဲ့သည့် စစ်ယာဉ်တန်းသည် ယနေ့နံနက်ပိုင်းအချိန်အထိ ကံမ္မ၊မြိုင်နှင့်
ပခုက္ကူဘက်သို့ ဦးတည်လှုပ်ရှားနေသည်။ ဒေသခံပြည်သူများအနေဖြင့် လေကြောင်းရန်နှင့် မြေပြင်စစ်ကြောင်း တို့ကို သတိပြု၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် ပေါက်မြို့နယ် လူမှုအဖွဲ့အစည်းများနှင့် တော်လှန်ရေး အင်အားစုများ က အသိပေး ထုတ်ပြန်ထားသည်။



