မေးမြန်းခန်း

“ရွေးကောက်ပွဲကို တတ်နိုင်တဲ့ဘက်က ဆန့်ကျင်သွားဖို့လိုပါတယ်” – ရှမ်းတောင်အခြေစိုက် SSNLO အဖွဲ့

တော်လှန်ရေးအဖွဲ့များသာမက လူထုကလည်း အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သင့်သည်ဟု မကြာသေးမီက ပေါ်ပေါက်လာသည့် ရှမ်းတောင် တော်လှန်ရေးအင်အားစုဖြစ်သော SSNLO အဖွဲ့က တိုက်တွန်းလိုက်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းသား အများစုပါဝင်ကာ စစ်အာဏာသိမ်းမှုဆန့်ကျင်သော တော်လှန်ရေး သမားများက “သျှမ်းပြည်တောင်ပိုင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်း (SSNLO)” အဖြစ် ဖွဲ့စည်းလိုက်ကြောင်း ယခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ကြေညာခဲ့သည်။

SSNLO တွင် မည်သည့်အဖွဲ့များ ပါဝင်သည်ကို လတ်တလောတွင် တရားဝင်ထုတ်မပြောသေးပေ။

ရှမ်းပြည်နယ်တောင်ပိုင်း အခြေပြု၍ စစ်ရေး၊ နိုင်ငံရေး ဖော်ဆောင်နေသော အဖွဲ့များအကြား ညီညွတ်စွာ ဘုံသဘောတူညီချက်များ ပေါ်ထွက်လာနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း SSNLO အဖွဲ့ ဘက်က ဆိုသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် ရှမ်းတောင်အခြေစိုက်တော်လှန်ရေးအဖွဲ့ အများအပြား ပေါ် ပေါက်ခဲ့ကြပြီး တပ်ပေါင်းစု ဖွဲ့စည်းထားသည်များလည်းရှိသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now က ဆက်သွယ် မေးမြန်းစဉ် SSNLO အတွင်းရေးမှူး ကိုစောက ဒေသတွင်း စစ်ရေး၊ နိုင်ငံရေး အခြေအနေတချို့အကြောင်း  ပြောပြထားသည်။

မေး ။ ။  အဖွဲ့အစည်း  ဖြစ်ပေါ်လာပုံနဲ့ သက်တမ်းဘယ်လောက်ရှိတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာ ပြောပြပေးပါ။

ဖြေ ။ ။ ကျွန်တော်တို့ SSNLO က နွေဦးတော်လှန်ရေးနဲ့အတူ သန္ဓေတည်ခဲ့တယ်လို့ အကြမ်းဖျဉ်း ပြောရ မှာပေါ့။ နွေဦးတော်လှန်ရေးဆန္ဒပြပွဲမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ လူငယ်တွေ၊ CDM (လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု) ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ သူတွေ၊ လက်နက်ကိုင်တော်လှန်ရေးမှာ အစဉ်တစိုက်ပါဝင်ခဲ့တဲ့ အရပ်ဘက်အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ကျောင်းသားသမဂ္ဂတွေ အပါအဝင် ကဏ္ဍစုံမှာရှိတဲ့ ပညာရှင်တွေနဲ့ စုပေါင်းစုဖွဲ့ ထားတာဖြစ်တယ်။ 

၂၀၂၂ ခုနှစ်အကုန် ၂၀၂၃ မှာတော့ KNU (ကရင်အမျိုးသားအစည်းအရုံး) နယ်မြေကို သွားပြီး လေ့လာခဲ့တယ်။ KNU မှာရှိတဲ့ ပဒိုတွေရဲ့ လမ်းညွှန်မှု လက်တွဲခေါ်ယူမှုတွေနဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ပိုပြီးတော့ လေ့လာခွင့်တွေရခဲ့တယ်။   လေးနှစ်တာအတွင်းမှာ ကြိုတင်ပြင်ဆင်မှုလေးတွေ စနစ်တကျ လုပ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာတော့ အသင်းအဖွဲ့ ထူထောင်လိုက်နိုင်တယ်ဆိုပြီး ပြည်သူကို တရားဝင်ချပြနိုင်ခဲ့ပါတယ်။ 

မေး ။ ။ SSNLO က KNU ဆီမှာလည်း သွားလေ့လာခဲ့တယ်၊ လက်နက်ကိုင် တော်လှန်ရေးသမားတွေလည်း ပါတယ်ဆိုတော့ ဘယ်လိုအဖွဲ့အစည်းမျိုးလို့ ပြောနိုင်မလဲ။

