အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
မေးမြန်းခန်း

“ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကတော့ “ဇ”မရှိဘူးပေါ့ ” – ကိုပြည့်ဖြိုးနိုင် (ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)

စစ်ရှောင်များ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးလိုအပ်ချက်များ၊ ဒေသတွင်းအခြေအနေများ၊ စစ်တပ်၏ ရေပြင်၊ ဝေဟင် တိုက်ခိုက်မှုများကြားမှ ကူညီကယ်ဆယ်ရေး လုပ်နေရသော လူမှုရေးအသင်းတစ်ခု၏ အခက်အခဲများကို ကိုပြည့်ဖြိုးနိုင်က ပြောပြထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ  စတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်အတွင်း  စစ်ရှောင်သိန်းနှင့်ချီ ရှိလာခဲ့ပြီး ဒေသခံများ ကာလရှည် စစ်ရှောင်နေကြရသဖြင့် လူမှုဘဝ အခက်အခဲများ ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်သိမ်း စစ်ဆင်ရေးဟုဆိုသည့် အာရက္ခတပ်တော် (AA)၏ ပြင်းထန်သော ထိုးစစ်အတွင်း  ရခိုင် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် သိမ်းပိုက်ထားပြီး နယ်မြေထိစပ်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းပိုက်နယ်မြေများတွင်လည်း AA က အာရက္ခတော်လှန်ရေးအစိုးရအဖွဲ့ ထူထောင်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

AA က စစ်ရှောင်များအား ကူညီစောင့်ရှောက်မှုများပေးကာ နယ်မြေ ထူထောင်ရေး ကြိုးပမ်းနေသော်လည်း နိုင်ငံအနောက်ဘက် ဒေသတစ်ခုလုံးနီးပါး လက်လွှတ်လိုက်ရသည့် အာဏာသိမ်းစစ်တပ်သည် AA အနေဖြင့် အုပ်ချုပ်ရေးလုပ်ငန်းများ မလုပ်နိုင်စေရန် ရေကြောင်း၊ လေကြောင်းတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသည်။

စစ်ကော်မရှင် ထိန်းချုပ်သည့် မြို့တော် စစ်တွေ၏ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်တွင် အခြေစိုက်ပြီး ၎င်းတို့မြို့နယ်သာမက အခြားဒေသတွင်းမှ စစ်ဘေးရှောင်များ၊ လေကြောင်း၊ ရေကြောင်းတို့ဖြင့် တိုက်ခိုက်မှုတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်ရေးလုပ်နေသော ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး (Ponnagyun Youths Association-PYA)၏ ဥက္ကဋ္ဌ အသက် ၂၄ နှစ်အရွယ် ကိုပြည့်ဖြိုးနိုင်ကို Myanmar Now က ဆက်သွယ် မေးမြန်းထားသည်။ 

မေး။ ။ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးအနေနဲ့ ဘာတွေလုပ်ဆောင်နေလဲဆိုတာ သိပါရစေ။

ဖြေ။ ။ လက်ရှိ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးအနေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် အာရက္ခဒေသထဲက လက်လှမ်းမီတဲ့နေရာတွေမှာ အရေးပေါ်လူနာသယ်ယူပို့ဆောင်ပေးရတာ၊ နောက် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး၊ တခြားဒေသတွင်းလိုအပ်နေတဲ့အဖွဲ့အစည်းရဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ ဘယ်အရာမျိုးကိုမဆို အာရက္ခဒေသအတွင်းဆိုရင် နယ်စည်းမထားဘဲနဲ့ ကြိုးစားပြီး ကူညီလုပ်ဆောင်ပေးနေတာတွေရှိ ပါတယ်။

မေး ။ ။ စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတို့နဲ့ မကြာခဏ ပစ်ခတ်နေတာရှိတော့ အသင်းအနေနဲ့ လှုပ်ရှားသွားလာရတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရလဲ။ 

