အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးမေးမြန်းခန်း

“မျက်ရည်သုတ်ပြီးရင်တော့ ဓားပြန်ထုတ်ရမယ့် အချိန်ပဲ” – မြို့ပြတော်လှန်ရေး တပ်ဦး (URF) တာဝန်ခံနှင့်တွေ့ဆုံခြင်း

ငလျင်ကြောင့် သေဆုံး ပျက်စီးရမှုများသည် တော်လှန်ရေးအင်အားစုကိုလည်း ထိခိုက်စေခဲ့သည်၊ ဆက်လက် ရုန်းကန်ရဦးမည်ဟု တိုက်ပွဲပေါင်း ၁၀၀ ကျော် အတွေ့အကြုံရှိထားသည့် URF အဖွဲ့က ပြောသည်။

မြို့ပြတော်လှန်ရေးတပ်ဦး (URF) သည် ကရင်နီပြည်နယ်တွင် ကရင်နီတော်လှန်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်ကို ရင်ဆိုင်နေသည်မှာ လေး နှစ်ကျော်လာပြီဖြစ်သည်။

URF ပါဝင်ခဲ့သည့်  တိုက်ပွဲများထဲတွင်   မိုးဗြဲမြို့သိမ်းတိုက်ပွဲလည်း ပါဝင်သည်။ တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိသည့် URF သည် တိုက်ပွဲများအတွင်း တပ်ဖွဲ့ဝင် ခုနစ်ဦး ဆုံးရှုံးခဲ့ရသည်။ 

မကြာသေးမီက Myanmar Now နှင့် တွေ့ဆုံစဉ် URF၏ တာဝန်ခံ၊ ဒိုင်းနက်လူမျိုး ကိုထက်အောင်လင်းက တပ်ဖွဲ့စည်းမှု၊  စစ်ရေးအတွေ့အကြုံ၊  ကရင်နီပြည်နယ် (ကယားပြည်နယ်) တွင် အခြေစိုက်မှု၊ အခြားတပ်ဖွဲ့များနှင့် ဆက်ဆံရေး အခြေအနေတို့အကြောင်း ပြောပြထားသည်။

မေး ။ ။ ပထမဆုံး  နာမည်နဲ့ URF မှာ ဘာတာဝန်ယူထားတယ်ဆိုတာ ပြောပြပေးပါ။ 

ဖြေ ။ ။ ကျွန်တော့်နာမည်ကတော့ ထက်အောင်လင်းပါ။ ဒါပေမဲ့ နယ်မြေမှာတော့ ကိုထက်ဆိုပြီး သိကြပါတယ်။ ကျွန်တော့်အသက် ၃၂ ပါ။  မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှာ တပ် တာဝန်ခံတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။ 

မေး ။ ။ URF အကြောင်းမသွားသေးခင် အစ်ကို့ အကြောင်း နည်းနည်းမေးချင်ပါတယ်။  ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ် မတိုင်ခင်က ဘာတွေ လုပ်ကိုင်ပါသလဲ။ ၂၀၂၁ မတိုင်ခင်က  ဘဝဖြတ်သန်းမှု အခြေအနေ ပြောပြပေးလို့ ရမလားခင်ဗျာ။

ဖြေ ။ ။ ကျွန်တော်ကတော့ အရင်အစောပိုင်းတွေမှာတော့ တချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှု ရှိခဲ့တယ်။ နောက်ပိုင်းမှာတော့ Humanitarian worker အနေနဲ့ရော၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ အဖြစ်နဲ့ရော နိုင်ငံရေးနယ်ပယ်မှာ ရှင်သန်ခဲ့တယ်။ ၂၀၂၁ နောက်ပိုင်းမှာ အာဏာသိမ်းမှုဖြစ်လာတယ်။ အဲဒီအခါမှာ ရန်သူ စကစရဲ့ လုပ်ရပ်တွေက မြို့ပေါ်မှာ အားလုံးသိပြီးသားအတိုင်းပဲ၊ ထင်ထင်ရှားရှား ဖြစ်လာတယ်။ ဖြစ်လာတဲ့အခါ ကျွန်တော်တို့ဟာ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ချက်ချကြတယ်။   လက်နက်ကိုင်တာက အဖြေတစ်ခုမဟုတ်မှန်းတော့ သိတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတွေဟာ ရန်သူနဲ့တန်တဲ့ တုံ့ပြန်မှုဖြစ်တယ်။  

မေး ။ ။ အစ်ကိုက ဒိုင်းနက်လူမျိုးလို့လည်း သိရပါတယ်။ အဲဒါဟုတ်ပါသလား။ ဒိုင်းနက်လူမျိုးတွေရဲ့ ဓလေ့စရိုက်နဲ့ ဘယ်လိုမျိုး ပျံ့နှံ့နေထိုင်တယ်ဆိုတာ ပြောပြပေးပါလား။

