စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အလယ်ပိုင်း၊ ကြို့ကန်ကျေးရွာအတွင်း ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်နေ့) ညက လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကာ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ည ၁၁ နာရီခန့်က ရွှေဘိုမြို့အရှေ့ဘက် ၁၂ မိုင်ခန့်အကွာ ကိုးပင်ကျေးရွာအနီးရှိ အမှတ် (၈) လေ့ကျင့်ရေးတပ်အတွင်းမှ ဟောင်ဝှစ်ဇာအမြောက် သုံးလုံးသည် ကိုးပင်ရွာ မြောက်ဘက် ၁၀ မိုင်ခန့် အကွာ ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာအတွင်း ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။
ခင်ဦးမြို့ အရှေ့တောင်ဘက် ရှစ်မိုင်ခန့်အကွာ ကြို့ကန်ကျေးရွာအပြင်ဘက်တွင် တစ်လုံးပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နှစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၇ နှစ်ခန့်အရွယ် ၁၀ တန်းကျောင်းသူ မပပဝင်း သေဆုံးခဲ့ပြီး ၎င်း၏ မိသားစုဝင်နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“လေ့ကျင့်ရေး (၈) ကနေ (ကင်းထောက်) ဒရုန်း အရင်တက်ပြီးတော့မှ ရွာထဲကို ပစ်တာ၊ သုံးလုံးမှာ နှစ်လုံးက ရွာထဲကျတယ်၊ အဲ့ဒီ နှစ်လုံးကြောင့်ပဲ အခု သေဆုံးသွားရတာ၊ ဆေးခန်းတော့ ပို့လိုက်နိုင်ပေမဲ့ ဆေးခန်းမှာပဲ ဆုံးသွားတယ်”ဟု ဆိုသည်။
ကျေးရွာအပေါ်တွင် ကင်းထောက်ဒရုန်းပျံသန်းနေသည့်အတွက် လက်နက်ကြီးနှင့် လေကြောင်းရန် စိုးရိမ်သဖြင့် ရွာသူရွာသားများ ထွက်ပြေးချိန်မှာပင် ဟောင်ဝှစ်ဇာအမြောက်ကျည်များ ရွာအတွင်းနှင့် ရွာအပြင်၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝေဟင်မှာဝဲနေပြီ(ဒရုန်းဝဲ) နေပြီဆိုတော့ ရွာသူရွာသားတွေက ကြောက်ပြီးတော့ ထွက်ပြေးကြတာ၊ အဲ့လို ထွက်ပြေးချိန်မှာပဲ အခုဆုံးသွားတဲ့ ကလေးမလေး မိသားစုအနီးကို ကျတာ”ဟု အထက်ပါ တော်လှန်ရေး တပ်ဖွဲ့ဝင်က ပြောသည်။
ဝါသဝစစ်ကြောင်း ခင်ဦးမြို့နယ်အစပ် ရောက်ရှိ
လတ်တလောတွင် ခင်ဦးမြို့နယ်အရှေ့မြောက်ခြမ်း ရွှေဘို-မြစ်ကြီးနားကားမလမ်းအနီး အလယ်လျှိုရွာ အနီးတွင် မြောက်ဘက် ကန့်ဘလူမြို့နယ်အတွင်းမှ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းတစ်ခု ရောက်ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်နေသည်။
ထို့အတူ ခင်ဦးမြို့မှ စစ်တပ်အင်အားများကလည်း မြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ မန်ကျည်းတုံရွာ (ပျူရွာ) တွင် စုဖွဲ့ကာ ခင်ဦးမြို့နှင့် မြစ်ကြီးနားကားလမ်းဆုံရာ (မြေနီသျှိုလမ်းဆုံ) ဘက်သို့ သွားလာမှု များရှိနေသည့်အတွက် ယမန်နေ့(ဩဂုတ်လ ၂၉ ရက်နေ့) မွန်းလွဲပိုင်းတွင် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သေးသည်။
