တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် လည်ပတ်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်ထဲမှ ၎င်းတို့၏ ကြေးနီတူးဖော် ထုတ်လုပ်ရေး စီမံကိန်းကို စစ်တပ်ဦးဆောင်သည့် ရွေးကောက်ပွဲပြီးမှ ပြန်စရန်ဆုံးဖြတ်လိုက်သည်ဟု ကုမ္ပဏီဝန်ထမ်းများကို ကိုးကားပြီး ဝန်ထမ်းဟောင်းများနှင့် ဒေသခံများကဆိုသည်။
ကုမ္ပဏီသည် ယခုနှစ်ဒီဇင်ဘာပထမပတ်မှစတင်ပြီး ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ သုံးလကြာမြင့်မည့် လုပ်ငန်းရပ်နားသည့် အသိပေးချက်ကို ၎င်းတို့ထံ အကြောင်းကြားထားသည်ဟု ဝန်ထမ်းများကဆိုသည်။
ယာယီလုပ်ငန်းရပ်ဆိုင်းထားခြင်းအတွက် “စက်ယန္တရားများလည်ပတ်ရန်ဆီအခက်အခဲကြောင့်” ဟု ကုမ္ပဏီဘက်က ဝန်ထမ်းများကို အကြောင်းပြခဲ့သည်ဟု Myanmar Now ၏သတင်းရင်းမြစ်များကဆိုသည်။ ဝန်ထမ်းများကဆိုသည်။ သို့သော် အခြားတဖက်တွင် စစ်တပ်၏ရွေးကောက်ပွဲ ကာလအတွင်း လက်နက်ကိုင်တိုက်ခိုက်မှုများ တိုးမြှင့်လာနိုင်သည့်အတွက် လုပ်ငန်းရပ်နားခြင်းဖြစ်နိုင်ကြောင်း ဝန်ထမ်းများနှင့် ဒေသခံများကဆိုသည်။
ဝမ်ပေါင်ကြေးနီ စီမံကိန်းကို စစ်တပ်က အစောင့်အရှောက်ပေးထားပြီး ထိုစီမံကိန်းအတွင်းလည်း တပ်စွဲထားသည်။ စီမံကိန်းထဲမှ စစ်တပ်သည် အနီးတဝိုက်ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများနှင့် ဒေသတွင်း တော်လှန်ရေးတပ်များက မကြာခဏစွပ်စွဲလေ့ရှိသည်။
အပြန်အလှန်အားဖြင့် ဒေသတွင်း တော်လှန်ရေးတပ်များကလည်း ကြေးနီစီမံကိန်းထဲမှ စစ်တပ်ကို ဦးတည်ပြီးပြန်လည်တိုက်ခိုက်လေ့ရှိသည်။ ဒေသတွင်းတော်လှန်ရေးတပ်များသည် ပြီးခဲ့သည့် စက်တင်ဘာမှ အောက်တိုဘာအထိ ကြေးနီစီမံကိန်းထဲမှ စစ်တပ်ကို သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။
- နိုင်ငံအလယ်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ကြေးနီစီမံကိန်း တိုက်ခိုက်ခံရ
- ဝမ်ပေါင်ကြေးနီစီမံကိန်းအနီး စစ်ကြောင်းထိုးသတ်ဖြတ်မှုများလုပ်နေချိန် စီမံကိန်းကို တုံ့ပြန်တိုက်ခိုက်
ယခုနှစ်ဆန်းပိုင်းကစပြီးတကျော့ပြန်အရှိန်ရလာသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းကို ဒီဇင်ဘာ ပထမပတ် တွင် စတင်ရပ်နားခဲ့ခြင်းဖြစ်ပြီး သတ္တုတူးဖော်ရေးဌာန အပါအဝင် ဌာနအများစု ရပ်နားလိုက်ခြင်းဖြစ် သည်။
“သတ္တု ထုတ်လုပ်ရေး၊ Mining ဌာနတစ်ခုလုံးကပိတ်လိုက်ပြီ။နားလိုက်ပြီ။ ကြေးထုတ်လုပ်ရေး စက်ရုံကတော့ အနည်းငယ်တော့လည်ပတ်မှုရှိနေသေးတယ်။ ဆိုက်တစ်ခုလုံးကတော့ လုံးဝ ရပ်နားသွားတဲ့အနေ အထားမျိုး တိတ်ဆိတ်သွားတယ် ”ဟု ဝန်ထမ်းများကို ကိုးကားပြီး ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်းတစ်ဦးကပြောသည်။
လုပ်ငန်းရပ်နားပြီးနောက်တွင် အလုပ်သမားအချို့ နေရပ်ပြန်ကြပြီဖြစ်သော်လည်း စက်ရုံဝင်းထဲ ဆက်လက်နေထိုင်နေသူအချို့လည်းရှိနေသေးကြောင်း ဒေသခံများထံကသိရသည်။