ဖြေ ။ ။ Chakma ပေါ့။ ကျွန်တော်တို့ကို တစ်ကမ္ဘာလုံးက ခေါ်တာက Chakma ပေါ့။ မြန်မာပြည်မှာတော့ သိတဲ့အတိုင်းပဲ။ လူမျိုးတွေကို Discrimination လုပ်တဲ့ နာမည်တွေပေးကြတယ်ပေါ့။ အရင်တုန်းက ဘုရင်စနစ်မှာ ဒိုင်းနက်တွေ ကိုင်ပြီးနေတဲ့ လူမျိုးဖြစ်တဲ့အတွက် ဒိုင်းနက်ဆိုပြီးဖြစ်ကြတယ်။ တကယ်က Chakma တွေပေါ့။ Chakma တွေက ရခိုင်ပြည်နယ်မှာ နေထိုင်ကြတယ်။ လူဦးရေ သုံးသောင်းအောက်ပဲ ရှိကြတော့တယ်။ အဓိကနေထိုင်မှုများတာတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်မှာနေကြတယ်။ ၂၀၁၇ ခုနှစ်ကတည်းက ပဋိပက္ခဒဏ်တွေလည်း ခံခဲ့ရတယ်။ အခုချိန်မှာဆိုရင်လည်း စစ်ဖြစ်တဲ့ ဒဏ်တွေခံရတယ်၊ အကုန် ဘင်္ဂလားဒေ့ရှ်ဘက် ပြေးရတာတွေ၊ အဲဒါမျိုးလည်း ရှိကြတာပေါ့။ မြန်မာနိုင်ငံထဲမှာ ဆိုရင် ရခိုင်ပြည်နယ်မှာ အများဆုံးနေတယ်။ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တွေမှာ အများဆုံးရှိတယ်။ ပုဏ္ဏားကျွန်းမှာ ရှိတယ်။ မင်းပြားဘက်မှာ ရှိတယ်။ မြောက်ဦး၊ ကျောက်တော်မှာ ရှိတယ်။ ဒီမြို့နယ်တွေမှာ ပျံ့နှံ့ နေထိုင်ကြတယ်။ ကျွန်တော်လည်း အရင်တုန်းက ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီမှာ ပြင်ပဆက်ဆံရေး တာဝန်ခံအနေနဲ့ အလုပ်လုပ်ခဲ့တာရှိတယ်။ အခုအချိန်မှာ ပါတီကတော့ ထွက်လိုက်ပြီပေါ့။ ဒိုင်းနက်တွေက တောင်ယာလုပ်ကြပါတယ်။ ကျွန်တော်တို့မှာ ခွဲခြားဆက်ဆံခံရမှုတွေရှိတယ်။ ကျွန်တော်တို့က ပါဠိနဲ့ Hindustan ကို ရောပြောတဲ့ အခါမှာ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ လေသံတွေ ပါလာတယ်။ ဆိုတော့ ကျွန်တော်တို့ဆို တောင်ကုလားတွေလို့ အခေါ်ခံရတယ်။ ဒါပေမဲ့ မျက်နှာတွေကတော့   မြန်မာဘက်၊ တရုတ်ဘက်ခြမ်းက မျက်နှာပုံစံမျိုး ပေါ့။ ရခိုင်ပြည်နယ်ဘက်က မိတ်ဆွေတွေက ကျွန်တော်တို့ကို ပြန်ခေါ်ကြတယ်။ ဟိုဘက်ကို ပြန်လာကြဖို့ တစ်ခုခု ပြန်လုပ်ကြဖို့ ဆိုပေမယ့် မပြန်ဖြစ်သေးဘူးပေါ့။ နောက်တစ်ခုက တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့တိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်တယ်။ ကိုယ့်လူမျိုးတစ်ခုတည်း ကွက်ပြီးချမ်းသာဖို့ဆိုတာထက်၊ အေးအေးချမ်းချမ်းနေနိုင်ဖို့ထက်စာရင် လူအများနဲ့ ဆိုင်တဲ့ တိုက်ပွဲပေါ့။ ကျွန်တော်တို့ကတော့ လူတန်းစားတိုက်ပွဲကို ယုံကြည်တယ်။ လူတန်းစားတွေသာ ညီညွတ်မယ်၊ မျှတမယ်ဆိုရင် စနစ်ကို တိုက်တဲ့တိုက်ပွဲ၊ စကစရဲ့ စနစ်ဆိုးကို တိုက်ထုတ်နိုင်မယ်ဆိုရင် အချိန်မရွေးဖြစ်လာနိုင်တယ်လို့ ယုံကြည်တယ်။

