အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြစ်ကြီးနားမြို့တွင် KIO အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ဆိုင်ကယ်ဖြင့် သွားလာနေသူများကို တားဆီးစစ်ဆေးစဉ် ထွက်ပြေးသည့် KIO ဝန်ထမ်း နှစ်ဦးကို စစ်တပ် က ပစ်ခတ်ဖမ်းဆီးခဲ့သည်၊ ခြေထောက်တွင် ဒဏ်ရာရသည်ဟု မြို့ခံများထံက သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၄ ရက်နေ့) က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ အငယ်တန်းအုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားနှစ်ဦး ပစ်ခတ်ဖမ်းဆီးခံရသည်ဟု မြို့ခံများထံက သိရသည်။

ထိုနေ့ မွန်းလွဲ ၃ နာရီခန့်တွင် မြစ်ကြီးနားမြို့၊ စံပြလမ်းပေါ်တွင် ဆိုင်ကယ်စီးလာသည့် KIO အုပ်ချုပ်ရေး အဖွဲ့ဝင် အမျိုးသားနှစ်ဦးနှင့် အခြား အမျိုးသားတစ်ဦးကို စစ်တပ်က တားဆီးစစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးနေစဉ် KIO မှ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ထွက်ပြေးသည့်အတွက် စစ်တပ်က လိုက်လံ ပစ်ခတ်ဖမ်းဆီးခြင်းဖြစ်သည်ဟု KIA နှင့် နီးစပ်သူ ဒေသခံအအမျိုးသားတစ်ဦးက ပြောသည်။

“(စစ်တပ်)သူတို့ နှစ်ဘက်ပိတ်ပြီးမှ စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သူတို့ သုံးယောက်လာတာမှာ တစ်ယောက်ကို ဖမ်းထားတယ် သူတို့နှစ်ယောက်က အခြေအနေရလို့ ပြေးတဲ့အချိန်မှာ စစ်ကော်မရှင်က သေနတ်နဲ့ လှမ်းပစ်တာပေါ့” ဟု ဆိုသည်။

ဖမ်းဆီးခံရသူများမှာ ဖားကန့်မြို့နယ် ကာမိုင်းမြို့နှင့် လဝါးကျေးရွာတို့မှ KIO အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်သည်ဟု သိရပြီး အသေးစိတ်အခြေအနေများ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။ 

“ကျွန်မ ဒိန်းဆိုတဲ့ အသံကြားတော့ ဘေးနားက FZ လို ဆိုင်ကယ်နဲ့ ကောင်လေးနှစ်ယောက်က နောက် လှည့်ပြီး ပြေး…ဆိုပြီး အသားကုန်မောင်းပြေးတာ” ဟု မြို့ခံ အမျိုးသမီးတစ်ဦးက မြင်တွေ့ခဲ့ရပုံကို ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် အဆိုပါအမျိုးသားနှစ်ဦး၏ ခြေထောက်တွင် ကျည်ထိမှန်ခဲ့ပြီး ၎င်းတို့ကို စစ်တပ်က ကားပေါ်တင်ပြီး မြစ်ကြီးနားမြို့အနောက်ဘက်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဝင်းထဲသို့ ခေါ်ဆောင်သွား သည်ဟု မြို့ခံများထံက သိရသည်။

မြို့တွင်း စစ်တပ်က လိုက်လံပစ်ခတ်မှုကြောင့် ထိုနေရာအနီးတဝိုက်တွင် လူအသွားအလာ ကြဲသွားပြီး တစ်နာရီခန့်အကြာ မွန်းလွဲ ၄ နာရီခန့်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြသည်ဟု ဆိုကြသည်။

အငယ်တန်းဝန်ထမ်း နှစ်ဦးဖြစ်ပြီး စုံစမ်းနေဆဲဖြစ်သည့်အတွက် အသေးစိတ်မသိရသေးဟု KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သက်ဆိုင်ရာတွေကိုလည်း မေးတော့မေးထားတယ်၊ ဒါပေမယ့် သူတို့လည်း ပြန်ပြီးမှ ဖြေတာတော့ မရှိဘူး။ အငယ်တန်း ဝန်ထမ်းတွေပေ့ါ၊ အကြီးတန်းတွေမဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ပစ်ခတ်ဖမ်းဆီးခံရသည့်ဆိုင်ကယ်နှင့် ပစ်ခတ်ခံရသည့်နေရာ။ (ဓာတ်ပုံ- ပေးပို့)

မြစ်ကြီးနားမြို့ပေါ်တွင် KIO/KIA အရာရှိများ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များမှာ ယခင်ကလည်း ဖြစ်ပွားခဲ့ ဖူးပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြစ်ကြီးနားမြို့ရှိ Happy KTV တွင် သီချင်းဆိုနေသည့် KIO/ KIA အရာရှိ ၁၁ ဦးခန့်ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့ဖူးသည်။

မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင်ရှိသည့် ဝိုင်းမော်မြို့နယ်တွင် စစ်တပ် နှင့် KIA ပူးပေါင်းတပ်များ မကြာခဏ တိုက်ပွဲများဖြစ်ပွားနေရာ မြစ်ကြီးနားမြို့ဘက်မှ အခြေစိုက်တပ် များက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။

တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် မြစ်တစ်စင်းသာခြားသည့်အတွက် မြောက်ပိုင်းစစ်ဌာနချုပ် အခြေစိုက် သလို ပြည်နယ်မြို့တော်လည်းဖြစ်သည့် မြစ်ကြီးနားမြို့တွင် စစ်တပ်က လုံခြုံရေးတင်းကျပ်ထားပြီး စစ်ဆေး၊ ဖမ်းဆီးမှုများကို နေ့ည မရွေးပြုလုပ်နေသည်။

ထို့ပြင် ဧရာဝတီမြစ်ကမ်းဘေးနေရာအချို့တွင် ခံစစ်ပြင်သည့်အနေဖြင့် ဘန်ကာများဆောက်လုပ်ရန် ပြင်ဆင်နေသည်ဟုလည်း မြို့ခံများက ပြောကြသည်။

ဝိုင်းမော်မြို့အပြင် ကျောက်စိမ်းမြို့တော် ဖားကန့်နှင့် ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်မြို့တို့တွင် လည်း စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ပြီးခဲ့သည့်နှစ် မတ်လမှစတင်သည့် ကချင်ထိုးစစ်အတွင်း ကချင်ပြည်နယ်ရှိ မြို့ ၁၄ မြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

Related Articles

Back to top button