သတင်း

လေကြောင်းရန်ကြောင့် ကွတ်ခိုင်တွင် ကျောင်းများပိတ်၊ MNDAA ရုံးတွင် မြန်မာအလံလွှင့်ထူ

တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင်စစ်တပ် လေယာဉ်များ ညပိုင်းမှာ ပျံသန်းပြီးနောက် စာသင်ကျောင်းများ ပိတ်လိုက်ကြကာ MNDAA ရုံးများက မြန်မာအလံများ လွှင့်ထူထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့တွင် လေကြောင်းရန်ကြောင့် ယနေ့ (ဩဂုတ် ၂၇ ရက်နေ့) စာသင်ကျောင်းများ ရုတ်တရက် ပိတ်လိုက်ပြီး ကိုးကန့်တပ် (MNDAA) ရုံးများတွင် မြန်မာနိုင်ငံအလံ များ လွှင့်ထူထားသည်ဟု ဒေသခံများထံက သိရသည်။

ယမန်နေ့ညတွင် စစ်တပ်၏ ကင်းထောက်လေယာဉ် ပျံဝဲပြီးနောက် ယနေ့ နံနက်တွင် စာသင်ကျောင်း များ ရုတ်တရက် ပိတ်လိုက်ခြင်းဖြစ်သည်ဟု ကွတ်ခိုင်ဒေသခံတို့က ဆိုသည်။

“ကင်းထောက်လေယာဉ်က ညပိုင်းမှာ သုံးလေးခါလောက် လာသွားတယ်။ ဒါမျိုးလာပြီးရင် ဗုံးကြဲတတ် တော့ လူတွေလည်း ကြောက်ကြတာပေါ့။ အခုမနက်တော့ စာသင်ကျောင်းတွေ ပိတ်လိုက်ပြီ” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် TNLA နှင့် စစ်တပ်ကိုယ်စားလှယ်များ ယခုရက်ပိုင်းအတွင်း ဆွေးနွေးရန် ရှိနေပြီး ဆွေးနွေးပွဲရလဒ်ပြီးမှသာ ကျောင်းများ ပြန်ဖွင့်နိုင်မည့် အခြေအနေရှိသည်ဟု သိရသည်။

တအာင်းတပ် (TNLA) နှင့် ကိုးကန့်တပ် (MNDAA) ပူးတွဲထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့၌ ဈေးဆိုင်များလည်း ပိတ်ထားပြီး လူအသွားအလာမရှိသလောက် ဖြစ်သွားသည်ဟု မြို့ခံများ က ဆိုသည်။

“လူတွေလည်း ခြောက်ကပ်တိတ်ဆိတ်သွားတယ်။ ဆိုင်တွေလည်း ပိတ်ကုန်တယ်။ ဘာဖြစ်မှန်းကို မသိရတာ” ဟု ကွတ်ခိုင်မြို့ခံ နောက်တစ်ဦးက ဆိုသည်။

လေကြောင်း အန္တရာယ်အတွက် မြို့ခံများ စိုးရိမ်နေချိန် ယနေ့ နံနက်တွင် MNDAA တပ်ဖွဲ့ ထိန်းချုပ်သည့် ရုံးများတွင် ကိုးကန့်အထူးဒေသအလံနှင့်အတူ မြန်မာနိုင်ငံအလံများကို ပူးတွဲလွှင့်တင်လာသည်ဟု သိရသည်။

“ဒီမနက်ပိုင်းမှာပဲ ကိုးကန့်တပ်ဖွဲ့က သူတို့ရုံးတွေမှာ မြန်မာနိုင်ငံအလံပါ တွဲတင်ထားတာ တွေ့ရတယ်။ လေယာဉ်သတင်းရော အဲလိုအလံတင်တာတွေ ရောဆိုတော့ ကျွန်တော်တို့လည်း ဘယ်လိုဖြစ်လာမလဲ ဆိုတာပဲ စောင့်ကြည့်နေရတာ” ဟု အထက်ပါကွတ်ခိုင်မြို့ခံ အမျိုးသားက ပြောသည်။
TNLA နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်နေချိန် သဘောတူညီချက်ရထားသော ကိုးကန့်တပ်က စစ်တပ်၏ မြန်မာနိုင်ငံအလံကို လွှင့်ထားသောကြောင့် ဒေသခံများက စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