မေး ။ ။ ဒိုင်းနက် အမျိုးသားတိုးတက်ရေးပါတီမှာ ဘယ်ကာလကနေ ဘယ်ကာလအထိ အလုပ်လုပ်ခဲ့တာပါလဲ။

ဖြေ ။ ။ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အထိပေါ့။ ရွေးကောက်ပွဲ ကမ်ပိန်းတွေက အစ ကျွန်တော်တို့ စဉ်းစားတယ်။ ဘူးသီးတောင်၊ မောင်တောမှာ ဝင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ ကူညီထောက်ပံ့ပေးတာတွေ လုပ်ခဲ့ပါတယ်။ 

မေး ။ ။ အာဏာသိမ်းမှုဖြစ်တဲ့အချိန် စိတ်ထဲဘယ်လိုဖြစ်လဲ။ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သေးလား။

ဖြေ ။ ။ စစ်အာဏာသိမ်းပြီဆိုကတည်းက တိုင်းပြည်ချွတ်ခြုံကျပြီပေါ့။ ချွတ်ခြုံကျတဲ့အခါမှာ လူငယ်တွေအနေနဲ့ ဘယ်အခန်းကဏ္ဍကနေ သွားမလဲ၊ အဲဒီအချိန်မှာတော့ လူငယ်တွေက ငြိမ်းချမ်းစွာဆန္ဒပြဖို့တွေပဲ အရင်ဆုံး ဦးစားပေး စဉ်းစားကြတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့အချိန်မှာပဲ အာဏာသိမ်းတဲ့ စကစက အာဏာပြန်လွှဲမလားပေါ့၊ ဒါပေမဲ့   မရဘူး။ မရတဲ့အခါ လက်နက်ကိုင်လမ်းစဉ်ကိုပဲ ရွေးချယ်ဖြစ်တယ်။  

မေး ။ ။ URF ကို ဘယ်လိုကြောင့်ထူထောင်ဖြစ်တာလဲ။ URF ဖြစ်ပေါ်လာပုံပြောပြလို့ရမလား။

ဖြေ ။ ။ ကျွန်တော်တို့ တပ်က ၇ ရက်၊ ၇ လ၊ ၂၀၂၁ မှာ စတည်ထောင်ခဲ့တယ်။ အဲဒီတုန်းက မြို့ပြတော်လှန်ရေးတပ်ဦးပေါ့။ အဲဒီအချိန်တုန်းက PDF တွေ ပေါ်လာတယ်။ ဒေသအစွဲပြုပြီး နာမည်တွေပေးကြတယ်။ ကျွန်တော်က မြို့ပြတော်လှန်ရေး တပ်ဦးလို့ ဘာလို့ ပေးရတာလဲ ဆိုရင် အဲဒီတုန်းက မြို့သိမ်းတိုက်ပွဲတွေ ပြန်ဆင်နွှဲမယ်ဆိုတဲ့ ရည်မှန်းချက်ရှိတယ်။ မြို့ပြ ပြောက်ကျား စစ်ဆင်ရေးတွေ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်စဉ်းစားတာ သုံး ချက်။ ရန်သူအာဏာသိမ်းပြီးတဲ့အချိန်မှာ ဘာလုပ်မလဲ။ ကျေးလက်ဒေသတွေဆိုတာ သူတို့နဲ့ အလှမ်းဝေးတယ်။ တောင်တန်း ဒေသတွေက သူတို့နဲ့အလှမ်းဝေးတယ်။ သူတို့ အုပ်ချုပ်လို့ရမှာ မဟုတ်ဘူး။ အဓိက က မြို့ပြတွေကိုထိန်းချုပ်တယ်။ အခုဆိုရင် သက်သေရှိလာပြီ ရွေးကောက်ပွဲတွေ လုပ်တော့မယ်။ မြို့ပြတွေကို ဦးစားပေးပြီးလုပ်တော့မယ့် အနေအထား ရှိလာ တယ်။ မြို့ပြတွေကို ရအောင် ထိန်းချုပ်မယ်။ နောက်တစ်ချက်က လူတန်းစားကွာတယ်။ မြို့နေလူထုက အာဏာသိမ်းမှု ဒဏ်ကို ခေါင်းငုံ့ခံကောင်း ခံလိမ့်မယ်။ ကျေးလက်နေပြည်သူလူထုက စားစရာကိုမရှိလို့ အာဏာသိမ်းမှုကြောင့် ပိုပြီး ကျပ်တည်းလာတဲ့အခါမှာ သူတို့က ပါကိုပါမှာ။ မြို့နေကတော့ ရှိတာလေးမှေးနေမယ်။ ရှိတာလေးနဲ့ မှိန်းစားမယ်ဆိုတဲ့ အနေအထားမှာရှိတယ်။ နောက်တစ်ချက်က တချို့သော ပြည်သူ့စစ်တွေ ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပေါ့။ သူတို့ တတ်နိုင်သလောက် စည်းရုံးမယ်။ သိမ်းသွင်းမယ်။ နောက်တစ်ခုက သူတို့ကို ပုန်ကန်တဲ့သူ မှန်သမျှကို အမြစ်ပြတ်ချေမှုန်းမယ်။ ကျွန်တော်တို့ကတော့ သူတို့ချေမှုန်းတာခံရမယ်။ စည်းရုံးသိမ်းသွင်းမှုကို လက်မခံဘူး။ ဒါကြောင့် မြို့ပေါ်မှာ တိုက်ပွဲတွေ ဖြစ်ရမယ်။ မြို့ပေါ်မှာ မြို့သိမ်းတိုက်ပွဲတွေကို ပြန်စီစဉ်ရမယ်။ ဘာကြောင့်လဲ ဆိုရင် မြို့ပေါ်မှာ ရန်သူ စကစရဲ့ ပါဝင်ပတ်သက်သူတွေ အမိန့်ပေးတဲ့ ပါးစပ်တွေရဲ့ စီးပွားရေးတွေရှိတယ်။ အဲဒါကြောင့် မြို့ပြမှာ တိုက်ပွဲတွေဆင်နွှဲဖို့ မြို့ပြတော်လှန်ရေးတပ်ဦးလို့ အမည်ပေးခဲ့တာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အမိန့်ပေးတဲ့ ပါးစပ်တွေရဲ့ စီးပွားရေးထိမှသာလျှင် ဒီကောင်တွေက အမိန့်မပေးရဲတော့မှာ။ ရန်သူ့ရဲ့ စီးပွားရေးဒေါက်တိုင်တွေကို ဖျက်ဆီးရမယ်ဆိုတဲ့ အနေအထားပါ။ 

