စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်နယ်စပ် ဗန်းမောက်မြို့၌ အခြေစိုက်သည့် စစ်တပ်ကာကင်းစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပူးပေါင်းတပ်များက စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ပြီးနောက် မြို့တွင်း စစ်ရေးပြင်းထန်နေသည်ဟု သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သိမ်းထားသည့် အင်းတော်မြို့၏ အနောက်မြောက်ဘက် ၂၈ မိုင် ကျော် အကွာတွင် ရှိသော ဗန်းမောက်မြို့ကို ထိုနေ့ မွန်းလွဲ ၁ နာရီခန့်မှ စတင်၍ မြို့ပြင် ကာကင်းစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မွန်းလွဲ ၂ နာရီခန့်တွင် မြို့ပြင်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာများကို လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် စခန်းအချို့ကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ယမန်နေ့နံနက်တွင် စစ်တပ်နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းတပ်စွဲထားသည့် မြို့အရှေ့ဘက် အောင်သာကုန်း ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းကုန်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။
“အောင်သာကုန်းဘုန်းကြီးကျောင်းရပြီတဲ့ အောင်သာကုန်းဘုန်းကြီးကျောင်းက သူတို့ အမြဲတမ်းတပ်စွဲနေတဲ့ အောင်သာကုန်းရပ်ကွက်က ဘုန်းကြီးကျောင်းပေါ့။ အောင်သာကုန်းက အစွန်ဆုံးရပ်ကွက်လို့ ပြောလို့ရတယ်” အဆိုပါ မြေပြင်သတင်းရင်းမြစ်က ဆိုသည်။
ယမန်နေ့ နံနက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဗန်းမောက်မြို့တွင်းသို့ လက်နက်ကြီးကျည်အချို့ ကျရောက် ပေါက်ကွဲခဲ့ရာ သားအမိနှစ်ဦး လက်နက်ကြီးစများ ထိမှန်ဒဏ်ရာရခဲ့သည်ဟု သိရသည်။ ယမန်နေ့ နေ့လယ်မှ ယနေ့ (စက်တင်ဘာလ ၁၇ ရက်နေ့) အထိ တိုက်ပွဲထိတွေ့မှုအချို့ ရှိခဲ့ကြောင်း မြေပြင် စစ်ရေးရင်းမြစ် အမျိုးသားက ပြောသည်။
စစ်တပ်နှင့် SNA တပ်များက မြို့ထဲရှိ ဒေသခံ များကို ထွက်ခွာခွင့်မပေးသည့်အတွက် မြို့ခံ ၂၀၀၀ ကျော်ခန့်မှာ ပိတ်မိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“မြို့ထဲက ပြည်သူအများစုပိတ်မိနေတာရှိတယ် ပြည်သူတွေအကုန်းလုံးထွက်လို့မရဘူး စစ်တပ်နဲ့ SNA ဘက်ကနေပြီးတော့ မြို့ပြင်ကို ထွက်လို့မရအောင် လမ်းတွေကို အကုန်ပိတ်ဆို့ထားတယ်” ဟု သူက ဆိုသည်။
ရွှေအများအပြား ထွက်ရှိသလို သစ်ထုတ်လုပ်မှုများ ရှိနေသည့် ဗန်းမောက်မြို့၌ SNA တပ်များက အဓိက စစ်ရေးလှုပ်ရှားပြီး စစ်တပ်ခြေမြန် တပ်မ (၇၇) အင်အားအချို့လည်း ပူးပေါင်းထားသည်ဟု သိရသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဗန်းမောက်တစ်မြို့နယ်လုံးတွင် လူဦးရေ တစ်သိန်းကျော်ရှိသော်လည်း မြို့ပေါ်တွင် နေထိုင်သူမှာ ၅၀၀၀ ခန့်သာရှိပြီး မြို့နေလူဦးရေ၏ ထက်ဝက်ကျော်မှာ တိုက်ပွဲများ ဖြစ်လာပြီးနောက် အခြားဒေသများသို့ တိမ်းရှောင်သွားကြသည်။
တိုက်ပွဲစတင်သည့် နေ့ကတည်းက အင်းတော်မြို့နှင့် ဆက်သွယ်ထားသည့် အင်းတော်- ဗန်းမောက် လမ်းပိုင်းကို တော်လှန်ရေးတပ်များဘက်က ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဆက်သွယ်ထားရာ လမ်းကြောင်းပေါ်ရှိ ဗန်းမောက်မြို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ ကသာခရိုင်တပ်ရင်းများဖြစ်သော ကသာ၊ ထီးချိုင့်၊ ဗန်းမောက်နှင့် အင်းတော်အခြေစိုက် PDF တပ်ရင်းများက ဦးဆောင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး အထူးတပ်ရင်းများဖြစ်သည့် SR 2 ၊ SR 10 တပ်များ ပါဝင်သည်။
ထို့ပြင် ကဒူး တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် Kadu Army တပ်နှင့် KIA တပ်အချို့လည်း ပူးပေါင်းပါဝင်နေသည်ဟု သိရသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့တိုက်ပွဲတွင် KIA နှင့်တော်လှန်ရေးတပ်များ နေရာအချို့ ပြန်ဆုတ်နေရချိန် အနောက်ဘက် မိုင် ၉၀ ကျော်ခန့်အကွာ ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များဘက်က စတင် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗန်းမောက်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ ခန့် အကွာတွင်ရှိသည့် ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလနှင့် ဗန်းမောက်မြို့အရှေ့ဘက် ၂၈ မိုင် အကွာတွင်ရှိသည့် အင်းတော်မြို့ကို ယခုနှစ် ဧပြီလတွင် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေး မြို့များကို NUG က သိမ်းပိုက်ထားပြီး မန္တလေးတိုင်းအတွင်း စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် နေရာအချို့ကို ထိန်းချုပ်ထားသည်။