ဖြေ။ ။ ပုဏ္ဏားကျွန်းကိုတော့ စစ်ကော်မရှင်က  မကြာခဏ ဗုံးကြဲနေတော့ ကျွန်တော်တို့ လုံလုံခြုံခြုံသိပ်မရှိဘူး။ အခက်အခဲက ခုနကပြောခဲ့သလိုပဲ၊ လူစုလူဝေးနဲ့ သွားရတဲ့ နေရာတွေမှာ ဘယ်အချိန်လာကြဲမလဲ။ အဲဒီလို ကြောက်ရတဲ့အခြေအနေရှိတယ်။

တချို့အသင်းအတွက်ဆိုပြီးတော့ လုပ်မယ့် လုပ်ငန်းစဥ်တွေကို ရပ်ထားရတဲ့အခက်အခဲတွေလည်း ရှိပါတယ်။ လူနာတင်ကားသွားတဲ့အခါမှာ တိုက်ပွဲစဖြစ်တုန်းက လက်နက်ကြီးနဲ့အပစ်ခံရတာတွေ ရှိတယ်။ အခုနောက်ပိုင်း တချို့နေရာတွေမှာ ပုဏ္ဏားကျွန်းဘက်ကို ဗုံးကြဲမှုတွေများလာတဲ့အခါမှာ လူနာတင်ကားကိုရော ဝှက်ထားရတဲ့ အခြေအနေ၊ ပေါ်ပေါ်ထင်ထင် ထားလို့မရတော့ဘူး။ လေကြောင်း ဗုံးကြဲပြီးတော့ ဒဏ်ရာရရှိသွားတဲ့ လူနာတွေ၊ အလောင်းတွေကို သွားရောက်ကူညီတဲ့အခါမှာလည်း တော်တော်လေးကို ဂရုစိုက်ပြီး လုပ်ဆောင်ရတာတွေရှိတယ်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကြောင်ဖိုရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။ (ဓာတ်ပုံ- ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)

မေး။ ။ စစ်တပ်က အရပ်သားတွေအပေါ် မကြာခဏဗုံးကြဲတိုက်ခိုက်မှုတွေရှိနေတဲ့အပေါ် ဘယ်လိုမှတ်ချက် ပြုချင်ပါလဲ။

ဖြေ ။ ။ အကြမ်းဖက်စစ်ကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေ တာကတော့ “ဇ”မရှိဘူးပေါ့နော်။ စစ်ကို စစ်နဲ့တူအောင် မတိုက်ရဲဘူး။ စစ်စည်းမျဥ်းတွေကိုလည်း ချိုးဖောက် တယ်။ နိုင်ငံတကာ ရာဇဝတ်မှုတွေပေါ့နော်။ စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ထားတဲ့အပေါ်မှာ ဘယ်လို ပြောမလဲ။ စစ်သားအချင်းချင်း မတိုက်ရဲလို့ အပြစ်မရှိတဲ့ပြည်သူတွေကို လိုက်ပြီးဗုံးကြဲတာ။ ပြည်သူက ဘာမှမသိဘူးလေ။ စစ်စည်းကမ်းအကြောင်းလည်း နားလည်တာ မဟုတ်ဘူး။ အဲဒီအခါ ကြွက်မနိုင်၊ ကျီကို မီးရှို့တဲ့ပုံစံ။ သူတို့ ဘာမှလုပ်မရတော့ အကုန်လုံးရောပြီးချတဲ့ ပုံစံမျိုးလို့ မြင်တယ်။ ဒီလိုလုပ်တာလည်း လူသား ဆန်တာ၊ မဆန်တာထက် လူစိတ်မရှိတာ။ သူတို့ကို လူသားချင်းစာနာပါဆိုတဲ့ အကြောင်းတွေကို ပြောလို့မရတော့ဘူး။ ကျွန်တော်တို့ အကြိမ်ကြိမ်အခါခါ အော်ဟစ်ခဲ့ပြီပေါ့။ 

