အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတိုင်းတွင် ၂ ရက်ဆက် ဗုံးကြဲမှုကြောင့် ကလေးများ အပါအဝင် ၁၀ ဦးသေဆုံး

နိုင်ငံအလယ်ပိုင်းကို ပစ်မှတ်ထားနေသော စစ်တပ်က တော်လှန်ရေးတပ်များထိန်းချုပ်သည့် မန္တလေးတိုင်း လေးမြို့နယ်ကို ပြီးခဲ့သည့်နှစ်ရက်အတွင်း လေကြောင်းမှတိုက်ခိုက်ခဲ့၍ ၁၀ ဦး သေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းရှိ လေးမြို့နယ်တွင် နှစ်ရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် ၁၀ နှစ်ကျော်အရွယ်အပါအဝင် ဒေသခံ ၁၀ ဦးသေဆုံးခဲ့ပြီး ကိုးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု စုံစမ်း သိရှိရသည်။ 

စက်တင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်မြို့တို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့စဉ် ထိုသို့ ထိခိုက်သေဆုံးမှုများ ပေါ်ပေါက်ခဲ့သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) မွန်းလွဲ ၂နာရီခွဲခန့်တွင် လေတပ်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့မြောက်ဘက် ဒီဃာရွာအား ဗုံးကြဲချခဲ့ရာ  ၁၂ နှစ်၊ ၁၄ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသား သုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရသည်။ 

တချိန်တည်းမှာပင် အနီးရှိ ဥက္ကံကျေးရွာကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်ပြင်ဆိုင်တစ်ခု တွင်  ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဝင်းတင် (၅၀ နှစ်) နှင့် အသက် ၃၀ အရွယ်ဝန်းကျင် အမျိုးသားနှစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့သည်။

ယင်းနေ့မတိုင်မီ(စက်တင်ဘာလ ၁၅ ရက်နေ့) နေ့လယ်က မတ္တရာမြို့နယ်အရှေ့ဘက်မှ ဆည်တော်ရွာ ဘုန်းကြီးကျောင်းအပါအဝင် ဘုန်းကြီးကျောင်း သုံးကျောင်းတို့ကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ရှောင်များဖြစ်သည့် သက်လတ်ပိုင်းအရွယ်ဦးဇင်းတစ်ပါး ၊ မငယ် (၃၀ နှစ်) ၊ ကိုမောင်လေးဆိုသူတို့ သေဆုံးခဲ့ပြီး မယ်သီလရှင်တစ်ပါး၊ ကိုရင်ငယ်တစ်ပါးနှင့် ကိုအောင်ဒင် ဆိုသူတို့ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။

“မနေ့က ကလေးတွေက ကျွန်တော့်မျက်မြင်သေဆုံးတာဗျ။ တော်တော်ဆိုးဆိုးရွားရွားပဲ ။ ပုံတွေဆို ကြည့် ရက်စရာမရှိဘူး တော်တော်ထိတာ။ အခုကို ဂျက်(တိုက်လေယာဉ်) က ဝဲနေတာ ကြောက်နေပြီ”ဟု ဒီဃာရွာမှ ဒေသခံအသက်၂၀ အရွယ်အမျိုးသားတစ်ဦးက Myanmar Now ကို ယနေ့  နေ့လယ်က ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ညကလည်း မန္တလေးတိုင်းအတွင်းမှ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးနယ်တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နောက်တစ်နေ့ (စက်တင်ဘာလ ၁၆ ရက်နေ့) နံနက်တွင် မိုးကုတ်မြို့ပါ ဗုံးကြဲခံရသည်။ 

ထိုတိုက်ခိုက်မှုများအတွင်း စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာမှ ဒေါ်ကြည်တင့် (၆၅ နှစ်) သေဆုံးကာ စဉ့်ကူး နှင့် မိုးကုတ်ဒေသခံ စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ 

မတ္တရာ စစ်ရေးအခြေအနေ

မတ္တရာအရှေ့ပိုင်း လမိုင်း၊ ကျောက်တံတားနှင့်မတ္တရာမြို့တို့အကြားမှငါးလုံးပြွန်ကျေးရွာတွင် စစ်တပ်က ရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) နှင့် တိုက်ပွဲများဆက်ဖြစ်နေသည် ဟု စစ်ရေးရင်းမြစ်များက ပြောသည်။

“ငါးလုံးပြွန်ဖက်ကို ကိုယ့်ဘက်က ပေးလိုက်ရတယ်လို့ ရှေ့နှစ်ရက်လောက်ကတည်းက ကြားထားတယ်။ လက်ရှိ….တိုက်ပွဲကလည်း အဲဒီဘက်မှာဆက်ဖြစ်နေတယ်”ဟု စစ်ရေးရင်းမြစ်အမျိုးသားတစ်ဦးက ပြောသည်။

“ခုကစဉ့်ကူးဘက်ကို စစ်တပ်က တောက်လျောက်တိုးနေတာ။ မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း ကြားနေရာ အချို့တွေမှာ မဟာမိတ်တပ်ပေါင်းစုတွေ စုပေါင်းပြီး စစ်တပ်နဲ့ပွဲဖြစ်နေတာ”ဟု ဆက်ပြောသည်။

