စစ်ရေးအရှိန်မြှင့်နေသည့် နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ဩဂုတ်လ၊ ၂၄ ရက်နေ့၊ ညပိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ ကလေးငယ် နှစ်ဦး အပါအဝင် ဒေသခံ ငါးဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။
အိမ်ခြေ ၁,၀၀၀ ကျော်ရှိသည့် နတ်မောက်မြို့အရှေ့ဘက်၁၂မိုင်အကွာ လဲဘူးကျေးရွာကို ည ၈ နာရီခွဲ ဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ရာ ရွာထဲသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံများ သေဆုံးသွားခြင်း ဖြစ်သည်။
သေဆုံးသူများသည် အသက် သုံးနှစ်အရွယ် မသဲပို၊ အသက် ၁၂ နှစ်အရွယ် မချိုဇင်ကျော်ကျော်၊ အသက် ၃၇ နှစ်အရွယ် မလွမ်းပို၊ အသက် ၆၅ နှစ်အရွယ် ဦးကြည်မြင့်နှင့် အသက် ၆၇ နှစ်အရွယ် ဦးဝင်းဆောင်တို့ ဖြစ်သည်ဟု နတ်မောက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုအဆိပ်သီးက ပြောသည်။
ထိခိုက်ဒဏ်ရာရသူ ကိုးဦးသည် ဒဏ်ရာပြင်းထန်ပြီး ကလေးငယ် နှစ်ဦးသည် မျက်စိ အပြင်းအထန် ဒဏ်ရာရသွားသည်ဟုလည်း သူက ဆိုသည်။
“တစ်လုံးက အိမ်ပေါ်တည့်တည့်ပြောရမှာပေါ့ လှေကားကိုကျတာဆိုတော့ အဲ့ဒီအိမ်ကတော့ အဖျက်ရလွတ်ပေါ့ လုံးလုံးပျောက်သွားတယ်။ နောက်တစ်လုံးက အဲ့ဒီတောင်ဘက်က အိမ်ရှေ့မှာကျတာ။ ရွာလယ်ခေါင်မှာ အိမ်တွေပေါ်ကျတာမလို့ အဲ့လောက် ထိခိုက်သေဆုံးမှုများသွားတာ”ဟု ကိုအဆိပ်သီး က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ဇာတိဖြစ်သည့် နတ်မောက်မြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှု အားကောင်းပြီး ဇူလိုင်လ၊ ၁၉ ရက်နေ့၊ (အာဇာနည်နေ့) ကလည်း နတ်မောက်မြို့နယ်၊ ကံသာရွာကို အင်ဂျင်တပ်လေထီးဖြင့် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင် ပျက်စီးခဲ့သည်။

“သူတို့က ကိုယ်ချင်းစာတရား မရှိဘူး။ ပြည်သူတွေဘာတွေ အများကြီး မစဉ်းစားဘူး။ ရွာထဲလည်း ကြဲမှာပဲ။ ရွာထဲကြဲတာတော့ မျက်မြင် တွေ့ရပြီပဲ။ ပြည်သူတွေအနေနဲ့ လေယာဉ်သံကြားရင် ရှောင်တိမ်းဖို့ ပုန်းခိုကျင်းတွေ တူးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကိုအဆိပ်သီးက ပြောသည်။
နှစ်ကုန်တွင် ရွေးကောက်ပွဲလုပ်မည်ဟု ကြေညာထားသော စစ်ကော်မရှင်သည် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများပြန်ရရန်ကြိုးပမ်းနေရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတို့တွင်လည်း ယခုနှစ်၊ ဩဂုတ်လ၊ တတိယပတ်မှစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှု ဆက်တိုက်ပြုလုပ်နေသည်။