ကျွန်တော်တို့ ပြည်သူတွေကို ဗုံးကြဲပါတယ်။ ရခိုင်ဒေသတစ်ခုတည်း မဟုတ်ဘူးဗျ။ မြန်မာနိုင်ငံတဝှမ်းလုံးက ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်ပါတယ်လို့ ပြောတယ်။ တော်လှန်ရေးတစ်ခု အောင်မြင်ဖို့ အဲဒီလိုတော့ သတ်ပါတယ်၊ သတ်ပါတယ်လို့ နိုင်ငံတကာကို အကူအညီတောင်းလို့ မရတော့ဘူး။ ကျွန်တော်တို့ အသတ်ခံလာတာ၊ သုံးလေးငါးနှစ် ရှိပြီ။

အာဏာသိမ်းတဲ့နေ့ကစပြီးတော့ ဒီ ၂၀၂၆ အထိ၊ ဒီငါးနှစ်တာကာလအတွင်း ပြည်သူတွေဘယ်လောက် အသတ်ခံခဲ့ရလဲ။ ပြည်သူတွေကို ဘယ်လောက်ဗုံးကြဲလဲ။ ငါးနှစ်တောင်ရှိလာပြီ။ နိုင်ငံတကာကို အကူအညီတောင်း၊ ဒီဟာတွေကို အကူအညီတောင်း။ ကျွန်တော်တို့ကို ဘာပြန်လုပ်ပေးလဲ။

အဲဒါကြောင့် ဘယ်လောက်ပဲ ဗုံးကြဲကြဲ ကျွန်တော်တို့ ရည်မှန်းချက်အောင်မြင်ဖို့အတွက် အကုန်လုံး စုပြီးသွားရမယ်။ ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတော့တာလေ။ဘယ်သူ့မှ အကူအညီ တောင်းလို့မရဘူး။ ကျွန်တော်တို့အောင်မြင်ဖို့ဆိုရင် ကျွန်တော်တို့ လုပ်မှရတော့မယ်။

မေး။ ။ ပုဏ္ဏားကျွန်းဒေသ စစ်ဘေးရှောင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေရှိလဲ။ 

ဖြေ။ ။ ပုဏ္ဏားကျွန်းမှာ အာရက္ခဒေသတစ်ခုလုံးရဲ့ အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုရှိတယ်။  အဲဒီမှာကျတော့ တချို့ ၂၀၂၄ ခုနှစ် ကနေ နေလာတဲ့ စစ်ဘေးရှောင်တွေက ပုဏ္ဏားကျွန်းဘက်မှာနေသား ကျနေပြီ။ အခုလက်ရှိနောက်ပိုင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ကားလမ်းဘေးတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တွေကို လမ်းမှာ ယာဥ်အန္တရာယ်ဖြစ်မှာစိုးရိမ်လို့ တခြားစုရပ်တွေလုပ်ပေးတာတွေ ရှိတယ်။

အဲဒီစုရပ်တွေက အခုလက်ရှိမှာ နေသားမကျသေးဘူး။ တချို့ မြေပြင်ကို ကွင်းဆင်းတုန်းကဆိုရင် အိမ်သာတွေမရှိဘူး။ ရေလည်း တော်တော်လေး အခက်အခဲ ဖြစ်တယ်။ အဝေးကြီးနေရာတွေကို သွားပြီးခပ်ရတယ်။ အခုနွေရာသီဆိုရင်လည်း ကျွန်တော်တို့မြို့နယ်က နှစ်တိုင်းရေရှားနေတဲ့အခါ အရင်ဒုက္ခသည်စခန်းတွေလည်း အဆင်မပြေဘူး။