လေ့ကျင့်ရေးလုပ်နေသည့် URF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ – URF)

မေး ။ ။ URF ထဲမှာ ဘယ်လိုလူတွေ ပါဝင်ပါသလဲ။ URF ရဲ့ ရပ်တည်ချက် ၊ ရည်ရွယ်ချက်ကို ပြောပြပေးလို့ရမလား။

ဖြေ ။ ။ လက်ရှိတပ်ထဲမှာလည်း လူမျိုးပေါင်းစုံပါတယ်။ ရခိုင်ဘက်က လူငယ်တွေလည်းပါတယ်။ ချင်းတောင်တန်းဘက်က လူငယ်တွေလည်း ပါတယ်။ ရန်ကုန်ဘက်က ပါတယ်။ မွန်ဘက်က ပါတယ်။ ပဲခူးတိုင်းက လူတွေလည်း ပါတယ်။ တနင်္သာရီတိုင်းဘက်က လူတွေလည်း ပါတယ်။ ရှမ်းတောင် ကရင်နီလူငယ်တွေလည်း ပါတယ်။ တပ်မှာတော့ လူမျိုးစုံတယ်။ ဘာသာစုံတယ်။ ကျွန်တော်တို့တပ်က လူမျိုးစွဲ ၊ ဘာသာစွဲ မရှိရဘူး။ ဒေသစွဲမရှိဘဲ တိုက်ခိုက်နိုင်ရမယ်။ ရန်သူရှိတဲ့နေရာမှာ URF မြို့ပြရဲဘော်တွေရှိရမယ်ဆိုတဲ့ အနေအထားနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် သူတို့မှာလည်း လူမျိုးစွဲ၊ ဘာသာစွဲမရှိဘဲ ငါတို့ လုပ်နေတာသည် တစ်နိုင်ငံလုံးက ပြည်သူအတွက်ဆိုတဲ့အတွေး သူတို့မှာရှိကြတယ်။ အဲဒီလူငယ်တွေပါဝင်ကြတယ်။

