အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်း ၄ မြို့နယ် လေကြောင်းဗုံးကြဲခံရပြီး ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရ

ညဦးပိုင်းနှင့် နောက်တစ်နေ့နံနက်အချိန်အတွင်း မန္တလေးတိုင်းအတွင်းမှ မြို့နယ် လေးခုကို စစ်လေယာဉ် က ဗုံးကြဲခဲ့စဉ် အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးကာ ဒေသခံ ခြောက်ဦးခန့် ဒဏ်ရာ ရသွားကြသည်။

မန္တလေးတိုင်းအတွင်း မြို့နယ် လေးမြို့နယ်ကို ယမန်နေ့ညနှင့် ယနေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) နံနက်တို့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရပြီး အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့ကာ ဒေသခံ  ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။ 

ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်နေ့) ည ၁၁ နာရီဝန်းကျင်ခန့်တွင် Y-12 လေယာဉ်တစ်စီးသည် မတ္တရာ၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့ပေါ်တွင် လှည့်ပတ်ပျံသန်းသည်၊ ထို့နောက် စဉ့်ကူးမြို့၏ မြောက်ဘက် ၁၃မိုင်ခန့်အကွာ နွယ်ရုံကျေးရွာမြောက်ပိုင်းကို ဗုံး သုံးလုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ 

ဗုံးပေါက်ကွဲမှုများကြောင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ကြည်တင့် သေဆုံးခဲ့ပြီး၊ ရွာသား ငါးဦးလည်း ထိခိုက်ခဲ့ကြောင်း နွယ်ရုံရွာခံတို့က ပြောသည်။

“ရွာမြောက်ပိုင်းက ဆိုက်ထဲ (ရွှေလုပ်ကွက်ထဲ) ကျတာ။ အမျိုးသမီးကြီးကတော့ နေရာတင်ပင် သေတယ်၊ ဒဏ်ရာရတဲ့အထဲ ကလေးတွေပါတယ်လို့တော့ သိတယ်။ အတိအကျတော့မသိရဘူး”ဟု ရွာမြောက်ပိုင်းမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

နွယ်ရုံကျေးရွာသည်  ယခုနှစ် သြဂုတ်လ ၄ ရက်နေ့က ဗုံးကြဲခံရစဉ် ကလေးငယ်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့သည်။ ထိုစဉ်က  ငါးမိုင်ခန့်အကွာ ကံတောင်ရွာလည်း ဗုံးကြဲခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့သည်။ 

မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်မှ စဉ့်ကူးမြို့သည်  စိုက်ပျိုးရေး၊ ရွှေတူးဖော်ရေးလုပ်ငန်းများဖြင့်  အသက်မွေးကြသည့်ဒေသဖြစ်ပြီး  ဗုံးကြဲခံရသည့် နွယ်ရုံသည် အဆိုပါ လမ်းမကြီးဘေးမှ စည်ကားသည့် ရွာကြီး ဖြစ်သည်။

အဆိုပါထောက်ပို့လေယာဉ်သည် သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာကို ယင်းညမှာပင် ရှစ်ကြိမ်ခန့် ဗုံးသီးများကြဲချပြီးနောက် စဉ့်ကူးမြို့နယ်အတွင်း လှည့်ပတ်ပျံသန်းကာ ထိုမှတဆင့် မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဝန်းကျင်မှ ကျေးရွာများကိုလည်း သုံးကြိမ် ဗုံးကြဲခဲ့သည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။ 

“ဆည်တော်နားက ရွာတွေကို ကြဲတယ်၊ ရွာတွေနားကျပေမယ့် ပြည်သူတွေတော့ အထိအခိုက် မရှိခဲ့ဘူး” ဟု မတ္တရာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေး-မြစ်ကြီးနားလမ်းအနီးတွင် ရှိသော လမ်းလယ်ကျစ်ရွာ၏ မြောက်ဘက် ခြောက်မိုင်ခန့်အကွာ ရွှေမွေးချောင်းရွာအနီး ဩဂုတ်လဆန်းကတည်းက တိုက်ပွဲများဖြစ်နေသည်။ 

ယနေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) နံနက် ၇ နာရီခန့်တွင်လည်း စဉ့်ကူးမြို့နယ်၊ ကံပျိုကျေးရွာကို တိုက်ခိုက်ရေးလေယာဉ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း လူအထိအခိုက်မရှိခဲ့ကြောင်း သိရသည် ။ ကံပျိုကျေးရွာသည် ယမန်နေ့ညက ဗုံးကြဲခံရသည့် နွယ်ရုံရွာ၏ တောင်ဘက် နှစ်မိုင်ခန့်အကွာ မန္တလေး-မိုးကုတ်လမ်းမကြီးပေါ်မှ ရွာဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ယနေ့ နံနက် ၇ နာရီခန့်က မိုးကုတ်မြို့အရှေ့ပိုင်းကို တိုက်ခိုက်ရေးလေယာဉ်တစ်စီး က ဗုံးကြဲခဲ့သေးသည်။

အုန်းကိုင်းရပ်ကွက်တွင် ဗုံး နှစ်လုံးလာရောက်ကြဲချမှုကြောင့် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိပြီး နေအိမ် ငါးလုံးနှင့် ကားတစ်စီး ထိမှန်ပျက်စီးကြောင်း တအာင်းတပ် (TNLA) က ထုတ်ပြန်ထားသည်။

