ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) သက်တမ်းတိုးရာတွင် တိုကင် (Token)ကြေး တန်းစီခ ဟုဆိုကာ တရားဝင်မဟုတ်သည့် ထပ်ဆောင်းပေးရငွေ ထိုင်းဘတ် အနည်းဆုံး၁,၀၀၀ (ကျပ် ၁၃၀,၀၀၀ ကျော်)ကို CI ထုတ်ပေးရေးစခန်းများက ထပ်ဆောင်းကောက်ခံနေသည်ဟု စုံစမ်းသိရှိရသည်။
အထောက်အထားမဲ့ မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် ထိုင်းအစိုးရက ပန်းရောင်ကတ်ဟုခေါ်သည့် ယာယီသက်သေခံကတ်ပြား ပြုလုပ်ပေးသည်။ ထို ပန်းရောင်ကတ် ရယူပြီး သူများသည် အခြေခံအလုပ်သမားဗီဇာ (VISA) ကို CI စာအုပ်ထဲတွင်ထည့်သွင်း၍ အလုပ် လုပ်ကိုင်နိုင်သည်။
ထို့ကြောင့် CI သက်တမ်းကုန်သူ၊ ခြောက် လအောက် လျော့နည်းသူတို့ကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်မြို့များရှိ စီအိုင်စခန်း လေး ခုတွင် ယခုနှစ် ဩဂုတ်လ ၈ ရက် မှစ၍ သက်တမ်းတိုး ပေးနေပြီး တိုကင်ကြေးဟုဆိုကာ ဘတ် ၁,၀၀၀ ကျော်ကောက်ကြောင်း ယခုလဆန်းတွင် သက်တမ်းတိုးခဲ့သည့် အမည်မဖော်လိုသူ အလုပ်သမားအမျိုးသမီးက ပြောသည်။
“ကိုယ်တိုင်လုပ်လည်း တောင်းတယ်။ ပွဲစားနဲ့လုပ်လည်း အဲ့ဒီစာရင်းထဲထည့်ပြီးတော့ တောင်းတယ်။ တန်စီးခယူတယ်ဆိုတော့ လွန်လွန်းတာပေါ့။ ဝန်ဆောင်ခ နောက်ထပ် ဘတ် ၂၀၀၊ ၃၀၀၊ ၄၀၀ ဆိုရင် မပြောဘူး အခုက မဟုတ်ဘူးလေ။ ငွေညှစ်တဲ့သဘောပဲ အဲ့ဒီတန်းစီတဲ့ နံပါတ်မဝယ်ဘူးဆိုလိုရှိရင် တန်စီးခွင့်လည်း မရှိဘူး။ CI အသစ်ပြောင်းဖို့လည်း လုပ်လို့မရဘူး” ဟု ၎င်းက ပြောသည်။
ထိုလက်မှတ်လျှောက်ထားရာတွင် နီးစပ်ရာ 7 Eleven စတိုးဆိုင်များတွင် ၂,၆၇၀ ဘတ် ပေးသွင်း၍ အဆင်ပြေရာ စခန်းနှင့် နေ့ရက်တို့ကိုရွေးချယ်လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်အဖြစ် ၂,၆၇၀ သာ ကျသင့်မည်ဟု ထိုင်နိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက ယခုလစက်တင်ဘာ ၁၀ ရက်နေတွင် ထုတ်ပြန်ထားသည်။

7 Eleven တွင် ငွေသွင်းလျှောက်ထားပြီးနောက် စာအုပ်ထုတ်ယူရန် သတ်မှတ်ရက်ချိန်းများအတိုင်း CI စခန်းများသို့ သွားရောက်ပြုလုပ်ရာတွင် တန်းစီခ ၁,၀၀၀ ဘတ်၊ စာအုပ်ဟောင်းမှ စာအုပ်သစ်သို့ VISA ပြောင်းခ ၅၀၀ နှင့် အခြားဝန်ဆောင်စရိတ် ၂၀၀ စုစုပေါင်း ၁,၇၀၀ဘတ် ထပ်မံပေးဆောင်မှသာ စာအုပ်လုပ်ခွင့်ရကြောင်း ကိုယ်တိုင်ပြုလုပ်ခဲ့သည့် အထက်ပါအမျိုးသမီးက ပြောသည်။
စင်စစ်အားဖြင့် 7 Eleven စတိုးဆိုင်တွင် ပေးသွင်းလျှောက်ထားသည့် ၂,၆၇၀ ဘတ်ထဲတွင် စာအုပ်ဖိုး၊ အခွန်နှင့် အခြားကုန်ကျစရိတ်များပါဝင်ပြီးဖြစ်ကြောင်း၊ စီအိုင်စခန်းများက ခေါင်းစဉ်အမျိုးမျိုးတပ်၍ ကောက်ခံသည့် စရိတ်စကများမှာ တရားဝင်သတ်မှတ်ထားခြင်းမရှိကြောင်း ဘန်ကောက်ရှိ စီအိုင်နှင့် နိုင်ငံကူးလက်မှတ် အကျိုးဆောင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ပြောရတာတော့ တော်တော်ခက်တယ်။ ခေါင်းစဉ်မရှိဘဲ လုပ်ထားတဲ့ဟာကြီး ဖြစ်နေတယ်။ ဥပမာ ဘတ် ၄၀၀၊ ၅၀၀ လောက်ထိဆို လှသေးတယ်။ နည်းနည်းလေး အကျည်းမတန်ဘူးပေါ့။ အခုကြတော့ အရမ်းအကျည်းတန် သွားတာပေါ့။ တစ်ခါတလေ ဘတ် ၁,၈၀၀ တွေ၊၂,၀၀၀ တွေဖြစ်သွားတယ်” ဟု ပြောသည်။