ကျွန်တော်တို့က လက်နက်ကိုင်လမ်းစဉ်က ဘာကို အခြေခံလဲဆိုရင် ဉာဏ်ပညာကို အခြေခံသော လက်နက်ကိုင် တော်လှန်ရေးမှ သည် ပြည်သူ့ဒီမိုကရေစီ ဆိုတာပေါ့။ အဲဒီစကားလုံးက ပြည့်စုံတယ်။ ပြည်သူဆီကနေ အနိုင်ကျင့်ပြီး လုယူခံလိုက်ရတဲ့ ဒီမိုကရေစီကို ပြည်သူကို ပြန်ပေးချင်တယ်။ လောလောဆယ်တော့ ပြည်သူကို ဒီမိုကရေစီ ပြန်ပေးနိုင်ဖို့ အတွက် တပ်ကို ကောင်းမွန်အောင်တည်ဆောက်နေရတဲ့ အခြေအနေပေါ့။ အခုအချိန်အထိဆိုရင် တိုက်ပွဲပေါင်း ၁၀၀ ကျော်လောက်ရှိပြီ။ အဲဒီလူငယ်တွေ စုစုစည်းစည်းစစ်တိုက်နိုင်ဖို့ အဲဒီလူငယ်တွေ တစ်ယောက်နဲ့တစ်ယောက် ခွဲခြား ဆက်ဆံခြင်း မဖြစ်အောင် အဲဒါတွေကို ရုန်းကန်နေရတဲ့အခါ ခရီးတော့ မရောက်သေးဘူးပေါ့။ 

မေး ။ ။ URF အနေနဲ့ ဘာကြောင့် ကရင်နီပြည်နယ်မှာ အခြေစိုက်တာလဲ။

ဖြေ ။ ။ ကျွန်တော်တို့က ကရင်နီရဲ့ လုပ်ဆောင်မှုတွေကို သဘောကျခဲ့တယ်။ ဒေသခံပြည်သူတွေ တက်ကြွခဲ့တယ်။ ကရင်နီမှာ ရဲစခန်းတွေကို စတိုက်ခဲ့ကြတာလေ။ ဒီးမော့ဆိုတို့ ၊ မိုးဗြဲတို့မှာ စတိုက်ခဲ့ကြတယ်။ ဒါတွေက ရန်သူရဲ့ ဒေသအုပ်ချုပ်ရေးကို စတင်ဖျက်ဆီးခဲ့ကြတာပေါ့။ မလိုအပ်ကြောင်း စပြခဲ့တာပေါ့။ အဲဒီလို လုပ်ခဲ့တဲ့လူတွေနဲ့အတူတူ ရှင်သန်ကြတာပိုကောင်းတယ်။ ကရင်နီက အရမ်းလည်းဖိနှိပ်ခံရတယ်။ ကရင်နီဆိုရင် အမြဲစစ်ကြောင်းတွေထိုးတယ်။ တစ်နိုင်ငံလုံးမှာ အဆိုးဆုံးလို့ပဲ ပြောရမှာပေါ့။ ဘာကြောင့် ကရင်နီကို ရွေးသလဲဆိုတော့ ဒီအဆိုးဆုံးမှာ ကျွန်တော်တို့က အတူတူရှင်သန်ဖို့ လိုအပ်တယ်။ စစ်ပွဲမဖြစ်သေးတဲ့ ဒေသတွေမှာ သွားနေလို့ရတယ်။ အဲဒီလိုသွားဖို့လည်း စိတ်ကူးရှိခဲ့ဖူး တယ်။ ဒါပေမယ့် စစ်အတွေ့အကြုံက အကောင်းဆုံးဆရာပဲ။ အကြမ်းတမ်းဆုံးဒေသမှာ နေထိုင်ခြင်းဟာ ဒီထက်ပိုပြီး ဘယ်လောက်များ ကြမ်းတမ်းနိုင်ဦးမလဲဆိုတဲ့ဟာကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြိုးစားချင်လို့ ၊ အခက်အခဲကို ရုန်းကန်ချင်လို့။  ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က ဖောင်ဖျက်တိုက်ပွဲပဲ၊ ကိုယ့်ဘဝမှာ ရှင်သန်ရပ်တည်ခဲ့တဲ့ အရာတွေကို ဖျက်ဆီးပစ်လိုက်ပြီ၊ အဲဒီတော့ နောက်ကြောင်းလှည့်စရာမလိုတဲ့အတွက် အဆိုးဆုံးနယ်မြေမှာ ရှင်သန်တာ။ ကရင်နီက ကျွန်တော် ဘာလိုချင်လဲဆိုရင် ကရင်နီပြည်လွတ်မြောက်တာကို လိုချင်တယ်၊ လွတ်မြောက်သွားရင် တခြားနေရာမှာ သွားတိုက်မယ်။

 တပ်ဖွဲ့တည်ထောင်မှု ၄ နှစ်ပြည့် အခမ်းအနားတွင် တွေ့ရသည့် URF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ –   URF)