စက်တင်ဘာလအတွင်း ၎င်းတို့ထိန်းချုပ်သော ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် သုံးကြိမ်၊ သီပေါမြို့နယ်တွင် တစ်ကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ယနေ့ ထုတ်ပြန်ထားသည်။ 

ယနေ့နံနက် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသော အုန်းကိုင်းရပ်ကွက်မှ အဆောက်အဦအချို့။ (ဓာတ်ပုံ- TNLA)

စစ်တပ်သည် ရွှေတူးဖော်ရေးလုပ်ငန်းများရှိရာ သပိတ်ကျင်းနှင့် စဉ့်ကူးကို ပြန်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသလို ကမ္ဘာကျော် ပတ္တမြားအပါအဝင် ကျောက်မျက်ရတနာအများအပြားထွက်ရှိရာ မိုးကုတ်မြို့ကိုလည်း ပြန်လည်ရယူရန် ထိုးစစ်ဆင်နေသည်။

မကြာသေးခင် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေက သပိတ်ကျင်းမြို့နယ် ကမ်းပါးနီနှင့် ဇရပ်ကွင်း ကျေးရွာတို့တွင် စစ်တပ်၏ လေကြောင်းနှင့်လက်နက်ကြီးကြောင့် ငါးဦး သေဆုံးခဲ့ရပြီး၊ လေးဦး ဒဏ်ရာ ရခဲ့သည်။

အလားတူ စက်တင်ဘာလ ၁၃ ရက်နေ့တစ်ရက်တည်းမှာပင် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာ နှင့် ကျောက်ဖြာကျေးရွာအား လေကြောင်းမှ တိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် ကလေး နှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။

ဧရာဝတီမြစ် ကျွန်းများပေါ် ခိုလှုံနေသော ဒေသခံများပိတ်မိ

ဧရာဝတီမြစ်ကမ်း တစ်ဖက်တစ်ချက် ကပ်လျက်ဖြစ်သော စစ်ကိုင်းတိုင်း စစ်ကိုင်း၊ ဝက်လက်မြို့နယ်နှင့် မန္တလေးတိုင်း မတ္တရာမြို့နယ်တို့အတွင်း စစ်ကြောင်းများ ယခုရက်ပိုင်း ရောက်ရှိနေသောကြောင့် မြစ်အတွင်းရှိ သဲကျွန်းများပေါ်တွင် ခိုလှုံနေသော ဒေသခံများ ထောင်နှင့်ချီပြီး ပိတ်မိနေကြောင်း သိရသည်။

ယခုနှစ် ဇွန်လအတွင်းမှစတင်၍ စစ်တပ်က မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို တကျော့ပြန် စစ်ကြောင်း များထိုးနေသဖြင့် ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများမှဒေသခံများသည် မြစ်အတွင်းရှိ ကျွန်းများပေါ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း စစ်ကိုင်းမြို့နယ်၊ အိုင့်ဒိုင်ရွာဝန်းကျင်တွင် စစ်ကြောင်း တစ်ကြောင်း၊ ဝက်လက်မြို့နယ် စဉ့်ကိုင်၊ တလိုင်း၊ မိုးကြိုး စသည့်ကျေးရွာများဝန်းကျင်တွင် စစ်ကြောင်း ရောက်ရှိနေ သလို မြစ်အရှေ့ကမ်း မတ္တရာမြို့နယ်၊ မြေဥဒိန်ရွာအနီးမှ မြစ်ကမ်းတစ်လျှောက် စစ်တပ်က စစ်ကြောင်း ထိုးနေသည်။

ထို့ကြောင့်  မြစ်အနောက်ဘက်ကမ်းမှရွာများနှင့် အရှေ့ဘက်ကမ်းရွာများမှ ပြည်သူများမှာ ဘေးလွတ် မည်ထင်ရာ မြစ်အတွင်းမှ သဲကျွန်းများသို့ ပြောင်းရွှေ့ရင်း ပိတ်မိနေခြင်းဖြစ်သည်။

“စစ်ကြောင်းက စစ်ကိုင်း၊ ဝက်လက်၊ မတ္တရာ သုံးပွင့်ဆိုင်သွားတော့ မြစ်လယ်ကောင်မှာ ပိတ်မိကုန်တာ။ တချို့ထွက်လို့ရတဲ့သူတွေ ထွက်လာနိုင်ပေမယ့် အများစုက ပြေးရင်းရှောင်ရင်း သဲကျွန်းတွေမှာ ပိတ်မိ ကုန်တာ”ဟု လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး မတ္တရာမြို့နယ် တာဝန်ခံက ယမန်နေ့က ပြောသည်။
မြစ်အရှေ့ဘက်ကမ်းသို့ ကူးလာနိုင်ပြီး တိမ်းရှောင်လာသူများမှာ မတ္တရာမြို့နယ် လူသားစာနာဌာနမှ စာရင်းကောက်ယူထားနိုင်သည့် စာရင်းအရ အိမ်ထောင်စု ၄၀၀ ကျော်၊ လူ ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

Related Articles

Back to top button