အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြန်မာစစ်ကော်မရှင်နှင့် ဒုတိယမြောက် အမေရိကန်လော်ဘီအဖွဲ့တို့ ချုပ်ဆိုမှု ဘာတွေထူးခြားလဲ 

McKeon Group သည် မြန်မာစစ်ကော်မရှင်ကို အကြံပေးရန် အမေရိကန်ဒေါ်လာ ၃၆၀,၀၀၀ လက်ခံရရှိမည်ဖြစ်ပြီး၊ ဤစာချုပ်သည် မြန်မာစစ်ကော်မရှင်က တစ်လအတွင်း အလားတူ ချုပ်ဆိုခဲ့သော ဒုတိယမြောက် စာချုပ်ဖြစ်သည်။

မြန်မာစစ်ကော်မရှင်သည် အမေရိကန်နိုင်ငံတွင် ၎င်း၏ သံတမန်ရေးရာ အရှိန်အဟုန်မြှင့်တင်ရန်  ရည်ရွယ်ချက်ဖြင့်၊ လော်ဘီဆောင်ရွက်သည့် အမေရိကန် ကုမ္ပဏီတစ်ခုနှင့် သဘောတူညီချက်အသစ် တစ်ခုကို ထပ်မံချုပ်ဆိုခဲ့သည်။ 

ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးနှင့် ဗာဂျီးနီးယားပြည်နယ်အခြေစိုက် အစိုးရဆက်ဆံရေးနှင့် အကြံပေး လော်ဘီကုမ္ပဏီဖြစ်သော McKeon Group, Inc. တို့ လက်မှတ်ရေးထိုးခဲ့သော ဤသဘောတူညီချက် သည် ဩဂုတ်လ၊ ၁ ရက်နေ့မှ စတင်ကာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့အထိ အကျုံးဝင်မည်ဟု နိုင်ငံခြားအေးဂျင့်များ မှတ်ပုံတင်ရေး အက်ဥပဒေအောက်တွင် အမေရိကန်တရားရေးဌာနသို့ တင်သွင်းထားသော စာရွက်စာတမ်းများအရ သိရသည်။

ဤသဘောတူညီချက်အရ မြန်မာစစ်ကော်မရှင်သည် စာချုပ်သက်တမ်း ခြောက်လ ချုပ်ဆိုခဲ့ရာတွင်  တစ်လခြင်းစီအတွက် ကုမ္ပဏီအား လစဉ် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ဒေါ်လာ ၃၆၀,၀၀၀ ပေးချေရမည်ဖြစ်သည်။ ထို့ပြင်မြန်မာစစ်ကော်မရှင်သည်  ကုမ္ပဏီ၏ အချို့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကုန်ကျစရိတ်များကိုလည်း ထပ်ဆောင်း ကျခံရမည် ဖြစ်သည်။ 

အမေရိကန် ရီပတ်ဘလစ်ကန် အမတ်ဟောင်း Howard “Buck” McKeon ဦးဆောင်သော McKeon Group သည် အမေရိကန်ကွန်ဂရက်လွှတ်တော်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနကို အဓိကထားလျက် ဝါရှင်တန်တွင် အစိုးရဆက်ဆံရေး၊ သံတမန်ရေး နှင့် မဟာဗျူဟာဆိုင်ရာ ဆက်သွယ်ရေးကိစ္စများနှင့် ပတ်သက်၍ မြန်မာစစ်ကော်မရှင်၏ သံရုံးအား အကြံပေးရန် စာချုပ်ချုပ်ဆိုခြင်း ဖြစ်သည်။

ယခုနှစ်၊ ဇူလိုင်လ၊ ၄ ရက်နေ့တွင် စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက အမေရိကန် ရီပတ်ဘလစ်ကန်ပါတီနှင့် ဆက်စပ်နေသည့် အခြား လော်ဘီကုမ္ပဏီ DCI Group AZ, LLC နှင့် ဒေါ်လာ သုံး သန်းတန်ဖိုးရှိ စာချုပ် ချုပ်ဆိုခဲ့အပြီး နောက်တစ်ရက်တွင် ယခုစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာဇာတ်ခုံတွင် အထီးကျန်လျက်ရှိပြီး  ပိတ်ဆို့အရေးယူမှုများကိုလည်း နှစ်နှင့်ချီ ခံနေရသဖြင့် ယခုတလော ချုပ်ဆိုခဲ့သော ဤသဘောတူညီချက် နှစ်ခုလုံးသည် အမေရိကန် မူဝါဒချမှတ်သူများကို ဆွဲဆောင်စည်းရုံးနိုင်ရန်  မြန်မာ စစ်ကော်မရှင်၏ ကြိုးပမ်းမှုပင် ဖြစ်သည်။ 

Myanmar Now သည် McKeon Group ကို ၎င်းတို့၏ စာချုပ်နှင့်ပတ်သက်သည့် အချက်အလက်များ၊ ကုမ္ပဏီအား တာဝန်ပေးအပ်ထားသည့် အထူးရည်မှန်းချက်များ အပါအဝင် ထပ်မံသိရှိလိုသည်များ အတွက် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဤသတင်းဖော်ပြချိန်အထိ အကြောင်းပြန်ချက် မရရှိသေးပေ။

