အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တွင် တီဘီကူးစက်မှု မြင့်နေသော်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ မလုပ်နိုင်

လေမှတဆင့်ကူးစက်တတ်သော ရောဂါ ဖြစ်ပွားမှုနှုန်းသည် ရန်ကုန်တိုင်းတွင် တစ်နိုင်ငံလုံး၏ ၃၀ ရာခိုင်နှုန်းကျော် ရှိနေသော်လည်း စစ်ကော်မရှင်က ပုဂ္ဂလိကဆေးရုံဆေးခန်းများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရန်သာ ညွှန်ကြားထားသည်။

ရန်ကုန်တိုင်းအတွင်း တီဘီရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နိုင်ငံလုံး၏ ၃၁ ရာခိုင်နှုန်း ရှိပြီး ကူးစက်နှုန်း မြင့်လာသော်လည်း စစ်ကော်မရှင်က ထိရောက်သောဆေးကုသမှုများ လုပ်ဆောင်ခြင်း မရှိသေးကြောင်း မြို့ခံများနှင့် ကျန်းမာရေးအသိုင်းအဝိုင်းထံက သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရန်ကုန်တိုင်းအတွင်း တီဘီရောဂါဖြစ်သူ ၃၁ ရာခိုင်နှုန်း ရှိနေသည့် အပြင် တီဘီနှင့် ကိုယ်ခံအားကျဆင်းသည့် HIV ရောဂါယှဉ်တွဲဖြစ်ပွားနေသူ ၃၅ ရာခိုင်နှုန်း၊ ဆေးယဉ်ပါး တီဘီရောဂါ ဖြစ်ပွားသူ ၅၅ ရာခိုင်နှုန်းရှိသည်ဟု ရန်ကုန်တိုင်း၊ ကုသရေးဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။  

ထို့ကြောင့် ပုဂ္ဂလိကဆေးရုံဆေးခန်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု စစ်ကော်မရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းကုသရေးဦးစီးဌာနထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်မြို့တွင် လူဦးရေ ခြောက်သန်းနီးပါးရှိပြီး ရန်ကုန်တိုင်းသည် လူနေ ထူထပ်သည်။  

သို့သော် စစ်ကော်မရှင်၏ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူထုထံ ကွင်းဆင်းပြီး ရောဂါရှာဖွေမှုများ၊  လူနာ တစ်ဦးချင်းစီအတွက် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ခံအချို့က ပြောကြသည်။  

တီဘီရောဂါပိုးသည် လေထဲမှတဆင့်ကူးစက်ပြီး ကူးစက်ခံရသူအများစုတွင် ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်တွင် ကိန်းအောင်းနေတတ်ပြီး ကိုယ်ခံအားနည်းသူများ၊ အဟာရချို့တဲ့သူများတွင် ရောဂါပို၍ ဖြစ်နိုင်ခြေများသည်။ အဆုတ်နှင့်အခြားကိုယ်တွင်းအင်္ဂါများ (အသည်း၊ ကျောက်ကပ်၊ အရိုး၊ ဦးနှောက်) ကိုလည်း ပျံ့နှံ့နိုင်ပြီး အသက် အန္တရာယ် ခြိမ်းခြောက်နိုင်သည့်ရောဂါဖြစ်သည်။

ရန်ကုန်မြို့တွင် တီဘီရောဂါ ပျံ့နှံ့နေသည်ဆိုသော်လည်း အကာအကွယ်အဖြစ် နှာခေါင်းစည်း (Mask) တပ်ထားသူများ မရှိသလောက် ရှားသည်ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။ 

“အပြင်မှာ (အများစုက) ဒီအတိုင်းလှုပ်ရှားသွားလာနေကြတာ၊ လူသွားလူလာထူထပ်တဲ့နေရာတွေမှာလည်း  နှာခေါင်းစည်း တပ်တဲ့သူ ရှားတယ်။ တပ်တာမတွေ့ဘူး။  တီဘီရောဂါတွေ ဒီလောက်ထိ ဖြစ်နေတာမျိုးလည်း တော်တော်များများ မသိကြဘူး” ဟု ထိုသူက ဆိုသည်။