တချို့စခန်းတွေ မှာဆိုရင် အဆင်မပြေတဲ့သူတွေ တောင်းစားရတယ်။အလှူခံပြီးစားနေရတယ် ။ ကျွန်တော်တို့ ကြုံဖူးတဲ့ မိသားစုတစ်စုဆိုရင် အမျိုးသားမပါဘူး ။ မိခင်တစ်ယောက်တည်း။ သမီး နှစ်ယောက်ရှိတယ်။ မိသားစု သုံးယောက်။ အမေက ဗိုက်မှာအနာဖြစ်နေတာကို ဓာတ်မှန်ရိုက်ဖို့ ပိုက်ဆံမရှိဘူး။ ဓာတ်မှန်ရိုက်ဖို့ ပိုက်ဆံမရှိတာ ထက် စားဖို့တောင်ပိုက်ဆံမရှိတဲ့အခါ သူ့မှာအလုပ်လည်း မလုပ်နိုင်ဘူး ။ သူ့မှာပါလာတဲ့သမီး နှစ်ယောက်ကို အလှူခံခိုင်းပြီးတော့ စားသောက်နေရတဲ့ မြင်ကွင်းတွေ ရှိတယ်။ 

တချို့စစ်ဘေးရှောင်တွေကိုဆိုရင် (အလှူခံနေတာ) တော်တော်များများတွေ့ရတယ်ဗျာ။ ကျွန်တော်တို့ဆီကို အကူအညီလာတောင်းတဲ့ စစ်ဘေးရှောင်တွေကိုဆိုရင် လမ်းဘေးတွေမှာလည်း အလှူခံပြီးတော့လည်း တွေ့ရတယ်။

စစ်ဘေးရှောင်တွေကိုတော့ အစိုးရ (ULA/AA) ရော၊ နောက်ထပ် ကျွန်တော်တို့အပါအဝင် အဖွဲ့အစည်း တွေကရော တတ်နိုင်သလောက်ထောက်ပံ့ပေးတာရှိတယ်။ ဒါပေမဲ့ နေရာများပြီးတော့ စစ်ဘေးရှောင်များတဲ့ ကျွန်တော်တို့မြို့နယ်မှာ လက်လှမ်းမမီဘူး။ မရောက်ဖြစ်တဲ့နေရာတော်တော်များများရှိတယ်။ အဲဒီမှာ           အခက်အခဲက ဘယ်အရာမဆိုပေါ့၊ ပိုက်ဆံရှိမှလုပ်လို့ရတဲ့ခေတ်ပေါ့။ ကုန်စျေးနှုန်းတွေ တက်တဲ့အခါ တော်တော်များများနေရာတွေမှာ အဆင်မပြေဘူး။ အခက်အခဲကတော့ ငွေရေးကြေးရေး အခက်အခဲ။

၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း  မြေပုံမြို့နယ်၌ စစ်ရှောင်များအား ဆန်ပေးဝေခဲ့စဉ်။  (ဓာတ်ပုံ- ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး)

မေး။ ။ ရခိုင်ပြည်အနှံ့အပြားကွင်းဆင်းပြီး ကူညီကယ်ဆယ်ရေးလုပ်နေရတာဆိုတော့ စစ်ဘေးရှောင်တွေ၊ ပြည်သူတွေရဲ့ အခြေအနေကို ဘယ်လိုမြင်တွေ့ခဲ့ရလဲ။ 

ဖြေ။ ။ လက်ရှိ အာရက္ခပြည်အတွင်းက စစ်ဘေးရှောင်တွေကတော့ အရေထူသွားပြီ။တချို့ဆိုရင်လည်း စစ်ဘေးရှောင်နေလို့ အာရက္ခတပ်တော်(AA)ကို မုန်းကြတာ။ တချို့ဆိုရင်လည်း စစ်ကောင်စီ လက်နက်ကြီးကြောင့် ဘယ်လိုပြောမလဲ ကိုယ့်နယ်မြေဒေသကို အပိုင်လိုချင်နေပြီပေါ့နော်။ (AA) သိမ်းလိုက်ပါတော့ အဲဒီလိုမျိုး စကားသံတွေ ကြားရတယ်။ 

