အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD ပါတီဝင် အမျိုးသမီး ၅ ဦးကို အကြမ်းဖက်ပုဒ်မများဖြင့် အိုးဘိုထောင်ပို့ 

စစ်ကိုင်းငလျင်ကြီးမလှုပ်ခတ်မီ နံနက်က စစ်ကိုင်း-မုံရွာလမ်းမပေါ်တွင် ပျောက်ဆုံးသွားသော NLD ပါတီဝင် အမျိုးသမီး ငါးဦးမှာ စစ်တပ်က ဖမ်းဆီးသွားပြီး ငါးလအကြာတွင် အိုးဘိုထောင်သို့ ရောက်လာ သည်။

မန္တလေးမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အမျိုးသမီး ငါးဦးကို စစ်တပ်က အကြမ်းဖက် ပုဒ်မများဖြင့် အမှုဖွင့်စွဲဆို၍ အိုးဘိုထောင်သို့ ပို့ဆောင်ထားပြီး ယင်းတို့အနက် နှစ်ဦးသည် တိုက်ပိတ်ခံထား ရသည်ဟု NLD ပါတီအသိုင်းအဝိုင်းထံက သိရသည်။

ပြင်းအား ၇ ဒသမ ၇၊ ပျက်စီးဆုံးရှုံးမှုများပြားသည့်  စစ်ကိုင်းငလျင်ကြီးမလှုပ်မီ မတ်လ၊ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီ ခန့်တွင်  သက်လတ်ပိုင်းအရွယ် အဆိုပါ NLD ပါတီဝင်  အမျိုးသမီး ငါးဦးတို့သည်  ကိုယ်ပိုင်မော်တော်ယာဉ် တစ်စီးဖြင့် မန္တလေးမြို့မှ မုံရွာမြို့သို့ ခရီးသွားရာ၊ ညောင်ပင်ဝန်းနှင့် နုံးကျေးရွာတို့ အကြား၊ စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်၌ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်၍ ရုတ်တရက်ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

ထို့နောက် ငါးလအကြာတွင် အဆိုပါအမျိုးသမီးငါးဦးတို့သည် အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံရပြီး အိုးဘိုထောင်သို့ ရောက်လာကြသည်ဟု မန္တလေး NLD ပါတီဝင်အသိုင်းအဝိုင်းက ပြောသည်။

ဉုံဉုံ ဟု လူသိများသည့် NLD ပါတီ၊ မြို့နယ်အမျိုးသမီးအတွင်းရေးမှူး ဒေါ်ဥမ္မာဝင်း (၄၅ နှစ်) နှင့် ၎င်း၏ ၂၅ နှစ် အရွယ် သမီးဖြစ်သူ၊ NLD ခရိုင်လူငယ် မအိသူအေး ( ခ) ယုန်လေး ( ၃၅ နှစ်) ၊ ပါတီဝင်များ ဖြစ်သော   မရီရီဝင်းနှင့် မခင်ဖြူဖြူအောင် စသည့် အမျိုးသမီးငါးဦးတို့ဖြစ်သည်။ 

အဆိုပါ အမျိုးသမီး ငါးဦးသည် အိုးဘိုထောင်တွင် ရောက်ရှိနေသည်ဟု ယခု ဩဂုတ်လတွင်  သိရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“ငလျင်ကြီးဖြစ်တဲ့နေ့မှာ ပျောက်သွားတော့ အားလုံးက သို့လောသို့လော စိတ်ပူကြတာပေါ့။ နောက်မှ ဖမ်းခံရတယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ အဆက်အသွယ်မရကြတော့ စိတ်ပူပန်နေကြတာ”ဟု ၎င်းက ဆိုသည်။

အမျိုးသမီး ငါးဦး သည် စစ်တပ်ဂိတ်တစ်ခုတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ပြီး စစ်ကိုင်းမြို့နယ်၊ ရဲစခန်းတွင် ကနဦး ချုပ်နှောင်ခံရသည်။

ယင်းနောက် ရက်ပိုင်းအကြာတွင် စစ်ကိုင်းမြို့အခြေစိုက်၊ အမှတ် (၃၃) ခြေမြန်တပ်မ (တမခ-၃၃) ထဲသို့ ပို့ဆောင်စစ်ဆေးခံရသည်။ ထိုမှတဆင့် လအနည်းငယ် အကြာတွင် အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ပြီး အကြမ်းဖက်ပုဒ်မအများအပြားဖြင့် အမှုဖွင့်ခံရခြင်းဖြစ်သည်ဟု  အထက်ပါ မိသားစုနှင့် နီးစပ်သူ အမျိုးသားက ဆိုသည်။

တပ်မ ၃၃ လက်အောက်ခံ စစ်သားများကို ၂၀၂၁၊ ဖေဖော်ဝါရီလ၊ ၁၉ ရက်နေ့ က မန္တလေးမြို့အတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ -Myanmar Now)