တီဘီရောဂါ ရှိမရှိသည် ပြင်ပလက္ခဏာများဖြင့် မသိနိုင်ဘဲ စမ်းသပ်စစ်ဆေးကုသမှုများ လိုအပ်ကြောင်း  ရန်ကုန်မြို့မှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးကလည်း ပြောသည်။ 

“တီဘီရောဂါ ရှိမရှိဆိုတာက ခံစားနေရတဲ့ ရောဂါလက္ခဏာကို သိရုံနဲ့မရပါဘူး။ လူနာတွေကို စမ်းသပ်ရုံ နဲ့ တီဘီလို့ အတိအကျပြောဖို့ခက်ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေ…. ရင်ဘတ်ဓာတ်မှန်ရိုက်တာ၊  သလိပ်ထဲ တီဘီပိုး ရှိမရှိ စစ်ဆေးတာ၊ တခြားရောဂါများနဲ့လည်း Symptom တူတဲ့အတွက် သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်” ဟု ထိုသူက ဆိုသည်။​

“ ကလေးတွေလည်းမွေးကင်းစအချိန် ကတည်းက BCG (Bacillus Calmette–Guérin vaccine ) ကာကွယ်ဆေး ထိုးပြီးတော့ ပြင်းထန်တဲ့ကလေးတီဘီတွေ ကာကွယ်လို့ရအောင်လုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

 ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှုအခြေအနေများကြောင့် ပိတ်ထားသည့် စာသင်ကျောင်းရှေ့တွင် ဖြတ်သန်းသွားလာနေသူတစ်ဦးကို ၂၀၂၀ ဩဂုတ်လ ၂၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ -Myanmar Now)

စစ်တပ်လက်ထက် စီးပွားရေးကျဆင်းလာမှု၊ ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာခြင်း၊ စားဝတ်နေရေး ကျပ်တည်းမှု၊ လူနေမှုအဆင့်အတန်း နိမ့်ကျလာခြင်းတို့ကြောင့် အခြေခံလူတန်းစားများနှင့် ဆင်းရဲနွမ်းပါးသူများ ဆေးကုသရန် ငွေကြေးအခက်အခဲများကြုံတွေ့နေရသည်။

အခြေခံလူတန်းစားများအနေဖြင့် တီဘီရောဂါအတွက် ဆေးစစ်ရန်အခြေအနေသည် လက်လှမ်းမီရန် ခက်ခဲမည်ဟု ထိုသူက မှတ်ချက်ပြုသည်။ 

“ အခု ကိုဗစ်နောက်ပိုင်း ဖျားနာပြီဆိုရင်လည်း တော်တော်များများက ချောင်းဆိုးတာ မပျောက်ကြဘူးလေ။ အနည်းဆုံး သုံးပတ်၊ တစ်လလောက် ချောင်းဆိုးတာဆိုတော့ ဒါကို တီဘီလား ဘာလားဆိုတာ ဆေးရုံဆေးခန်း သွားစစ်ဆေးကြဖို့လည်း ပိုက်ဆံမတတ်နိုင်ကြတဲ့ အခြေခံလူတန်းစားတွေအတွက် ခက်ခဲမှာပဲ” ဟု ၎င်းက ဆက်ပြောသည်။ 

အစာအာဟာရချို့တဲ့မှုနှင့် စိတ်ပိုင်းဆိုင်ရာပူပင်သောကများကြောင့် တီဘီရောဂါ ဖြစ်နိုင်ခြေပိုများ လာစေသည် ဟု ကျန်းမာရေးဝန်ထမ်းများက ဆိုကြသည်။ 

စစ်ကော်မရှင်က တီဘီရောဂါကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုနှုန်းတိုးလာသောကြောင့် လူဦးရေ ထူထပ် များပြားသည့် ရန်ကုန်မြို့နှင့်တိုင်းတစ်ခုလုံး တီဘီ‌ရောဂါထိန်းချုပ်ရန် ယခုလအတွင်း စတင်လှုံ့ဆော်လာသည်။