“ (အိမ်မပြန်တဲ့သူတွေကို) လစာပေးထားပြီးတော့ အထဲမှာတော့ တောက်တိုခိုင်းတယ်။ မိခင်လုပ်ငန်းဖြစ်တဲ့ စက်မောင်း၊ ကားမောင်းလုပ်ငန်း တွေတော့ မလုပ်ရဘူး။ အိမ်ပြန်ချင်တဲ့သူတော့ ပြန်ကြတယ်”ဟု အထက်ပါ CDM ဝန်ထမ်းက ပြောသည်။
ကြေးနီစီမံကိန်းရပ်နားရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး မေးမြန်းနိုင်ရန် မြန်မာဝမ်ပေါင်ကုမ္ပဏီကို Myanmar Now ကဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
ပြီးခဲ့သည့်လပိုင်းများကစပြီး ကြေးနီစီမံကိန်းအတွင်းတပ်စွဲထားသည့် စစ်တပ်ကို တော်လှန်ရေးအင် အားစုများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ခဲ့ရာ စီမံကိန်းဝင်း အတွင်း ကျရောက်ပေါက်ကွဲပြီး အဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သည်။
အောက်တိုဘာလအတွင်း နမခမှစစ်အင်အားအလုံးအရင်းနှင့်ဖြည့်တင်းကာ စီမံကိန်းအရှေ့ဘက် ဝန်းကျင်ကျေးရွာမျာကို စစ်ကြောင်းထိုးစီးနင်းခဲ့သဖြင့် ကျေးရွာ ၁၀ ရွာမှထောင်နှင့်ချီသည့်ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
“ဝမ်ပေါင်မှာခြေကုပ်ယူပြီး စစ်ကြောင်းထိုးတဲ့အတွက် အနားကရွာ ၁၀ ရွာလောက်က တစ်လကျော် လောက် စစ်ရှောင်လိုက်ရတယ်။ ကပ်လျက်မှာရှိတဲ့ ဖောင်းကတာရွာဆိုရင် တချို့က ခုထိပြန်မဝင်ကြ သေးဘူး။မယုံရဲကြတော့။ ညဆိုရင်လည်း တစ်ရက်ခြားလောက် လက်နက်ကြီးနဲ့ ပြည်သူတွေရှိတဲ့ ရွာဘက်ကို လှည့်ထုတယ်”ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကပြောသည်။
ထို့နောက် ဒီဇင်ဘာပထမပတ်တွင်စီမံကိန်းအနီး ၅၁ လမ်းဆုံတွင် အင်အားချကာ စီမံကိန်း အနောက် ဘက်ခြမ်းရှိ အနီးဝန်းကျင်ကျေးရွာအချို့ကို မကြာခဏစစ်ကြောင်းဝင်နေကြောင်း ဒေသခံများထံက သိရသည်။
ထိုလမ်းဆုံတွင် စစ်တပ်က အင်အားဖြည့်တင်းကာ စစ်ဆေးရေးတင်းကျပ်ပြီး ဖမ်းဆီးမှုများလုပ်နေရာ ပြီးခဲ့သည့်ရက်ပိုင်းက ဆိုင်ကယ်သုံးယောက်တွဲစီးလာသည့် ညောင်ပင်ကြီးရွာမှအမျိုးသား ၃ ဦး ထိုဂိတ်တွင်ဖမ်းဆီးခံခဲ့ရပြီး နှစ်ဦးကိုပြန်လွှတ်ပေးသော်လည်း တစ်ဦးဖမ်းဆီးခံထားရဆဲဖြစ် ကြောင်း သိရသည်။
“ စစ်တပ်လှုပ်ရှားမှုအခြေအနေက အရင်နဲ့တော့မတူတော့ဘူး။ အရင်တုန်းက ကုမ္ပဏီစိုးမိုးဖို့ပဲလုပ်တယ်။ ပစ္စည်းသယ်ယူရေးလမ်းကြောင်းရှိမှ ကင်းအပြင်ထွက်ယူတာတွေရှိတယ်။ ခုကျတော့ သွေးတိုး စမ်းလာတဲ့သဘောရှိတယ်။ ၅၁ လမ်းဆုံနားမှာ ထွက်ပြီးတော့ စစ်တာမျိုးတွေ၊ ၅၁လမ်းဆုံကနေ မီတာ ၃၀၀ လောက်သွားရတဲ့ ဖောင်းကားရွာဈေးတန်းတွေဘက်မှာရှိတယ်။ ဆီဆိုင်နားထိ ထွက်ထွက်ပြီး တော့ လမ်းသွား လမ်းလာတွေစစ်ဆေးနေတဲ့အနေအထားရှိတယ်။ ဒါကဘယ်တုန်းကမှ မလုပ်ဖူးတဲ့ အနေအထားပေါ့။ နယ်မြေကိုချဲ့ထွင်ချင်လို့လား ဘာသဘောလဲတော့မသိဘူး”ဟု ကြေးနီစီမံကိန်းမှ CDM