ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့လယ်တွင် ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ဆက်စပ်သည့် လင်မယားနှင့် ၎င်းတို့၏ သားငယ် သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံအချို့နှင့် BGF ထံက သိရသည်။
ဩဂုတ်လ၊ ၂၇ ရက်နေ့၊ ည ၈ နာရီခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ပြည်သာယာ (၄) လမ်းရှိ အနှိပ်ခန်းတစ်ခုတွင် ဆိုင်ပိုင်ရှင်လင်မယားနှင့် ၎င်းတို့၏ ကလေးငယ်တို့ကို သေနတ်သမားတစ်ဦးက ဝင်ရောက် ပစ်သတ်ခဲ့ကြောင်း မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“သူတို့က သန့်ဇင်အမည်နဲ့ မာဆတ် (အနှိပ်ခန်း) ဖွင့်ထားတာ။ အရပ်ဝတ်နဲ့ပဲ ဝင်ပစ်သွားတာ။ မိသားစု သုံးယောက်လုံးကိုပေါ့။ အမျိုးသားကတော့ ရင်ဝ တစ်ချက်၊ အမျိုးသမီးကတော့ နှစ်ချက် ၊ ကလေး ကတော့ သေနတ်ဒဏ်ရာ လေးချက်နဲ့ ပွဲချင်းပြီးဆုံးတယ်။ ကလေးကတော့ ယောကျာ်းလေး နှစ်နှစ်နဲ့ ကိုးလအရွယ်ပါ” ဟု ၎င်းက ပြောသည်။
ထို့နောက် သေနတ်သမားသည် ပြည်သာယာ (၄) လမ်းမှ ပြည်သာယာ (၅) လမ်းဘက်သို့ ပြေးသွားပြီး အသင့်စောင့်နေသည့် ကားဖြင့် ထွက်ပြေးသွားကြောင်း ၎င်းက ဆက်ပြောသည်။
သေဆုံးသွားသည့် မိသားစုသည် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) စစ်ဒေသမှ တာဝန်ရှိသူတစ်ဦးနှင့် ဆက်စပ်သော အရပ်သားများဖြစ်သည်ဟု BGF ဒုတိယ ဗိုလ်မှူးကြီး နိုင်မောင်ဇော် က Myanmar Now ကို ပြောသည်။
“သေဆုံးသွားတဲ့သူက ကျွန်တော်တို့ စစ်ဒေသ (၄) က အရာရှိတစ်ယောက် ခိုင်းထားတဲ့ ကောင်လေးတွေ။ လုံခြုံရေးကတော့ မြို့ပေါ်မှာ နေရာတိုင်းတော့ လုပ်တာပဲ။ နယ်စပ်မြို့ဖြစ်တော့ သေနတ်တွေက ပေါတာပေါ့။ အေးချမ်းစွာနေထိုင်တဲ့ ပြည်သူတွေကို ကျွန်တော်တို့က ဖိအားလည်းမဖြစ်စေချင်ဘူး။ ဒါကြောင့် ထိန်းထိန်းသိမ်းသိမ်း လုပ်တာပေါ့။ လုပ်တဲ့အပေါ် အခွင့်အရေးသမားတွေက တအားလွန်လာတယ်” ဟု ၎င်းက ဆိုသည်။
ပစ်ခတ်မှုလုပ်ဆောင်သွားသူသည် မည်သူ၊ မည်ဝါဖြစ်သည်ကို စုံစမ်းနေပြီး သိရှိရပါက ပြတ်ပြတ်သားသား အရေးယူမည်ဟု မြဝတီမြို့လုံခြုံရေးကို တာဝန်ယူထားသည့် BGF တပ်ဖွဲ့၏ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော် က ပြောသည်။
မကြာသေးသည့် ဩဂုတ်လ၊ ၂၄ ရက်နေ့က မြဝတီမြို့ အမှတ် (၄) ရပ်ကွက်တွင် ရာအိမ်မှူးကို ဆဲဆိုသည့် အသက် ၄၅ နှစ်အရွယ်၊ အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားစဉ် သေဆုံးမှု ဖြစ်ပွား ခဲ့သည်။
အဆိုပါ အမျိုးသားအား လာခေါ်သွားသည့်အဖွဲ့သည် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ဖွဲ့ဝင်များဖြစ်ပြီး ထိန်းသိမ်းထားစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မြဝတီဒေသသတင်းများ တင်ဆက်နေသည့် မြဝတီနှင့် မဲဆောက်မီဒီယာက ရေးသားသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက တိုက်ပွဲများဖြစ်ပြီးနောက် အရပ်သား အသတ်ခံရမှုများ မကြာခဏရှိနေကြောင်း အထက်ပါ မြဝတီမြို့ခံအမျိုးသမီးက ပြောသည်။
