အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နိုင်ငံအလယ်ပိုင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ကြေးနီစီမံကိန်း တိုက်ခိုက်ခံရ

တော်လှန်ရေးအင်အားစုများက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လုပ်ငန်းအပြည့်အဝပြန်လည် လည်ပတ်ရန် စတင်နေပြီဖြစ်သော ကြေးနီစီမံကိန်း၏ လုပ်ကွက်တစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် ဘက်ပေါင်းစုံဆက်ဆံရေးမြှင့်တင်နေသည့် တရုတ်က မြန်မာနိုင်ငံတွင်း ၎င်းတို့ ၏ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို လုံခြုံရေးပေးရန် တစိုက်မတ်မတ်တောင်းဆိုနေချိန်တွင် စစ်ကိုင်းတိုင်း ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ကြေးနီစီမံကိန်းကို တော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။  

ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀နာရီ ဝန်းကျင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တိုက်ခိုက်ရာ မြန်မာယန်စီ လုပ်ကွက်အနီး ကျရောက်ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

ကြေးစင်တောင်မှ ကြေးနီတူးဖော်ထုတ်လုပ်ရေးလုပ်နေသည့် မြန်မာယန်စီလုပ်ကွက်အနီး မိုင်းမြို့ ဟု အများသိသည့် ဝန်ထမ်းအိမ်ရာအနီးနှင့် ထုတ်လုပ်ရေးလုပ်ငန်းခွင်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကုမ္ပဏီနှင့်နီးစပ်သူများကို ကိုးကားပြီး ဒေသခံများက ပြောသည်။ 

“မြန်မာယန်စီဘက်ကိုမှ မိုင်းမြို့ဘက်ခြမ်းပေါ့။… မိုင်းမြို့ထဲတစ်လုံးကျတာတော့ လူထိခိုက်တော့ မရှိ ဘူး။ လမ်းမကြီးတွေပေါ်လည်းကျတယ်။စက်ကြီးပြင်နားလည်းကျတယ်ပြောတယ်။ အဓိက အလုပ်ရုံ တွေနဲ့ နီးစပ်တဲ့နေရာတွေကျတယ်လို့ပြောလို့ရတယ်” ဟု မြန်မာဝမ်ပေါင်မှ CDM ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် ၃၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသားက ပြောသည်။ 

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း၊ ထိခိုက်မှု မည်မျှရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန် ခြင်းမရှိသေးသလို ကုမ္ပဏီဘက်ကလည်း တစုံတရာ ထုတ်ပြန်ခြင်းမရှိ သေးပေ။ 

တိုက်ခိုက်ခံရသည့်နေ့က  ဝမ်ပေါင်နှင့် မြန်မာယန်စီကြေးနီလုပ်ကွက်များ ယာယီရပ်ဆိုင်းသွားသော်လည်း နောက်ရက်များတွင် ကြေးနီစီမံကိန်းလုပ်ငန်းခွင် မိုင်းခွဲမှုများ ပြန်လုပ်နေသည်ဟု စက်ရုံဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။

“ညနေပိုင်းဆိုရင်လည်း မိုင်းခွဲတာက ၃ နာရီခွဲဆိုရင်ခွဲတယ်ဗျ။ မနေ့ကလည်း မိုင်းခွဲတဲ့ အသံကြားရ တယ်။ ၃ နာရီခွဲဆိုရင် ခွဲတော့တာ”ဟု စက်ရုံအနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးက ပြောသည်။ 

တိုက်ခိုက်ခံချိန် စက်ရုံဝင်းထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက အနီးဝန်းကျင်ရွာများ ကို လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သလို နေ့လယ်တွင် ချင်းတွင်းမြစ် တစ်ဘက်ကမ်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စက်တပ်လေထီးက မြန်မာယန်စီ စီမံကိန်းအနီးဝန်းကျင် ကျေးရွာများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ 