ဒေါ်ဥမ္မာဝင်း(ခ)ဉုံဉုံအား  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဆိုင်ရာ ပုဒ်မများဖြစ်သော  ၅၀(ည)၊ ၅၀(က)၊ ၅၂(က) တို့ဖြင့် လည်းကောင်း၊  မရီရီဝင်းနှင့် မခင်ဖြူဖြူအောင် တို့အား ၅၀(ည)၊ ၅၂(က) တို့ဖြင့်လည်းကောင်း၊ မအိသူအေး(ခ) မယုန်လေးနှင့် မဖွေးသန့်ဖြူတို့အား ၅၂(က)ဖြင့်လည်းကောင်း အမှုဖွင့်ထားသည်ဟု သိရသည်။

၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွင် ဖော်ပြထားသည့် ပြစ်မှုတစ်ခုခု ကို ကျူးလွန်သဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက အနည်းဆုံးထောင်ဒဏ် တစ်နှစ် သို့မဟုတ် သုံးနှစ် ၊ သို့မဟုတ် ငါးနှစ် သို့မဟုတ် ခုနစ်နှစ် သို့မဟုတ် ၁၀ နှစ်နှင့် ငွေဒဏ် ချမှတ်နိုင်ပြီး အများဆုံး ထောင်ဒဏ် တစ်သက် သို့မဟုတ် သေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရနိုင်သည်ဟု ပါရှိသည်။

စစ်တပ်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဖြည့်စွက်ချက်များ ထပ်ထည့်၍ အနည်းဆုံး နှစ်ကြိမ် ပြင်ဆင်ခဲ့သည်။ 

မန္တလေးမြို့၊ NLD ပါတီဝင် အမျိုးသမီးငါးဦးကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး စစ်ကော်မရှင် က ယနေ့ အချိန်အထိ သတင်းထုတ်ပြန်ခြင်းလည်းမရှိပေ။

မြို့နယ်အတွင်းရေးမှူး ဒေါ်ဥမ္မာဝင်း(ခ)ဥုံဥုံသည်  နာတာရှည် ကျီးပေါင်းရောဂါရှိသူတစ်ဦး ဖြစ်ပြီး ဆေးစွဲ သောက်နေရသူဖြစ်သောကြောင့် ၎င်း၏ကျန်းမာရေးကို စိတ်ပူသည်ဟု မန္တလေးတိုင်း၊ NLD ပါတီတာဝန်ရှိသူ အမျိုးသမီးတစ်ဦးကလည်း ဆိုသည်။

“အစကတည်းက ဆေးကုနေရတာလေ။ ဖမ်းခံရတော့ ဆေးမစားရတာရော အခုကျန်းမာရေးဆိုးနေတယ် ကြားတယ်။ အမိန့်မချသေးတော့ ဆေးကုခွင့်မရဘူး”ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒေါ်ဥမ္မာဝင်းနှင့်၎င်း၏သမီးတို့သည် မကြာသေးခင် ဩဂုတ်လ၊ ၈ ရက်နေ့က အိုးဘိုထောင်အတွင်း ရှစ်လေးလုံး အရေးတော်ပုံထောင်လှုပ်ရှားမှုတွင် ပါဝင်မှုဖြင့် တိုက်ပိတ်ခံထားရပြီး ၎င်းတို့နှင့်အတူ နိုင်ငံရေးအကျဉ်းသားများလည်း တိုက်ပိတ်ခံထားရသည်ဟု ထောင်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ မန္တလေးမြို့ခံနိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ခံ ရဟန်းသံဃာများ ၊ ဆရာဝန်၊ အင်ဂျင်နီယာများ၊ ကျောင်းသားလူငယ်များနှင့် သက်ကြီးရွယ်အိုများပါမချန် မြို့ခံအများအပြားသည် စစ်တပ်ကို ဆန့်ကျင်သည်ဟု စွပ်စွဲခံရပြီး ရက်စက်ကြမ်းကြုတ်သည်ဟု နာမည်ကျော်သည့် မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု ယူဆရသူများနှင့်  လူမှုကွန်ရက် သုံးစွဲမှုများကိုပါ စောင့်ကြည့်၍ အချိန်မရွေးဖမ်းဆီးသတ်ဖြတ်ပြီး  ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ် သိမ်းဆည်းလေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ မှ  ယခုနှစ်၊ ဩဂုတ်လ၊ ၂၇  ရက်နေ့ အထိ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားသူ စုစုပေါင်း ၂၉၅၉၇ ဦး ရှိသည်။ ယင်းတို့အနက် ၂၂၃၅၀ ဦးသည် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများ အနက် ၁၁၀၂၈ ဦး သည် ထောင်ဒဏ်ချမှတ်ခံထားရသည်။

Related Articles

Back to top button