ထို့ကြောင့် ကန့်ဘလူနှင့် ခင်ဦးမြို့နယ် နယ်စပ်ရှိ ရွှေဘို- မြစ်ကြီးနား ကားလမ်းတစ်လျှောက် ဒေသတွင်း ကားများ၊ ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ ဆယ်နှင့်ချီ ပိတ်မိနေပြီး လူအမျိားအပြားနှင့် ကုန်စည် များ စားသောက်နေထိုင်ရေးများအခက်အခဲဖြစ်နေကြသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေပြီး စိုးမိုးနယ်မြေ ပြန်ရရန် ကြိုးပမ်းနေသည့် အာဏာသိမ်းစစ်ကော်မရှင်တပ်က ခင်ဦးမြို့အတွင်း လှုပ်ရှားမှုများ လုပ်လာသည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ယူဆနေကြသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်းတလျှောက်၊ ခင်ဦးနှင့် မြစ်ကြီးနား ကားလမ်းဆုံ၊ ထိုမှတဆင့် ရွှေဘိုမြို့နယ် တဆက်တည်း နယ်မြေစိုးမိုးနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း ဆိုကြသည်။
သက်န်းဝတ် ဦးဝါသဝ ဦးဆောင်သော ပြည်သူ့စစ် (ပျူစောထီး) အားကောင်းသော ကန့်ဘလူမြို့နယ် ဘက်မှ ဝင်ရောက်လာသည့် အင်အား ၅၀၀ ခန့်ပါသည့် စစ်တပ်စစ်ကြောင်းတစ်ခုသည် တောင်ဘက် ခင်ဦးမြို့နယ်အစပ်အထိ ရောက်ရှိလာချိန် ခင်ဦးမြို့တွင်းမှတပ်များနှင့် ရွှေဘိုမြို့တွင်းမှ တပ်များက အချိန်ကိုက် စစ်ရေးလှုပ်ရှားလာကြခြင်းဖြစ်သည်။
ကန့်ဘလူမြို့နယ်ဘက်မှ လာသော စစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ အလယ်သျှိုကျေးရွာအနီး ရောက်ရှိ နေကာ တိုက်ပွဲဖြစ်နေသဖြင့် မြို့နယ်နှစ်ခုထိစပ်နေသော နေရာများမှ ကျေးရွာများဖြစ်သည့် အလယ်သျှို၊ ယောက်သွားအိုင်၊ ညောင်ကန်ရွာနှင့် မလှမ်းမကမ်းတွင် ရှိသည့် ထနောင်းကိုင်းကဲ့သို့သော ကျေးရွာများမှ ဒေသခံများလည်း စစ်ရှောင်ရန် ပြင်ဆင်နေကြရသည်။
ထို့ပြင် ခင်ဦးမြို့အရှေ့ဘက် နှစ်မိုင်ခန့်အကွာ မန်ကျည်းတုံပျူရွာသို့ စစ်တပ်က အင်အားဖြည့်တင်းရာ တွင်လည်း လမ်းတစ်လျှောက် ပစ်ခတ်ဝင်ရောက်လာသည့်အတွက် အနီးရှိ ချောင်းဆုံနှင့် သံဘိုကျေးရွာ တို့မှ ဒေသခံများသည်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။
ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ်တွင် မန်ကျည်းတုံရွာ တောင်ဘက် တစ်မိုင်ခန့်အကွာ ချောင်းဆုံကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ၏ နေအိမ် ပစ်ခတ်စီးနင်းခံရကာ ပကဖတာဝန်ခံ သေဆုံးခဲ့ သလို၊ နေအိမ်လည်း မီးရှို့ဖျက်ဆီးခံရသည်။
ထိုအခြေအနေများကြောင့် ခင်ဦးမြို့နယ်အတွင်းသာမက မြောက်ဘက် ကန့်ဘလူမြို့နယ် ကျေးရွာများမှ လူဦးရေ အနည်းဆုံး ၆,၀၀၀ ခန့် သည် စစ်ဘေးလွတ်ရာ ထွက်ပြေးနေရသည်။
ခင်ဦးမြို့နယ်တောင်ဘက်တွင် ရွှေဘို၊ အနောက်ဘက်တွင် ရေဦး၊ မြောက်ဘက်တွင် ကန့်ဘလူနှင့် အရှေ့ ဘက် တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း မန္တလေးတိုင်းတို့နှင့် နယ်မြေထိစပ်နေကာ စစ်တပ်စစ်ကြောင်းများ ဝင်ရောက် စီးနင်းမှုဒဏ် အကြိမ်ကြိမ်ခံခဲ့ရသည်။
၂၀၂၃ ခုနှစ်အတွင်း စစ်ကြောင်းများကြောင့် ခင်ဦးမြို့နယ် ဒေသခံ နှစ်သောင်းကျော်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အရပ်သားများ သတ်ဖြတ်ခံရသလို ရွာအများအပြား မီးရှို့ခံခဲ့ရသော မြို့နယ်လည်း ဖြစ်သည်။
သို့ရာတွင် ရှမ်းမြောက်၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ (MNDAA,TNLA,AA) ၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ပေါ်ပေါက်လာပြီးနောက် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ ဒေသတွင်း တိုက်ပွဲများငြိမ်သက်သွားရာမှ ယခု လအတွင်း တကျော့ပြန် ထိုးစစ်များ ဝင်လာရာ ခင်ဦးဒေသခံများ အလုံးအရင်းဖြင့် စတင်စစ်ဘေးရှောင် နေကြရသည်။