စစ်တပ်ထောက်တိုင် လက်နက်စက်ရုံအများအပြားရှိသည့် မကွေးတိုင်းတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်လာသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုများပြားလာကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ယာဉ်တန်းရှည်ဖြင့် မြေပြင်စစ်ကြောင်းမထိုးနိုင်သည်မှာ လနှင့်ချီကြာမြင့်နေသည့် စစ်တပ်သည် ပခုက္ကူမြို့နယ် အခြေစိုက်၊ တပ်မ ၁၀၁ မှ ကားအစီးရေ ၁၀၀ ကျော်ပါဝင်သည့် ယာဉ်တန်းဖြင့် ယခုနှစ်၊ မေလတွင်၊ စစ်ကြောင်းထွက်လာရာ နှစ်လကျော်အကြာ ဩဂုတ်လ၊ ဒုတိယပတ်တွင် ပေါက်မြို့နယ် အခြေစိုက် ကပစ ၂၄ သို့ ရောက်ရှိခဲ့သည်။ ယင်းနောက် စစ်တပ်သည် ပေါက်နှင့် မြိုင်မြို့နယ်တို့တွင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ခဲ့ပြီး နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။
မကွေးတိုင်း အပါအဝင် နိုင်ငံအလယ်ပိုင်းတွင် စစ်တပ်က စစ်ရေးအရှိန်မြှင့်လာချိန်တွင် တော်လှန်ရေး အင်အားစုများက စုစည်းညီညွတ်စွာဖြင့် ခုခံတိုက်ခိုက်ရန် လိုအပ်နေကြောင်း မင်းဘူးခရိုင် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ထောက်လှမ်းရေးတာဝန်ခံက သတိပေးသည်။
“ရန်သူသည် တစ်ဖွဲ့တည်းရှိတာ၊ ကျွန်တော်တို့အဓိက အားနည်းချက်ကတော့ မညီညွတ်တာပဲ။ တော်လှန်ရေးနဲ့ လူထုအပေါ် မျက်နှာမူပြီး သစ္စာထားပြီးမှ ပြိုင်တူစည်းစည်းလုံးလုံး တွန်းလှန်ရင် ဒီနေ့ တွန်းလှန်ရင် စစ်ကောင်စီ ဒီနေ့လန်ကျ မှာပဲ။ အဓိက စိန်ခေါ်မှုကတော့ ညီညွတ်မှု မရှိတာပါပဲ”ဟု ၎င်းက မှတ်ချက်ပြုသည်။
ရွေးကောက်ပွဲမတိုင်မီ တကျော့ပြန်ထိုးစစ်အတွင်း စစ်တပ်က ရှမ်းမြောက် နောင်ချို၊ ကယား (ကရင်နီ) မှ မိုးဗြဲ၊ ဒီးမော့ဆိုနှင့် မန္တလေးတိုင်းမှ သပိတ်ကျင်းမြို့တို့ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ထားသည်။ မန္တလေးတိုင်း၊ မိုးကုတ် မြို့နယ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုများလုပ်ပြီး စစ်ရေးအရ ဖိအားပေးနေသည့်အပြင် မတ္တရာမြို့နယ်၏ အရေးပါသည့် နေရာများကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
စစ်ကိုင်းတိုင်းတွင်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာ၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ တမူး၊ ကလေး အပါအဝင် ၁၀ မြို့နယ်ထက် မနည်းတွင် အင်အားအလုံးအရင်းဖြင့် နယ်မြေစိုးမိုးရေး စစ်ကြောင်းထိုးနေသည်။ စစ်ကိုင်းတိုင်းအတွင်း ကုန်စည်စီးဆင်းမှုကိုလည်း ကန့်သတ်ပိတ်ဆို့ ဖြတ်တောက်ထားသည်။
ဩဂုတ်လ၊ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ နှစ်ပတ်တာကာလအတွင်း မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှု ၅၁ ခုထက် မနည်းရှိခဲ့သည်။ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် ၈၆ ဦး သေဆုံးပြီး ၁၆၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြောခွင့်ရ ဦးနေဘုန်းလတ် က ဩဂုတ်လ၊ ၂၁ ရက်နေ့က ပြောဆိုထားသည်။