ဖြေ ။ ။ ကျွန်တော်တို့အဖွဲ့အစည်းက နိုင်ငံရေးဦးဆောင်မှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေး အခင်းအကျင်းကို ဆင်နွှဲနေတဲ့အဖွဲ့လို့ အကြမ်းဖျဉ်းပြောလို့ရပါတယ်ဗျ။ လတ်တလောတော့ ကျွန်တော်တို့ နိုင်ငံရေးဦးဆောင်မှု အခင်းအကျင်းနဲ့ ထွက်နေတယ်။ နောက်ပိုင်းတော့ နိုင်ငံရေးဦးဆောင်မှုနောက်ကို လိုက်မယ့် တပ်ရင်း၊ တပ်ဖွဲ့တွေတော့ ရှိပါတယ်။ ပြည်သူကို ချပြနိုင်ဖို့ကတော့ အချိန်လေးစောနေသေးတဲ့အတွက် မချပြနိုင်သေးတာ နားလည်ပေးပါ။

မေး ။ ။ SSNLO က ဘယ်ဒေသမှာ အခြေစိုက်တာပါလဲ။

ဖြေ ။ ။ ကျွန်တော်တို့ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းနဲ့ ကရင်နီပြည်နယ် နယ်စပ်မှာ အခြေ စိုက်တဲ့အဖွဲ့လို့ပြောလို့ရပါတယ်။

မေး ။ ။ SSNLO က ရှမ်းပြည်လို့ မသုံးဘဲ ဘာကြောင့် သျှမ်းပြည်လို့ သုံးတာလဲ။

ဖြေ ။ ။ သျှမ်းမှာ ရာဇဝင်ရှိပါတယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ဦးနေဝင်းလက်ထက်မှာ ကျွန်တော်တို့ သျှမ်းပြည်နယ်ကို ရကောက် ဟထိုး မ သတ်နဲ့ ရှမ်းဆိုပြီး အတည်ပြုခဲ့တယ်။ အများစုက ဒီလိုပဲသိခဲ့ကြ တယ်။ တကယ်တမ်းကျတော့ သျှမ်းရဲ့ အရင်းစစ်အမှန်က ဘယ်က လာသလဲဆိုရင် သ ဟထိုး မ သတ်နဲ့ သျှမ်းပါတယ်။ ရ ကောက်နဲ့ရှမ်းတာက သျှမ်းစာမှာဆိုရင်တော့ မကောင်းတဲ့နိမိတ်အယူဖြစ်တယ်။ အဲဒီ အတွက်ကို သျှမ်းလူမျိုးအများစုက မကြိုက်ကြဘူး။ ရကောက် ဟထိုး မ သတ်နဲ့ “ရှမ်း”တာကို လက်မခံတဲ့ အစဉ်အလာရှိတယ်။ အဓိကတော့ သနဲ့သျှမ်းတာက အသားအရေက ရွှေရောင်လိုဝင်းဝါသကဲ့သို့ဆိုတဲ့ အယူရှိတယ်။ ကျွန်တော်တို့ကလည်း သျှမ်းပြည်ဆိုတဲ့နေရာမှာ ခိုက်ရန်ဖြစ်ပွားခြင်းဆိုတဲ့ အတိတ်နိမိတ်ပါတဲ့ ရကောက်နဲ့ရှမ်းတာကို မကြိုက်တဲ့အတွက် သနဲ့ သျှမ်းထားခြင်းဖြစ်တယ်။ ကျွန်တော်တို့ သျှမ်းတောင်အဖွဲ့ ကတော့ လူမျိုးစုတစ်စုတည်း အပေါ် အခြေခံဖွဲ့ထားတာတော့ မဟုတ်ပါဘူး။ ပထဝီပေါ်မှာ အခြေခံပြီး လက်လှမ်းမီသလောက် ဧရိယာပေါ်မှာ အခြေခံပြီး စုဖွဲ့ထားတဲ့ အစုအဖွဲ့ဖြစ်ပါတယ်။

မေး ။ ။ SSNLO မှာ ဘာလူမျိုးတွေပါဝင်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ဆီမှာ ရှမ်းတောင်မှာရှိတဲ့ လူမျိုးစုတွေထဲက သျှမ်းပါတယ်။ ဓနုပါတယ်။ ပအိုဝ်း ပါတယ်။ ကရင်ပါတယ်။ အင်းသားပါတယ်။ ကျွန်တော်တို့ဆီမှာ ရခိုင်လူမျိုးတွေကအစ ထူးထူးခြားခြား ပါပါတယ်။

 လွတ်မြောက်နယ်မြေတစ်နေရာတွင်  သျှမ်းပြည်တောင်ပိုင်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့အစည်းက ရှစ်လေးလုံး အထိမ်းအမှတ်ပွဲကို ဩဂုတ်လ၊ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ –   SSNLO)

မေး ။ ။ SSNLO က ရှမ်းပြည်တောင်ပိုင်းမှာနေတဲ့ တိုင်းရင်းသားလူမျိုးတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တန်းတူအောင်လုပ်မယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ရအောင် လုပ်မယ်ဆို တာမျိုး ထုတ်ပြန်ချက်မှာတွေ့ပါတယ်။ ဘယ်လိုပုံစံမျိုး လုပ်ဆောင်မှာလဲ။