“ ညနေ ၃ နာရီခွဲဝန်းကျင်လောက်တော့ နမခက တက်လာတဲ့ ပါရာမော်တာက ယန်စီရဲ့ကုမ္ပဏီဧရိယာ တဝိုက်ကိုပတ်ပျံပြီးတော့ ယန်စီအနီးမှာရှိတဲ့ တည်ပင်ကန်ကျေးရွာနဲ့ ရွှေပန်းခိုင်ရွာတဝိုက်ကို ဗုံးသီးချ သွားသေးတယ်။ ထိခိုက်မှု မကြားမိသေးဘူး။ ယန်စီကုမ္ပဏီရဲ့ နောက်ကျောပေါ့ စည်းရိုးအပြင်ဘက်”ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ကြေးနီစီမံကိန်း ဝန်ထမ်းအများစု လုပ်ငန်းခွင်မဝင်ဘဲ အကြမ်း မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် တွင်ပါဝင်ခဲ့သည့်အတွက် ကြေးနီစီမံကိန်းလုပ်ငန်းများ ရပ်တန့်သွားသည်။ 

စစ်တပ်ဝင်ငွေရလမ်းတစ်ခုဖြစ်နေသည့် လက်ပတောင်း ကြေးနီစီမံကိန်း ရပ်တန့်ထားရန် တော်လှန်ရေး အင်အားစုများက တောင်းဆိုထားသော်လည်း လုပ်ငန်းခွင်ပြန်လည်လည်ပတ် နိုင်ရေး ကုမ္ပဏီဘက်က ကြိုးပမ်းခဲ့သည်။  

CDM ပါဝင်သည့် ဝန်ထမ်းများကို အမျိုးမျိုး စည်းရုံးလှုံ့ဆော်ခဲ့ရာ ဝန်ထမ်းအများစု လုပ်ငန်းခွင်ပြန်လည် ဝင်ရောက်သည့်အတွက် ယခုနှစ် နှစ်လယ်မှစကာ စီမံကိန်း ရာနှုန်းပြည့်နီးပါး ပြန်လည်လည်ပတ်နေပြီ ဟု ဒေသခံများထံက သိရသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီအတွက် လုံခြုံရေးယူထားသည့် စစ်တပ်ကို ယခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့က လည်း တော်လှန်ရေးအင်အားစုက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တပ်က လက်နက်ကြီး၊ စက်တပ်လေထီး တို့ဖြင့် တုံ့ပြန်တိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။ 

စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြေးနီစီမံကိန်းမှ ဝန်ထမ်းများကို ကြိုတင်မဲပေးရမည် ဟု သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည့်အတွက် သတိပေးတိုက်ခိုက်မှုလုပ်ခြင်းဖြစ်နိုင်သည်ဟု အထက်ပါဒေသခံအမျိုးသားက မှတ်ချက်ပြုသည်။ 

စစ်တပ်စခန်းရာနှင့်ချီလက်လွှတ်ခဲ့ရသည့် ၁၀၂၇စစ်ဆင်ရေးအပြီးတွင် အာဏာသိမ်းစစ်တပ်ဘက်ကို တရုတ်က သိသိသာသာ ရပ်တည်ခဲ့သည့် တရုတ်က မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွား ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် ဝန်ထမ်းများကို အကာအကွယ်ပေးရန် တရုတ်က တောင်းဆိုထားသည်။ 

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် လက်နက်ခဲယမ်းထုတ်လုပ်သည့် နိုရင်ကို (NORINCO)၏ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်း များအရ စစ်တပ်က ဒေါ်လာသန်းနှင့်ချီ အကျိုးအမြတ်ရနေသည်။ 

ဩစတြေးလျအခြေစိုက် Publish What you pay အဖွဲ့က ၂၀၂၁တွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ စစ်ကိုင်းတိုင်းအတွင်းရှိ လက်ပတောင်းကြေးနီစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၁၇ သန်းနှင့် စပယ်တောင် နှင့်ကြေးစင်တောင်စီမံကိန်းမှ ဒေါ်လာ ၁၈၇ သန်း စီးဝင်ခဲ့ကြောင်းသိရသည်။

Related Articles

Back to top button