မေး။ ။ အထင်ကရ တိုက်ပွဲတွေအကြောင်း ပြန်ပြောပြပေးလို့ရမလားခင်ဗျ။

ဖြေ ။ ။ တစ် လေးလုံးကာလ မိုးဗြဲသိမ်းတဲ့ တိုက်ပွဲရယ် ၊ စက်တော်ရာ ဗျူဟာကုန်းသိမ်းတဲ့ တိုက်ပွဲရယ်က ကျွန်တော်တို့ကို ပိုပြီးတော့ ညီညီညွတ်ညွတ်ဖြစ်စေလာတယ်။ အဲဒီမှာ ကိုယ့်ဒေသမဟုတ်တဲ့ ရဲဘော်တွေကအစ အောင်ပွဲကို ခံယူလာနိုင်တယ်။ ဒေသခံ မိုးဗြဲရဲဘော်တွေက တခြားနေရာကလာတဲ့ ရဲဘော်တွေကို အသိအမှတ်ပြု ကျေးဇူးတင်ကြတယ်။ ကိုယ့်ဒေသမဟုတ်ဘဲ အသက်ပေးရဲတယ်ဆိုတဲ့ဟာပေါ့။ ဒီဟာကို ကျွန်တော်တို့ ကြိုးစားနေတာကြာပြီ။ ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် အခုနောက်ပိုင်းမှာဖြစ်နေတာက ငါ့ဒေသမှာပဲ ငါပြန်တိုက်မှာပေါ့ဆိုတဲ့ ဟာမျိုးပေါ့။ ဒီဟာကို ကျွန်တော်တို့က လုံးဝမကြိုက်ဘူး။ ဘယ်နေရာဖြစ်ဖြစ် တိုက်ရမယ်။ ရန်သူဟာ နေရာတိုင်းမှာရှိတယ်။ ကျွန်တော်တို့လည်း ဘယ်နေရာရယ်လို့ မဟုတ်ဘူး၊ ဒီမှာတိုက်လည်း တိုက်ပွဲပဲဆိုတဲ့ အသိမျိုးရဖို့ ကြိုးစားတယ်။ ဒါက တော်လှန်ရေးသမားတွေ ရဲ့ အခြေခံထားရမယ့် စိတ်ထားပဲ။

မေး ။ ။ URF နဲ့ NUG အကြား ဆက်ဆံရေး ၊ အခြားမဟာမိတ်တွေနဲ့ ဆက်ဆံရေးအခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ NUG လူကြီးပိုင်းတွေနဲ့တော့ စကားပြောဆိုမှုတွေ ရှိပါတယ်။ မြေပြင်မှာတော့ NUG အောက်က PDF ပဲဖြစ်ဖြစ်၊ KNDF ပဲဖြစ်ဖြစ်ပေါ့၊ စစ်မြေပြင်က တပ်ရင်းမှူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုက ပိုများတယ်။ မိုးဗြဲဇုန်ဆိုရင် မိုးဗြဲဇုန်မှာရှိတဲ့ ဘယ်တော်လှန်ရေးတပ်နဲ့မဆို ပူးပေါင်းလုပ်ကြတယ်။ တစ်ခုတော့ ရှိတယ်။ Ethic (ကျင့်ဝတ်ဂုဏ်သိက္ခာ) ရှိတဲ့တပ်တွေနဲ့ ပူးပေါင်းတယ်။ ဂုဏ်သိက္ခာမရှိတဲ့ တပ်တွေနဲ့တော့ ပူးပေါင်းတာတော့ မလုပ်ဘူး။ ကျွန်တော်တို့ NUG အောက်ကို အခုအချိန်မှာ မဝင်ရတဲ့အကြောင်းအရင်းရှိတယ်။ ကျွန်တော်တို့စောင့်ကြည့်တာပေါ့။ အခုဆိုရင် လေး နှစ်ကျော်လာပြီ။ ကျွန်တော်တို့ လိုချင်တာက နိုင်ငံရေးပလက်ဖောင်းလိုချင်တာ။ စစ်မြေပြင်မှာဆိုရင်လည်း ကောင်းမွန်တဲ့ စစ်ဆင်ရေး တစ်ရပ်ကို အခုအချိန်အထိ မဖော်ဆောင်လာနိုင်သေးတဲ့အပေါ်မှာလည်း မေးခွန်းထုတ်စရာပဲ။ ကျွန်တော်တို့ လိုချင်တာက လစဉ်ပေးတဲ့ ပိုက်ဆံနဲ့ သေနတ်ခွဲတမ်းမဟုတ်ဘူး။ နိုင်ငံရေးအရ ဦးဆောင်နိုင်မှု၊ စစ်ကို စစ်လိုတိုက်ပြီး စစ်ဆင်ရေးအရ ဦးဆောင်နိုင်မှု။ အဲဒီလို ဦးဆောင်နိုင်ပြီဆိုရင် နောက်ကနေ ဘယ်နေရာကပဲ လိုက်ရလိုက်ရ၊ အရက်ဝယ်ကြက်ဖမ်းဘဝနဲ့ လိုက်ရင်လည်းလိုက်မှာပဲ။ 