သို့ရာတွင် ကျန်းမာရေး CDM ဝန်ထမ်းများကို မတရားဖိနှိပ်ဖမ်းဆီးခြင်း၊ ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဆေးခန်း များကို  ချိပ်ပိတ်ခဲ့သည့်အပြင် တော်လှန်ရေးအားကောင်းသည့်ဒေသများရှိ ဆေးရုံ၊ ဆေးခန်းများအား ဗုံးကြဲ တိုက်ခိုက်နေသည့် စစ်တပ်သည် တီဘီတိုက်ဖျက်ရေးအတွက် ချမှတ်ထားသည့် ရည်မှန်းချက်များ ဖြစ်မြောက်အောင် အကောင်ထည်ဖော်နိုင်ခြင်းမရှိသလို ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရ လက်ထက် တီဘီရောဂါဖြစ်ပွားမှုကျဆင်းလာခဲ့သော်လည်း စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် တီဘီ ရောဂါ ဖြစ်ပွားမှုများလာခဲ့သည်ဟု ဆိုသည်။

အာဏာမသိမ်းမီကာလများကထက် ပိုများလာပြီး သေဆုံးမှုနှုန်းမှာ တီဘီရောဂါ ရှိသူ ခြောက်ဦးတွင် တစ်ဦးရှိလာကြောင်း ဖော်ပြထားသည်။ 

မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းမှာ လူနေထူထပ်သည့် မြို့ပြဧရိယာများဖြစ်သည့် ရန်ကုန် အပြင် မန္တလေး၊ ပဲခူးတိုင်း၊  စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံး ဖြစ်သည်ဟု  WHO စစ်တမ်းအရသိရသည်။ 

ဖြစ်ပွားနှုန်းတက်လာရခြင်းအဓိကအကြောင်းအရင်းမှာ ရောဂါဖြစ်ပွားသူ ထက်ဝက်ခန့်သာ စစ်ဆေးတွေ့ ရှိကုသနိုင်မှု ပြုလုပ်နိုင်သောကြောင့် တီဘီရောဂါကူးစက်မှု များလာခြင်းဖြစ်သည်ဟု WHO က ဆိုသည်။

WHO ၏စစ်တမ်းများအရ မြန်မာနိုင်ငံတွင် တီဘီရောဂါကြောင့်  ၂၀၂၁ ခုနှစ်တွင် လူဦးရေ တစ်သိန်းတွင် ၆၉ ဦးခန့် သေဆုံးခဲ့ပြီး  နှစ်နှစ်အကြာ လူတစ်သိန်းလျှင် သေဆုံးသူ ၈၀ ကျော်အထိ တိုးလာသည် ဟု သိရသည်။ 

ပြင်းထန်အဆုတ်တီဘီအပြင် အခြားသော တီဘီရောဂါများလည်းရှိရာ ကူးစက်မှုနှုန်း မြင့်လာရသည့် အကြောင်း တွင် ဆေးကုသခွင့်မရမှုက အဓိကအကြောင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက် တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ကျန်းမာရေး ဝါရင့် ဆရာဝန်တစ်ဦးက ဆိုသည်။ 

၂၀၂၀ တွင် ကိုဗစ်ရောဂါဖြစ်ပွားခြင်းနှင့် စစ်အာဏာသိမ်းခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် တီဘီ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသည်၊ ၂၀၂၁ နောက်ပိုင်း တီဘီ‌ရောဂါ ဖြစ်ပွားမှု သိသိသာသာ မြင့်လာသော်လည်း ဆေးကုသမှုခံယူသည့် လူနာအရေအတွက် တိုးလာခြင်းမရှိဘဲ တီဘီ ရောဂါ တိတ်တဆိတ် ကူးစက်ပျံနှံ့ခဲ့သည်ဟု အထက်ပါ NUG ဆရာဝန်က ပြောသည်။ 

“ ဆေးကုသမှု မရရှိတဲ့ တီဘီလူနာတွေကတဆင့် ပြည်သူလူထုထဲမှာ တီဘီရောဂါနဲ့ ဆေးယဉ်ပါးတီဘီတွေ ပျံ့နှံ့မှုများလာတယ်။  တီဘီဆေးကုသခွင့်မရသူဦးရေက အာဏာသိမ်းပြီးနောက် နှစ်ဆကျော် တိုးလာတယ်။ သေဆုံးသူဦးရေလည်း နှစ်ဆကျော် တိုးလာခဲ့တာကိုတွေ့ရတယ်။  ဆေးကုသမှုတွေကို ကောင်းစွာကြီးကြပ်မှု မရှိတာ၊၊ ရောဂါပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိတာတွေကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