တချို့ဆိုရင်လည်း ဘယ်အခါ လွတ်မြောက်ပါ့မလဲလို့ ခါးစည်းပြီးခံနေတဲ့သူတွေ ရှိတယ်။အမျိုးမျိုးပေါ့။ (စစ်ကို) ချစ်တဲ့သူလည်း ရှိတယ်။ မုန်းတဲ့သူလည်းရှိတယ်။ စစ်ကြောင့် ငါတို့ဒီလိုဖြစ်နေရတယ်ပေါ့။ ဒီဖြစ်စဥ်တွေ နောက်မှာ တချို့က အရင်တုန်းက မှတ်မှတ်ရရပြောရမယ်ဆိုရင် တိုင်းပြည်ကာလ ကောင်းတုန်းပေါ့နော်။ စစ်ကော်မရှင်လက်ထက်မှာတုန်းကတော့ စားဝတ်နေရေး ပုံမှန်လည်ပတ်နေတော့ အဆင်ပြေခဲ့တယ်ပေါ့။ ဒါပေမဲ့ စစ်ပွဲဖြစ်ပြီးနောက်ပိုင်း ထွက်ပြေးလာရတဲ့စစ်ဘေးရှောင်တွေကြတော့ လက်ရှိမှာ ထမင်းငတ်တဲ့စစ်ဘေးရှောင်လည်း ရှိတယ်။ 

မေး ။​။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရေရှားမှုတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလေးကို သိပါရစေ။ 

ဖြေ ။ ။ ရေကတော့ မနှစ်ကလည်း တော်တော်ရှားတယ်။ တိုက်ပွဲဖြစ်တဲ့အခါကစပြီး ကျွန်တော်တို့ ဒဏ်ခံ ရတာ။။၂၀၂၄ ရော၊၂၀၂၅ ရော ကျနော်တို့က ခါးစည်းပြီးတော့ ခံခဲ့ပြီဗျာ။ မနှစ်ကဆိုလည်း မျက်နှာသစ်စရာ    ရေ မရှိတဲ့ အိမ်တွေအများကြီး။ သွားတိုက်ဖို့ ရေမရှိဘူး။ ဒီနှစ်လည်း ပြောလို့တော့ မရဘူးဗျာ။ ရှားတော့ ရှားလာနိုင်တယ်။ စစ်ဘေးရှောင်တွေ တိုးလာတော့ ရှားတော့ရှားလာနိုင်တယ်။

ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ရေရှားပါးမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မနှစ်က အိမ်ခြေ ၅၀၀     ရေရှားသွားတယ်ဆိုရင် ဒီနှစ် အိမ်ခြေ ၂၀၀ လောက်ပဲ ရေရှားနိုင်အောင်တော့ ကျွန်တော်တို့ဒေသအခေါ် ရေမျက်တွေ၊ စိမ့်ရေတွေရတဲ့ နေရာ၊ရေလုံးဝမခန်းတဲ့ နေရာတွေ။ ဥပမာ စစ်ဘေးရှောင် စခန်းတွေနဲ့ ဝေးရင်တောင်မှ အဲဒီနေရာတွေက  ပိုက်တွေနဲ့ ဘယ်လိုသွယ်ရမလဲ။ အဲဒီလိုမျိုးနေရာတွေကို ကျွန်တော်တို့ လိုက်လံပြီးတော့ ရှာဖွေတာတွေ၊ နောက်ပြီးတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကနေ ပြီးတော့လည်း ရေကန်တွေမှာ ရေဖြည့်တာတွေ လုပ်ဆောင်နေတာတွေရှိပါတယ်။ 


ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေရှားပါးမှုကို ကြိုတင်ကာကွယ်နိုင်ရန် ဒေသခံများနှင့် သွားရောက် တွေ့ဆုံနေသော အသင်းသားအချို့။ (ဓာတ်ပုံ- ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး) / ၂၀၂၅ ခုနှစ် ဒီဇင်ဘာလက တွေ့ရသော ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး အသင်းအဖွဲ့ဝင်များ။ 

မေး ။ ။ ပုဏ္ဏားကျွန်းဒေသက စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအခြေအနေကိုလည်း ပြောပြပေး ပါဦး။ 

ဖြေ ။ ။ စစ်ဘေးရှောင်ကလေး ပညာရေးမှာတော့ တော်တော်များများကတော့ ပုဏ္ဏားကျွန်းဘက်မှာ အဆင်ပြေတယ်။ ကျွန်တော်တို့အပါအဝင် လူမှုရေးအဖွဲ့အစည်းတွေကနေ ကလေးတွေကို စာသင်ပေးနေ တဲ့အခါ တချို့စစ်ဘေးရှောင်ကလေးတွေ ပိုက်ဆံမကုန်ဘဲနဲ့ စာသင်နိုင်ပြီပေါ့။ အဲဒီလိုမျိုးအခြေအနေတော့ ရှိတယ်ဗျာ။ ကလေးတွေကတော့ အဆင်ပြေပါတယ်။

လက်ရှိအာရက္ခဒေသတစ်ခုလုံးက ကလေးတွေအတွက် “တန်ခိုးဆရာထွန်း ပညာရေးစင်တာ”ဆိုပြီးတော့ ကျွန်တော်တို့ ဒီနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လုပ်ဆောင်ခဲ့တာရှိတယ်။ ကလေးတွေကို အခမဲ့ ပညာသင်ပေးတာ။ လက်ရှိမှာတော့ စာသင်နှစ်တစ်နှစ်ကုန်ခါနီးနေပြီ။ 

ဒါပေမဲ့ ကျောင်းရန်ပုံငွေအပိုင်းမှာတော့ အဆင်မပြေမှုတွေများတယ်။ ဒီနှစ်မှာတော့ ဘယ်လိုပြောမလဲ။ အပြစ် တင်တာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ ရခိုင်တွေမှာ ပညာရေးကတော့ ဒုတိယ၊ အဲဒီလို ပုံစံမျိုးဖြစ်နေတယ်။ ပညာရေးအတွက် အလှူခံရင်တောင်မှ လျှပ်တပြက်ပေါ့။ ကျောင်းဖွင့်တဲ့ရာသီဆို အချိန်မှာ အလှူထည့်ကြတာများတယ်။ ပြီးရင်တော့ ပျောက်သွားတာပဲ။

 ပညာရေးက ရေရှည်သွားရတဲ့အခါ ဥပမာ-ကယ်ဆယ်ရေးတစ်ခါပေးတာနဲ့မတူဘူး။ ဥပမာ- ရေရှားတယ်။ သုံးလပဲ ရှားတယ် ။ ကယ်ဆယ်ရေးဆန်တွေ ပေးတယ်၊ စားနပ်ရိက္ခာတွေ ပေးတယ် တစ်ခေါက်ပဲ။ အဆင်ပြေတယ်။ဒါပေမဲ့ ပညာရေးကြတော့ နှစ်နဲ့ချီပြီးသွားရတဲ့အခါ လစဥ် ကုန်ကျစရိတ်တွေ ရှိတယ်။