မေး ။ ။ URF က ဂုဏ်သိက္ခာရှိတဲ့ တပ်တွေနဲ့ပဲ ပူးပေါင်းမယ်ဆိုတာက ဘယ်လိုမျိုးပါလဲ။

ဖြေ ။ ။ စစ်ပုံကျခြင်း မကျခြင်း ခဏထားဦး။ သဘောတရားပြည့်မီတာ၊ မပြည့်မီတာ ခဏထားဦး။ ပြည်သူနဲ့ပတ်သက်ရင် Sorry ဆိုပြီး တောင်းပန်လို့မရတဲ့ လုပ်ရပ်တွေရှိတယ်။ ခွင့်လွှတ်ပါလို့ ပြောလို့မရတဲ့ ဟာတွေရှိတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ အဖွဲ့တွေနဲ့ ကျွန်တော်တို့ အလုပ် လုပ်မှာမဟုတ်ဘူး။ တပ်အတွင်းမှာ စာနာမှုရှိရမယ်။ ရဲဘော်ရဲဘက်နဲ့ တစ်သားတည်း နေထိုင်နိုင်ရမယ်။ ရဲဘော်တွေကို ကိုယ်ချင်းစာနာမှုရှိရမယ်။ အဲဒါက ဆင်ခြင်တုံတရားကလာတယ်။ ပြည်သူလူထုအပေါ် မမှားသင့်တဲ့အမှားပေါ့။  ကျူးလွန်တဲ့အဖွဲ့အစည်းတွေပေါ့။ ဒါက သေနတ်ရဲ့ဂုဏ်သိက္ခာ။ လက်နက်ကိုင်လမ်းစဉ်ရဲ့ ဂုဏ်သိက္ခာ ။ ကျွန်တော့်အဖွဲ့တင်မကဘူး တခြားအဖွဲ့တွေအတွက်လည်း ဂုဏ်သိက္ခာ။ ဒါနဲ့ပတ်သက်ရင် တောင်းပန်လို့ မရဘူး။ ကျူးလွန်ခဲ့ရင် Sorry လုပ်လို့မရဘူး။ အဲဒီလူက အမဲစက် ရှိကိုရှိတယ်။

တပ်ဖွဲ့တည်ထောင်မှု ၄ နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် URF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ –   URF)

မေး ။ ။ URF က တပ်ရပ်တည်ရေးအတွက် ရန်ပုံငွေက ဘယ်လိုရှာဖွေပါသလဲ။ ပြည်သူလူထုရဲ့ လှူဒါန်းမှုနဲ့ပဲ ရပ်တည်တာလား။

ဖြေ ။ ။ ကျွန်တော်တို့ NUG ဆီက တစ်စုံတစ်ခုမှ မရခဲ့ဖူးဘူး။ ပြည်သူပေးတဲ့ဟာ ပြည်သူကျွေးတဲ့ဟာနဲ့ပဲ တိုက်ပွဲဝင်ခဲ့တယ်။ ကျွန်တော်တို့ကို ယုံယုံကြည်ကြည်ကူညီပေးခဲ့သူတွေကို ဒီနေရာကနေ ကျေးဇူးတင်တယ်။ ကျွန်တော်တို့ စစ်ကို စစ်နဲ့တူအောင်တိုက်မယ်။ ကျွန်တော်တို့ ဆက်လက်ရှင်သန်မယ်။ အမှန်တရားဘက်က ဆက်လက်ရှင်သန်မယ်။ ပြည်သူတွေလှူဒါန်းတဲ့ငွေဟာ အလဟဿ  မဖြစ်စေရဘူးဆိုတာ ကျွန်တော်ရဲရဲပြောရဲတယ်။  

မေး ။ ။ URF က ဖွဲ့စည်းတာ လေး နှစ်ရှိသွားပြီလို့သိရတယ်။ လေးနှစ်အတွင်း URF ကြုံနေရတဲ့ အခက်အခဲတွေရှိရင် သိပါရစေ။