NUG ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော တီဘီရောဂါအကြောင်း ။ 

တီဘီရောဂါနှင့် ဆေးယဉ်ပါးတီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံများတွင် ပါဝင်သည့် မြန်မာနိုင်ငံသည်  အရပ်သား အစိုးရလက်ထက်က  တီဘီရောဂါ တိုက်ဖျက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သော်လည်း ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသလို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများသည်  နိုင်ငံတကာအလှူရှင် များ၏ ပံ့ပိုးမှုများဖြင့် လည်ပတ်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။  

“(ကျန်းမာရေးစောင့်ရှောက်မှုမှာ) ယခင်ကတည်းက နိုင်ငံတော်ရန်ပုံငွေထောက်ပံ့နိုင်မှုက နည်းပါတယ်။ လူနေမှု အဆင့်အတန်းနိမ့်ကျတာ၊၊ ဆင်းရဲမွဲတွေမှုကနေ မလွတ်မြောက်နိုင်သေးတာ၊  နိုင်ငံတွင်းပဋိပက္ခတွေ  ရှိနေခြင်း ကလည်း တီဘီရောဂါ ထိန်းချုပ်မှုအတွက် အဟန့်အတားတွေဖြစ်ခဲ့ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မယောင်ရာ ဆီလူးသော စစ်ကော်မရှင်

ထိုကဲ့သို့ ကူးစက်မှုနှုန်းမြင့်နေခြင်းမှာ အာဏာသိမ်းစစ်တပ်က လိုအပ်သည့်အရာများကို မဆောင်ရွက်ဘဲ အောင်မြင်မှုများ ရနေသယောင်သာ ကြိုးပမ်းနေသည်ဟု အထက်ပါ NUG ၏ ဝါရင့်ဆရာဝန်က ဝေဖန်သည်။

“ စစ်ကောင်စီ (စစ်ကော်မရှင်) လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ ယခင် လမ်းဟောင်းအတိုင်း ပကာသနအခမ်းအနားတွေနဲ့ ကာကွယ်ပြီး အောင်မြင်မှုတွေရရှိနေသယောင်ယောင် အမူအကျင့်တွေကို ပုံမှန်ကျင်းပမြဲကျင်းပနေဆဲ၊ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးပြီး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

၂၀၂၁ နောက်ပိုင်း ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု၊ ပဋိပက္ခဖြစ်ရာဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရန်ခက်ခဲမှု၊ ရောဂါရှာဖွေရန် လိုအပ်သော ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို ပဋိက္ခဖြစ်နေသည့် နေရာ များအား မပို့ဆောင်နိုင်ရန် တားဆီးမှုများကြောင့် တီဘီရောဂါပြန့်ပွားမှုများ ဖြစ်လာသည်ဟု သိရသည်။ 

ထို့ပြင် စစ်တပ်က တော်လှန်ရေးအားကောင်းသည့်နယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ် ထိန်းချုပ်နေရာ များကို ဆေးဝါးနှင့် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသုံးပစ္စည်းများသာမက အမျိုးသမီး လစဉ်သုံးပစ္စည်းများပါ မရောက်ရှိစေရန် ပိတ်ဆို့ထားသည်။

ထို့ကြောင့် ဆေးပြတ်လပ်မှုနှင့်ကြုံတွေ့ရပြီး ရောဂါရှာဖွေရန် ဓာတ်ခွဲခန်းများ၊ ဓာတ်မှန်စက်များ၊ အခြေခံ စစ်ဆေးမှုများဆောင်ရွက်ရန် လိုအပ်နေသည့်အပြင် ဆေးယဉ်ပါးတီဘီ ရှိမရှိစစ်ဆေးရန်၊ ကုသမှုပေးရန် အခြေအနေများပြည့်စုံစွာမရှိနိုင်သေးဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။

လေမှတဆင့်ကူးစက်တတ်သည့် ရောဂါဖြစ်သောကြောင့် လူနေပိုထူထပ်လာသည့်နေရာများ၊ စစ်‌ဘေး ရှောင်စခန်းများ၊  ကျန်းမာရေးစောင့်ရှောက်မှုရရန် ခက်ခဲတဲ့နေရာများတွင် တီဘီရောဂါ ပိုအဖြစ်များလေ့ရှိသည်။ 