စစ်တပ်က မတ္တရာအနောက်ခြမ်းကို ပြန်ထိန်းချုပ်လိုက်ပြီး အရှေ့ပိုင်းနယ်မြေများအပြင် မြောက်ဘက်ရှိ စဉ့်ကူးနယ်ကိုပါ ခြိမ်းခြောက်နေသည်။ 

မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် နယ်မြေအချို့ဆုတ်လိုက်ရပြီး ကျေးရွာအများစုတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေသည်ဟု MDY-PDF သတင်းတာဝန်ခံကိုအော်စမွန်က စက်တင်ဘာလဆန်းတွင် Myanmar Now ကို ပြောထားသည်။

စစ်တပ်သည် ရွေးကောက်ပွဲမတိုင်မီ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်များ ထိန်းချုပ်သည့် စဉ့်ကူး၊ သပိတ်ကျင်း၊ မတ္တရာ၊ မိုးကုတ်မြို့တို့ကို ပြန်ရယူရန် မြေပြင်ထိုးစစ်၊ လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ကြိုးပမ်းနေသည်။ 

မကွေးတိုင်း နှစ်မြို့နယ်လည်း ဗုံးကြဲခံရ

စက်တင်ဘာလ ၁၆ ရက်နေ့က မကွေးတိုင်း၊ ပေါက်နှင့်မြိုင်မြို့နယ်တို့ရှိ ကျေးရွာအချို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသော်လည်း လူအထိအခိုက်မရှိခဲ့ကြောင်း  ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။

ယမန်နေ့ မွန်းတည့် ၁၂နာရီကျော်အချိန်ခန့်က ပေါက်မြို့အနောက်မြောက်ဘက် ကပိုင်ကျေးရွာ ဗုံးကြဲ ခံရပြီး နေအိမ်အချို့ထိခိုက်သော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ပေါက် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်းက ပြောသည်။

“စစ်ကြောင်းရှိတယ်၊ စစ်ကြောင်း ဝဲယာရောက်ကို  နယ်မြေရှင်းတဲ့ပုံစံနဲ့ ဆက်ရှင်းနေတာပေါ့၊ လောလော ဆယ်တော့ ပြည်သူတွေရှောင်နေတာဆိုတော့ ရွာထဲမရှိဘူးပေါ့၊ အဲရက်မတိုင်ခင် တစ်ရက်ကလည်း အဲဒီ ဘက်မှာ ပစ်သွားတာတွေရှိတယ်၊ နေအိမ်အဆောက်အဦအချို့ ထိခိုက်တာတော့ရှိတယ်၊ လူတွေဘာတွေ ထိခိုက်တာတော့မရှိဘူး။ စစ်ကြောင်းရှိတော့ ပြည်သူတွေက ရှောင်နေရတာဗျ” ဟု ၎င်းက ဆိုသည်။

ပေါက်မြို့ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ -၂၄) မှ  စစ်ယာဉ်တန်းများ ပြန်လည်ထွက်ခွာသွားသော်လည်း  ဒေသတွင်းရှိ စစ်တပ်နှင့် ပျူစောထီးများက အင်အားစုစည်းကာ စစ်ကြောင်းထိုးမှုများ ပေါက်မြို့နယ်အတွင်း ရှိနေသည်ဟု သူက ဆက်ပြောသည်။ 

ထိုစစ်ကြောင်းသည် လက်ရှိတွင် ပေါက်မြို့နယ်အရှေ့မြောက်ဘက် ပြည်သူစစ်များ အခြေစိုက်သော ဇီးဖျားရွာသို့ ဦးတည်စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ စစ်ရှောင်နေရသည်မှာ လချီကြာမြင့်နေပြီ ဖြစ်ကြောင်း ကိုစစ်မုန်းက ဆိုသည်။ ဩဂုတ်လဆန်းအထိ ပေါက်ဒေသခံ တစိသောင်းကျော် စစ်ရှောင် နေရသည်။ 

ပြီးခဲ့သည့် မေလ၊ ၂၅ ရက်နေ့မှစ၍ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) မှစစ်ယာဉ်တန်း နှင့် စစ်သား များသည်  ပခုက္ကူ-ပေါက်-မင်းတပ်လမ်းအတိုင်း ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသဖြင့် သုံးလကြာ စစ်ကြောင်းထိုစဉ် ကတည်းက ဒေသခံ အများအပြား တိမ်းရှောင်နေရခြင်းဖြစ်သည်။ 

ယမန်နေ့ ညနေ ၄နာရီကျော်အချိန်တွင် ပခုက္ကူတပ်မ(၁၀၁) မှ တက်လာသော ပါရာမိုတာ နှစ်စီးသည် ပေါက်မြို့နယ် အနောက်မြောက်ပိုင်းကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်မှုနှင့် အသေးစိတ် အချက်လက်များ စုံစမ်းနေကြောင်း ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် “ အညာမြေ တပ်ပေါင်းစု” က ထုတ်ပြန်ထားသည်။

Related Articles

Back to top button