ကုမ္ပဏီအား Myanmar Now က မေးမြန်းခဲ့သော မေးခွန်းများတွင်၊ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများရှိနေသော မြန်မာစစ်အုပ်စုကို ကိုယ်စားပြုပေးရန် ကုမ္ပဏီက အဘယ်ကြောင့် သဘောတူခဲ့သနည်းဟူသော မေးခွန်းနှင့် မြန်မာစစ်အုပ်စုက ဒီဇင်ဘာလ၊ ၂၈ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအတွက်ရော လော်ဘီပြုလုပ်ပေးမည်လား ဆိုသည့်  မေးခွန်းများ ပါဝင်ပါသည်။

McKeon Group သည် အငြင်းပွားဖွယ်ရာ နိုင်ငံခြားဖောက်သည်များအတွက် ကိုယ်စားပြုပေးခဲ့ဖူးသော သမိုင်းကြောင်းလည်း ရှိသည်။ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ကိုယ်စားပြုရန် ငှားရမ်းထားသော အမေရိကန်အခြေစိုက် လော်ဘီကုမ္ပဏီများထဲတွင်လည်း  McKeon ကုမ္ပဏီ ပါဝင်ခဲ့ပြီး၊ လက်နက်ရောင်းဝယ်ရေးနှင့် ယီမင်စစ်ပွဲဆိုင်ရာ ဥပဒေကြမ်းကိစ္စများ အပါအဝင် အရေးကြီးသောအချိန်များတွင် ဆော်ဒီနိုင်ငံ၏ အကျိုးစီးပွားများအတွက် လော်ဘီလုပ်ပေးရန် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

တက်ကြွလှုပ်ရှားသူအဖွဲ့ဖြစ်သည့် Justice For Myanmar က၊ McKeon Group အား မြန်မာစစ်အုပ်စုနှင့် စာချုပ်ချုပ်ဆိုမှုအတွက် ဝေဖန်ခဲ့ပြီး၊ ဇူလိုင်လ၊ ၃၁ ရက်နေ့တွင် မြန်မာ စစ်ကောင်စီက ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ကို ဖျက်သိမ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (SSPC) ဖြင့် အစားထိုးလိုက်ချိန်တွင် ပိတ်ဆို့အရေးယူနိုင်ရေးဆိုင်ရာ အားနည်းချက် တစ်ခု ဖြစ်လာစေခဲ့ကြောင်း ထောက်ပြထားသည်။ 

စစ်ကော်မရှင် နှင့် McKeon Group အကြား စာချုပ်သည် နောက်တစ်ရက်တွင်ပင် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။ 

“တရားမဝင်တဲ့ စစ်အုပ်စုက ဒုတိယမြောက် ကျင့်ဝတ်ယိုယွင်းနေတဲ့ လော်ဘီ ကုမ္ပဏီကို ငှားရမ်းလိုက်တာဟာ စစ်ကော်မရှင် အဖြစ် နာမည်ပြောင်းလိုက်တာကြောင့် ပိတ်ဆို့အရေးယူ ရနိုင်ရေးဆိုင်ရာ အားနည်းချက် ဖြစ်လာတာမို့ အဲဒါကို အမြန်ဆုံး ဖာထေးဖို့ လိုအပ်တယ်ဆိုတာကို ပြသနေပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။ 

“ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားဖို့၊ အတုအယောင် တရားဝင်မှု ရယူနိုင်ဖို့နဲ့ သူတို့ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် ငွေကြေးရဖို့ စစ်အုပ်စုက ကြိုးပမ်းတာတွေကို တားဆီးနိုင်ဖို့အတွက် (နိုင်ငံတကာ) အစိုးရတွေက စစ်ကော်မရှင် SSPC ကို အလျင်အမြန် အရေးယူသင့်ပါတယ်” ဟု မရတနာမောင်က ဆိုသည်။

အမေရိကန်သည် စစ်ကောင်စီ SAC ကို ၂၀၂၁ ခုနှစ်၊ မေလ၊ ၁၇ ရက်နေ့ကတည်းက ပိတ်ဆို့ အရေးယူမှု ချမှတ်ခဲ့သော်လည်း စစ်ကော်မရှင် SSPC ကိုမူ အရေးမယူရသေးပေ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို Myanmar Now က ဤကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သော အခါတွင် ဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မြန်မာစစ်အုပ်စုက စစ်ကောင်စီကို ဖျက်သိမ်း၍ အစားထိုးအဖွဲ့ ဖွဲ့စည်းခဲ့ခြင်းကို သတိပြုမိကြောင်း ဖြေကြားခဲ့သော်လည်း ပိတ်ဆို့အရေးယူရေးဆိုင်ရာ ကိစ္စများအကြောင်း ကြိုတင်ထုတ်ဖော်ပြောကြားလေ့ မရှိကြောင်း အကြောင်းပြန်ခဲ့သည်။ 

“အမေရိကန်ပြည်ထောင်စုဟာ (မြန်မာနိုင်ငံရဲ့) ဖြစ်ပေါ်ပြောင်းလဲမှုတွေကို အနီးကပ် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားဖို့ ရည်ရွယ်တဲ့ ဘယ်လို ကြိုးပမ်းမှုမျိုးကို မဆို ကိုင်တွယ်ဖြေရှင်းဖို့ သင့်တော်တဲ့ အစီအမံတွေ ချမှတ်သွားမှာပါ” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ 

Related Articles

Back to top button