ထိုအခြေအနေတွင် လက်နက်ကိုင်နှစ်ဖွဲ့လုံးက တစုံတရာ ထုတ်ပြန်ခြင်းမပြုသေးပေ။

၂၀၂၁ မေလအတွင်းက တွေ့ရသော ကွတ်ခိုင်မြို့အဝင်။ (ဓာတ်ပုံ-မြတ်ပန်း)

ကွတ်ခိုင်မြို့သည် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိရာ မူဆယ်မြို့နှင့် မိုင် ၆၀ ခန့်အကွာတွင် တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသည့်မြို့ ဖြစ်သည်။

ကွတ်ခိုင်မြို့ပေါ်ကို TNLA က ထိန်းချုပ်ထားသလို MNDAA ကလည်း ကွတ်ခိုင်မြို့အား အထူးဒေသ (၁) တွင် ထည့်သွင်းထားကာ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲနှင့် မုံးစီးဒေသတွင် MNDAA  အုပ်ချုပ်ရေး လည်ပတ်နေသည်။

ကွတ်ခိုင်မြို့ ပညာရေး၊ ကျန်းမာရေး၊ ဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စများအား TNLA က တာဝန်ယူထားပြီး ရပ်ကွက်နှင့် ကျေးရွာအဆင့် အုပ်ချုပ်ရေးကိစ္စများအား MNDAA က တာဝန်ယူထားသည်။

မြို့ပေါ်ရပ်ကွက် ၈ ခုရှိသည့် ကွတ်ခိုင်မြို့ပေါ်တွင် လူဦးရေ ငါးသောင်းနီးပါးရှိသည်။ ကချင်၊ ရှမ်း၊ တအာင်း (ပလောင်)၊ မုန်းဝန်းဗမာ စသည့် တိုင်းရင်းသားအများစုဖြစ်ပြီး ဗမာ၊ မြောင်ဇီ၊ ဝ စသော တိုင်းရင်းသားများ၊ ဂေါ်ရခါးလူမျိုးများလည်း နေထိုင်ကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် စစ်တပ်က ကွတ်ခိုင်မြို့ အမှတ် (၂) ရပ်ကွက်ရှိ ဟိုတယ်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ MNDAA အရာရှိတစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

ထိုအရာရှိသေဆုံးမှုနှင့်ပတ်သက်၍ MNDAA ဘက်က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်နှင့် MNDAA အကြား ခက်ခဲစွာ ရရှိထားသည့် စစ်ပြေငြိမ်းရေးဆိုင်ရာ ယုံကြည်မှုအား ချိုးဖောက်ခြင်းဖြစ်သည်ဟု MNDAA ဘက်က ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ ကြားဝင်မှုဖြင့် မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်မြို့များအား ပြန်ပေးရန် စစ်တပ်က တောင်းဆိုခဲ့ရာ TNLA နှင့် သဘောတူညီမှု မရသဖြင့် နောင်ချိုမြို့ကို ထိုးစစ်ဆင်၍ ပြန်သိမ်းယူခဲ့သလို လက်ရှိတွင် ကျောက်မဲမြို့နှင်ါ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကြောင်းထိုးနေသည်။

ကျောက်မဲမြို့နယ် ထန်းတပင်ရွာနှင့် သုံးမိုင်အကွာ နောင်ပိန်ရွာအနီး ယနေ့အထိ TNLA တပ်ဖွဲ့နှင့် တိုက်ပွဲ ဆက်ဖြစ်နေသည်ဟု နောင်ပိန် ကျေးရွာဒေသခံများထံက သိရသည်။

Related Articles

Back to top button