“ဒီဟာတွေက အရင်ကတည်းက ဖြစ်နေတာ။ ဆိုရှယ်မီဒီယာ အပေါ် မတက်ကြတာပဲ ရှိတယ်။ တိုးတိုးတိတ်တိတ်နဲ့ဖြစ်နေတာ။ တစ်လောင်းပြီးတစ်လောင်း ဘယ်သူသတ်မှန်း မသိဘူး။ တစ်ခါမှလည်း လက်သည် မပေါ်ဘူး။ ပြည်သူကတော့ ဒီလိုပဲ စိုးတထိတ်ထိတ် နေနေရတာပဲ” ဟု သူက ဆိုသည်။
မြဝတီမြို့ရှိ စစ်တပ်၏ အမှတ် (၂၇၅) ခြေလျင်တပ်ရင်း (ခလရ ၂၇၅) ကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီး မြဝတီမြို့ အမှတ် (၂) တံတားတွင် တပ်စွဲသည့် စစ်တပ်ကို ဆက်လက် တိုက်စစ်ဆင်ခဲ့သည်။
မြို့တွင်း၌ BGF တပ်များရှိသော်လည်း KNU ဦးဆောင်သည့် တော်လှန်ရေးတပ်နှင့် တိုက်ပွဲမဖြစ်ခဲ့ပေ။
ဧပြီလ၊ ၂၀ ရက်နေ့ တစ်ရက်လုံး KNU ဦးဆောင်သည့် တော်လှန်ရေးတပ်နှင့်အာဏာသိမ်းစစ်တပ်အကြား အပြင်းအထန်ပစ်ခတ်ကြပြီး နောက်တစ်နေ့ နံနက်တွင် KNU ဘက်က တပ်ဆုတ်ပေးလိုက်သဖြင့် တိုက်ပွဲ ရုတ်တရက်ရပ်တန့်သွားသည်။
KNU နှင့်တော်လှန်ရေးတပ်များမြို့မှ ဆုတ်ခွာသွားပြီးနောက် ခလရ ၂၇၅ တပ်ရင်းကို စစ်တပ်က BGF ၏ အကူအညီဖြင့် ပြန်လည်ထိန်းချုပ်ပြီး မြို့တွင်း အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ခဲ့သည်။ သို့သော် မြို့လုံခြုံရေးကို BGF တပ်ဖွဲ့ဝင်များက ဆက်လက်တာဝန်ယူခဲ့သည်။
မြဝတီမြို့တွင် BGF အပြင် ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU/KNLA (PC) နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့၏ ဆက်ဆံရေးရုံးများရှိသည်။
လက်ရှိတွင် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များက မြဝတီမြို့အနောက်ဘက် သင်္ဃန်းညီနောင်ရွာကို ထိန်းချုပ်ထားပြီး မြဝတီမြို့ပတ်လည်ရှိ ကျေးလက်ဒေသကို စိုးမိုးထားသည်။
မြဝတီမြို့တွင် လက်ရှိအချိန်အထိ အစိုးရဖြန့်ဖြူးသည့်လျှပ်စစ်မီး မရသည်မှာ တစ်နှစ်ကျော်ရှိနေပြီး မိုဘိုင်းအင်တာနက်လည်း သုံးစွဲ၍မရကြောင်း ၊ Wifi အင်တာနက်သာ သုံးစွဲနေရကြောင်း မြဝတီမြို့ခံ အချို့က ပြောသည်။
မြဝတီမြို့အနောက်ဘက်တွင်မူ စစ်ကော်မရှင်တပ်သည် မြဝတီမြို့ဘက်သို့ ဦးတည်၍ စစ်ကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း KNU ထံက သိရသည်။
စစ်ကော်မရှင်တပ်သည် ကြာအင်းရွာဘက်မှ တစ်ကြောင်း ၊ လှိုင်းဘွဲ့မြို့နယ်ဘက်မှ တစ်ကြောင်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှ တစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်း KNU အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
“သူတို့ကတော့ “မျှော့စစ်ဆင်ရေးပုံစံ” လို့ ပြောရမှာပေါ့။ တစ်တောင်ရ တစ်တောင်။ တဖြည်းဖြည်းချင်း တိုးနေတယ်။ ကျွန်တော်တို့ဘက်က တပ်ဖွဲ့ဝင်တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်။ သူတို့ စစ်ကြောင်းမှာ ပျက်နေတဲ့တံတားတွေပြင်ဖို့ ပစ္စည်းတွေပါလာတယ်လို့ သတင်းကြားတယ်” ဟု ၎င်းက ဆိုသည်။