တစ်ဆင့်ကြားခံပွဲစားဖြင့် သက်တမ်းတိုးပါက ဘတ် ၇,၀၀၀ ထိကုန်ကျမှုရှိကြောင်း သိရသည်။
CI စခန်းများတွင် ထပ်ဆောင်းကောက်ခံသည့် စရိတ်များနှင့်ပတ်သက်၍ အာဏာသိမ်းစစ်ကော်မရှင်က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်းမရှိသလို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း အလုပ်သမားဝန်ကြီးဌာနကို ဆက်သွယ်ရန် တုံ့ပြန်သည်။
ထို့ကြောင့် အလုပ်သမား အမြဲတမ်းအတွင်းဝန် ပြောခွင့်ရထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။
ထိုင်းနိုင်ငံအတွင်းရှိ သန်းနှင့်ချီသော မြန်မာအလုပ်သမားများအတွက် CI လက်မှတ် ထုတ်ပေးခြင်းကို စစ်ကော်မရှင်လက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက ပြည်တွင်းကုမ္ပဏီများကို ကန်ထရိုက်စနစ်ဖြင့် လုပ်ပိုင်ခွင့်ချပေးခြင်းဖြစ်သည်။ သို့ရာတွင် စစ်တပ်နှင့် နီးစပ်သည့်ကုမ္ပဏီများသာ လုပ်ပိုင်ခွင့်ရကြောင်း သံရုံးနှင့် နီးစပ်သူများက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် CI စခန်းများကို စစ်တပ်နှင့် ဆက်နွှယ်သည့် စီပွားရေးလုပ်ငန်းရှင် United KMK ကုမ္ပဏီပိုင်ရှင် စစ်တပ်အရာရှိဟောင်း ဦးခင်မောင်ကျော်က အဓိကလုပ်ပိုင်ခွင့်ရရှိခဲ့သည်။ CI စာအုပ်များ ထုတ်ပေးရေးလုပ်ငန်းစဉ်သည် ထိုင်းရောက်မြန်မာအလုပ်သမားများထံမှ ဝင်ငွေခွန်ပါ တစ်ပါတည်း ကောက်ခံသဖြင့် စစ်ကော်မရှင်အတွက် နိုင်ငံခြားဝင်ငွေရှာပေးသော ယန္တရားဖြစ်သည်။
ယခုဖွင့်လှစ်ထားသည့် CI စခန်း လေး ခုကို မည့်သည့်ကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားသည်ကို မသိရသေးပေ။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ဖွင့်လှစ်ထားရှိသည့် CI စခန်းတစ်ခုတည်း၌ပင် တစ်နေ့လျှင် မြန်မာလုပ်သား ၈၀၀ ကျော်ကို သက်တမ်းတိုးပေးနေပြီး CI စခန်းများက တစ်ဦးလျှင် ဘတ်တစ်ထောင်နှုန်း ထပ်ဆောင်းကောက်ခံပါက တစ်ရက်လျှင် ဘတ် ရှစ်သိန်းကျော်ရရှိမည်ဖြစ်သည်။
အထောက်အထားမဲ့ မြန်မာအလုပ်သမားအများစုသည် မြန်မာနိုင်ငံတွင်အလုပ်လက်မဲ့နှင့် ဝင်ငွေနည်းသူများ ဖြစ်ပြီး ထိုင်းနိုင်ငံသို့ မှောင်ခိုလမ်းမှ ဝင်ရောက်လာသူများဖြစ်သည်။ အနိမ့်ဆုံးလုပ်ခလစာဖြင့် ခက်ခဲကြမ်းတမ်းသည့် အလုပ်များကိုသာ လုပ်ကိုင်နေရပြီး CI အထောက်အထားပြုလုပ်ရန် ဘတ် ၆,၀၀၀ မှ ၇,၀၀၀ အထိ ကုန်ကျနေငွေအတွက် အခက်အခဲများစွာရှိကြောင်း အလုပ်သမားအရေးကူညီနေသူများက ပြောသည်။
အခြားတစ်ဖက်တွင်မူ မြန်မာအလုပ်သမားများကို ချွေးနှဲစာဖြင့် ထိုလက်မှတ်ထုတ်သည့်အစီအစဉ်မှ စစ်တပ်နှင့်ဆက်နွှယ်နေသည့် လုပ်ငန်းရှင်များက အကျိုးအမြတ်များရနေသည်။