ကျွန်တော်တို့ ကျောင်းမှာဆိုရင် စစ်ဘေးရှောင် ဆရာ၊ဆရာမတွေ၊ ဒီအတိုင်းစေတနာ့ဝန်ထမ်းတွေသီးသန့် တော့ မဟုတ်ဘူး။ စစ်ဘေးရှောင်နေတဲ့ စစ်ကောင်စီလက်ထက်က ဆရာ၊ ဆရာမတွေပါ။ အဲဒီဆရာ၊ ဆရာမတွေကို လစာသဘောမျိုးတော့ မဟုတ်ဘူး ။ ထောက်ပံ့ကြေးသဘောမျိုး၊ စာပြပေးတဲ့ အတွက် သူတို့ကို ထောက်ပံ့ ပေးတဲ့ဟာရှိတယ်။ အခုနောက်ပိုင်းကျတော့ လပိုင်းလောက်ပဲအဆင်ပြေပြီးတော့ နောက်ပိုင်းကြတော့ တအားကြီးရုန်းကန်ရတယ်ခင်ဗျ။ အခုဆိုရင် ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေးမပေးနိုင်တာ သုံးလစာလောက် ရှိပြီ။ အဲ့ဒီလောက် ဆိုးဆိုးဝါးဝါး အခြေအနေရှိတယ်။  တစ်လနေလို့မှ ကျောင်းပညာရေးအတွက် အလှူငွေပိုက်ဆံ တစ်သိန်းမဝင်တဲ့လတွေလည်း ရှိတယ်။ 

မေး ။ ။ နောက်ဆုံး ဘာဖြည့်စွက် ပြောချင်ပါလဲ။ 

ဖြေ။ ။ ကျွန်တော်တို့ လူမှုကူညီရေးအသင်း ဆက်လက်လည်ပတ်နိုင်ဖို့အတွက် မိဘပြည်သူတွေဝိုင်းဝန်းပြီးတော့ အလှူငွေတွေထည့်တာမျိုးပေါ့။ဝိုင်းဝန်းပြီးတော့ အကြံဥာဏ်ပေးတာမျိုးပေါ့။ ထောက်ပံ့ ကူညီပေးစေချင်ပါ တယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က ဘယ်လောက်ပဲ မြေပြင်ကိုဆင်းဆင်း ထောက်ပံ့ပေးမယ့်သူမပါရင် ဘာမှမလုပ်နိုင်ဘူး။

ဒီကာလအတွင်းမှာ ကျွန်တော်တို့ အားသုံးပြီး လုပ်လို့ရတဲ့ နေရာတွေရှိတယ်။ ငွေအားနဲ့လိုက်လို့ရတဲ့ နေရာတွေ ရှိတယ်။ အခု ဆိုရင် ပိုပြီးတော့ ငွေအားနဲ့လိုက်ရတဲ့အခြေအနေမှာ ကူညီပေးစေချင်တယ်။ ကျွန်တော်တို့ ကူညီပေးသလို ကျွန်တော်တို့ကိုလည်း ကူညီပေးဖို့လိုတာပေါ့နော်။ ပြီးရင် တချို့ကားတွေ အမျိုးမျိုးပေါ့။ ရုံးတစ်ရုံးအနေနဲ့၊ အဖွဲ့အစည်းတစ်ခုအနေနဲ့ စရိတ်တွေအမျိုးမျိုးထွက်တာပေါ့။ လူနာတင်ယာဥ်စရိတ်၊ ရုံးသုံးစရိတ်ဆိုလည်း ရုံးသုံးစရိတ်၊ အမျိုးမျိုးရှိတဲ့အခါ စေတနာ့ဝန်ထမ်းလေးတွေကို ငဲ့ပြီးတော့ အသင်းဆက်လက်ရပ်တည်ဖို့အတွက် ဝိုင်းဝန်းပေးကြပါလို့ မေတ္တာရပ်ခံချင်တယ်။

ယမန်နှစ် ဒီဇင်ဘာလဆန်းက ကျောက်တော်မြို့နယ်တွင် လှူဒါန်းထားသော စောင်အချို့ကို ပွေ့ပိုက်ထားသော စစ်ရှောင်ကလေးငယ်အချို့။ (ဓာတ်ပုံ- ပုဏ္ဏားကျွန်းလူငယ်များ အစည်းအရုံး)

Related Articles

Back to top button