ဖြေ ။ ။ အရင်ကတည်းက ကျွန်တော်တို့ လူမျိုးမတူ၊ ဘာသာမတူ စုစည်းပြီးအလုပ်လုပ်ကြတယ်။ အချင်းချင်းကြားထဲ ညီညွတ်မှုလည်း ပြန်တည်ဆောက်ရတယ်။ တိုက်ပွဲမှာ ပြည်သူကပေးတဲ့ ကျည်နဲ့ ရသလောက် ခုခံကာကွယ်ကြတယ်။ လှူကြတာတွေလည်းရှိသလို၊ MOD အောက်က မဟုတ်တဲ့အတွက် မလှူဘူးဆိုတာမျိုးတွေလည်း ကြုံခဲ့ရတယ်။ ယုံကြည်တဲ့သူတွေကတော့ ယုံယုံကြည်ကြည်နဲ့လှူကြတယ်။ ကျွန်တော်တို့လည်း သေချာစာရင်းရှင်းတမ်းတွေ လုပ်ပေးခဲ့တယ်၊ နေ့စဉ်စားဖို့သောက်ဖို့တွေ၊ လက်နက်ခဲယမ်း ဖြည့်တင်းဖို့တွေ။ ရဲဘော်တွေအကုန်လုံးက ဘာဝင်ငွေမှမရှိကြဘူး။ အတွင်းခံကအစ ပေးနိုင်အောင်စီစဉ်ရတယ်။ ဒါတွေကို တာဝန်ယူစီစဉ်ရတဲ့ တာဝန်ခံဆိုတော့ ခေါင်းတော့ ခဲတာပေါ့။ မိုးလင်းတာနဲ့ ဘယ်က ပိုက်ဆံရမလဲ စဉ်းစားရတယ်။ တိုက်ပွဲဖြစ်တယ်ဆိုရင်လည်း ဘယ်လို ပြန်ဖြည့်တင်းမလဲ စဉ်းစားရတယ်။ 

အဲဒီမှာ မတ်လ ငလျင်လှုပ်သွားပြီးတဲ့နောက် ကျွန်တော်တို့ပိုရုန်းကန်ကြရတယ်။ ကျွန်တော်တို့အနေနဲ့လည်း အလှူမခံရဲတော့ဘူး။ ဒီလောက်လူတွေ သေနေတဲ့အချိန်မှာ ရှိတဲ့ ကျည်နဲ့ပဲ တောင့်ခံထားမယ်ပေါ့။ မြန်မာပြည်ထဲမှာ ဖြစ်နေတဲ့အရာတွေကို ကျွန်တော်တို့ စိတ်မကောင်းလည်းဖြစ်တယ်။ အဲဒီအခါ တော်လှန်ရေးတပ်တွေ တော်တော်များများ ဒုက္ခရောက်ကြတယ်။ အခုအချိန်မှာ ပြန်ပြီး နာလန်မထူနိုင်ကြသေးဘူး။ ငလျင်ဒဏ်သင့်ပြည်သူတွေကို လှူဒါန်းကြတာကို ကျွန်တော်တို့လက်ခံတယ်။ အဲဒီနောက်ဆက်တွဲမှာ စစ်ပန်းတာတွေရယ်၊ လူတွေသေတဲ့နောက်ဆက်တွဲ စိတ်ဒဏ်ရာတွေရယ်၊ တပ်ရပ်တည်ရေးရယ် အားလုံးပိသွားကြတယ်၊ အဆင်မပြေကြတော့ဘူးပေါ့။ တိုက်ပွဲဆိုတာက ပိုက်ဆံပဲ။ ဒါက ပွင့်ပွင့်လင်းလင်းပြောတာ။ ပိုက်ဆံရှိရင် နိုင်တာပဲလေ။ ငွေမရှိတဲ့အခါမှာ မတိုက်နိုင်ကြဘူးပေါ့။ နောက်တစ်ခုက မြန်မာငွေဈေးက ကျလာတဲ့အခါမှာ လက်နက်ခဲယမ်းဈေးကလည်း အဆမတန်တက်လာတယ်။ အရင်က နှစ်လက်စာ ဝယ်လို့ရတယ်ဆိုရင် အခုကျ တစ်လက်စာလောက်ပဲ ဖြစ်သွားတာပေါ့။တော်တော်တော့ ရုန်းကန်ရတယ်။

မေး ။ ။ URF အနေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာတွေဆက်လက်လုပ်ဆောင်သွားဖို့ရှိမလဲ။

ဖြေ ။ ။ ပြည်သူရှိနေသရွေ့ကတော့ ကျွန်တော်တို့ ဆက်လက်ရပ်တည်နိုင်မှာပါ။ ကျွန်တော်တို့ စိတ်တွေက ထုံထုံကြီးဖြစ်သွားပြီ။  သန်းခေါင်ထက်လည်း ညဉ့်မနက်တော့ဘူး။ ရှင်သန်နေသရွေ့၊ ပြည်သူရှိနေသရွေ့တော့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်။ မျက်ရည်တော့ကျနေတယ်။ မျက်ရည်ကျနေရုံနဲ့ မပြီးဘူးပေါ့၊ မျက်ရည်သုတ်ပြီးရင်တော့ ဓားပြန်ထုတ်ရမယ့် အချိန်လို့ပဲ ပြောရမှာပေါ့။

လေ့ကျင့်ရေးလုပ်နေသည့် URF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ –  URF)

Related Articles

Back to top button