ဝန်ထမ်းနောက်တစ်ဦးကပြောသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်တည်ရှိရာ မုံရွာနှင့်မျက်နှာချင်းဆိုင် ချင်းတွင်းမြစ်တစ်ဘက်ကမ်း တွင်ရှိသည့် ဆားလင်းကြီးမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များနှင့် ညောင်ပင်ကြီးရွာ၊ ကြေးနီစီမံကိန်းဝင်းစသည့်နေရာများတွင်သာ ခြေကုပ်ယူထားပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစု များက စိုးမိုးထားသည်။
လက်နက်ကိုင်တော်လှန်ရေးအားကောင်းရာ ဆားလင်းကြီးမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် တွင် ပါဝင်ပြီး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လောင်း စာရင်းများအရ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများသာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အာဏာသိမ်းကာလအစောပိုင်းတွင် ဝန်ထမ်းအများစု CDM ပါဝင်သဖြင့် လုပ်ငန်းရပ်တန့်ခဲ့ရသည့် ကြေးနီစီမံကိန်းသည် နှစ်ကာလကြာမြင့်လာသည့်နှင့်အမျှ စားဝတ်နေရေး ခက်ခဲကျပ်တည်းလာသည့် အခြေအနေကို အခွင့်ကောင်းယူကာ CDM ဝန်ထမ်းပြန်လည်စည်းရုံးသိမ်းသွင်းပြီးနောက် ယမန်နှစ် နှစ်လယ်ပိုင်းကစပြီး လုပ်ငန်းကို တစတစ တိုးချဲ့လည်ပတ်လာခဲ့ရာ ယခုနှစ်ဆန်းပိုင်းတွင်လုပ်ငန်း တစ်ခုလုံး နီးပါးလည်ပတ်နိုင်ခဲ့သည့်အခြေအနေဖြစ်လာသည်။
စီမံကိန်းကို တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့်လပိုင်းများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများရှိရာ စက်ရုံဝင်းအတွင်းကျရောက်ပေါက်ကွဲမှုများရှိပြီး ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ ကြောင်း ဒေသခံများထံကသိရသည်။
ကြေးနီစီမံကိန်း ရပ်တန့်နိုင်ရေးနှင့်ပတ်သက်ပြီး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကိုင်တွယ်ဆောင်ရွက် သွားရန်စီစဉ်နေကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။ ထိုကော်မတီနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် လက်နက်ခဲယမ်းများထုတ်လုပ် သည့် နိုရင်ကို (NORINCO) ၏ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်း မှ စစ်တပ်က ဒေါ်လာသန်းနှင့်ချီအကျိုးအမြတ်ရနေသည်။ ဩစတြေးလျအခြေစိုက် Publish what you pay အဖွဲ့က ၂၀၂၁ တွင်ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပတောင်းတောင် ကြေးနီစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၁၇ သန်းနှင့် စပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ ၁၈၇ သန်း စစ်တပ်ထံစီးဝင်ခဲ့သည်။
စစ်တပ်စခန်းရာနှင့်ချီလက်လွှတ်ခဲ့ရသည့် ၁၀၂၇ စစ်ဆင်ရေးအပြီးတွင် အာဏာသိမ်းစစ်တပ်ဘက် ကို သိသိသာသာရပ်တည်ခဲ့သည့် တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် တောင်းဆိုထားသည်။