ထိုအခြေအနေသည် နိုင်ငံကာအထောက်အပံ့များကို ပိတ်ပင်လိုက်ခြင်းလည်းပါဝင်သည်ဟု  NUG ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း  ပြောသည်။ 

“ မြို့ပေါ်က ဆေးခန်းတွေမှာတော့ ရမှာပေါ့။ ဒါပေမဲ့ စစ်ကောင်စီ မထိန်းချုပ်နိုင်တဲ့ နေရာကအများကြီးရှိပြီး အဲဒီဒေသမှာကူညီပေးတဲ့ မိတ်ဖွဲ့အစည်းတွေကို ဆေးကုခွင့် ရပ်ဆိုင်းလိုက်တော့ အဲဒီလိုဒေသကလူတွေအတွက် ဆေးဝါးမရရှိမှု ၊ ဆေးရရန် ခက်ခဲမှုတွေနဲ့ ကြုံနေကြရပါတယ်”

တီဘီရောဂါ ထိန်းချုပ်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုလိုအပ်သကဲ့သို့ စစ်မက် ဖြစ်ပွားနေ သည့်ဒေသများတွင်လည်း အိမ်နီးချင်းနိုင်ငံများမှ ဆေးဝါးထောက်ပံ့သည့် လမ်းကြောင်းများ ဖွင့်ပေးခြင်း၊ မိတ်ဖက် NGO နှင့် INGO အဖွဲ့အစည်းများအား နေရာအကန့်အသတ်မရှိ ဆေးကုသခွင့်ပေးရန် လိုအပ်သကဲ့ လူသားချင်း စာနာမှုအကူအညီများပေးရန် လိုအပ်သည်ဟု ထိုသူက ဆိုသည်။ 

NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် လူတစ်သိန်းတွင် တီဘီဖြစ်ပွားလျက်ရှိသော လူနာ ၅၅၈ ဦး ရှိသည်ဟု ခန့်မှန်းတွက်ချက်ထားပြီး ကုသမှုပေးနိုင်သူဦးရေမှာ လူတစ်သိန်းတွင် ၂၃၉ ဦးသာ ရှိကြောင်း ယခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားသည်။  တီဘီရောဂါအကြောင်း သိကောင်းစရာများ တွင်ဖော်ပြထားသည်။ 

နိုင်ငံရေးမတည်ငြိမ်မှု၊ လူသားချင်းစာနာမှု အထောက်အပံ့များ ရပ်တန့်မှုတို့ကြောင့် ပြည်သူလူထု ကျန်းမာရေး စောင့်‌‌ရှောက်မှုများ နှောင့်နှေးသွားပြီး တီဘီရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် အခက်အခဲများဖြစ်လာသည်ဟု ဖော်ပြထားသည်။ 

အရှေ့တောင်အာရှရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် Myanmar Now ၏တွေ့ရှိချက်အရ မြန်မာနိုင်ငံသည် တီဘီ‌ ရောဂါဖြစ်ပွားမှု လူဦးရေတစ်သိန်းတွင် ၅၅၈ ဦးအထိရှိသည့် တတိယအများဆုံးနိုင်ငံ ဖြစ်ပြီး သေဆုံးမှုနှုန်းတွင် ဒုတိယနေရာတွင်ရှိနေသည်။

ဒေသတွင်းနိုင်ငံများအနက် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် တီဘီရောဂါဖြစ်မှုသည် မြန်မာနိုင်ငံ ထက် ပိုများသော်လည်း ရောဂါကြောင့်သေဆုံးမှုနှုန်းမှာ သိသိသာသာ လျော့နည်းနေသည်ကိုတွေ့ရ သည်။ အင်ဒိုနီးရှားတွင် ရောဂါဖြစ်သွားသူ ရှစ်ဦးအနက် တစ်ဦးသာသေဆုံးပြီး၊ ဖိလစ်ပိုင်တွင် ၁၆၆ ဦးအနက် တစ်ဦးသာ သေဆုံးသည်ကို တွေ့ရသည်။

အာဆီယံနိုင်ငံများတွင် တီဘီရောဂါ ဖြစ်ပွားမှုပြအခြေအနေ။

Related Articles

Back to top button