မေး ။ ။ အဓိကတော့ ကျွန်တော်တို့က ရှမ်းတောင်မှာ အခြေစိုက်တဲ့အတွက် ရှမ်းတောင်မှာရှိတဲ့ တိုင်းရင်း သားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအခင်းအကျင်းနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေရဲ့ လိုအပ် ချက်ကို အမှန်တကယ် သိဖို့လိုတယ်။ အဲဒီကနေတဆင့်မှ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တော်လှန်မှု အခင်းအကျင်းမှာ နည်းပေါင်းစုံနဲ့ ပါဝင်နိုင်မယ့် ပြည်သူအပါအဝင် တက်ကြွသူတွေ ရှိမယ်၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေရှိမယ်။ သူတို့တွေကနေ တဆင့် Common Political Agreement (နိုင်ငံရေးဘုံသဘောတူညီချက်) အဆင့်ထိ ထွက်လာအောင် ကြိုးစားပြီး ပြင်ဆင်ဖို့ရှိပါတယ်။ 

အဲဒီအဆင့်ထိ ရောက်ဖို့ဆိုရင် တိုင်းရင်းသားတွေ၊ ဘာတွေလိုအပ်နေသလဲ။ သူတို့ရဲ့….နေ့စဉ် လူမှုဘဝ အတွက်ကို ဘာတွေက အဓိက ကျသလဲဆိုတာ သေချာသိဖို့လိုတယ်။ အဲဒီအတွက်လည်း လေ့လာမှုတွေ လုပ်တယ်။ ချိတ်ဆက်မှုတွေဆောင် ရွက်နေတယ်။ ရှမ်းတောင်မှာ ဖိုရမ်တစ်ခုဖြစ်မြောက်လာအောင် ကြိုးစား အကောင်အထည် ဖော်သွားမယ်။ ဖိုရမ်က ထွက်ပေါ်လာမယ့် ရလဒ်တွေကတဆင့် နောက်ပိုင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့ လမ်းကို တစ်ဆင့်တက်မှာ ဖြစ်ပါတယ်။

မေး ။ ။ စစ်အာဏာရှင် ကျဆုံးရေးနဲ့ ပြည်သူ့အာဏာ၊ ပြည်သူ့လက်ဝယ် ပြန်ရရေး လုပ်မယ် ဆိုတာကရော ဘယ်လိုလုပ်မှာလဲ။

ဖြေ ။ ။ စစ်အာဏာရှင်စနစ်ကျဆုံးဖို့အတွက်က လက်နက်ကိုင်တော်လှန်ရေးအပါအဝင် အာဏာရှင် ကျဆုံးဖို့ တော်လှန်နေကြတဲ့ မည်သည့်အဖွဲ့နဲ့မဆို ကျွန်တော်တို့က ပူးပေါင်းသွားမယ်။ သူတို့ကိုလည်း ကျွန်တော်တို့က အပြည့်အဝ ထောက်ခံသွားမယ်။ ဒီလိုမျိုးနဲ့ပဲ စစ်အာဏာရှင်စနစ်ကျဆုံးအောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး ။ ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိပါတယ်။ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) လို ပြည်သူ့စစ်အဖွဲ့ဆိုရင် စစ်တပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်တာတွေလုပ်နေတယ်။ တခြားသော စစ်တပ်လက်အောက်ခံပြည်သူစစ်တွေလည်းရှိတယ်။ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဆိုရင်တော့ NCA လမ်းကြောင်းအတိုင်း စစ်တပ်နဲ့ ဆွေးနွေးမှုတွေရှိနေတယ်။ ဒီအဖွဲ့တွေ နဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားမျိုးရှိပါသလဲ။

ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ကျွန်တော်တို့ လက်လှမ်းမီတဲ့ အခင်းအကျင်းမှာ ဆိုရင် စစ်ကောင်စီနဲ့အတူ တွဲပြီးတော့ သူ့ရဲ့ စစ်ရေးအခြေအနေတွေမှာ အတူပူးပေါင်းဆောင်ရွက်နေတဲ့ တိုက်ပွဲဝင်နေတဲ့ တပ်တွေရှိတယ်။ အဲဒီနေရာမှာ PNO/PNA မှ မဟုတ်ပါဘူး၊ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ တခြားဘယ်အဖွဲ့ကို မဆို ကျွန်တော်တို့က စစ်ရေးအရရော၊ နိုင်ငံရေးအရရော ရှုတ်ချပါတယ်၊ လက်မခံဘူး။ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းတွေတင် မကပါဘူး၊ တခြားသော အစုအဖွဲ့တွေမှာလည်း Vision, Mission ရှိမယ်၊ သူတို့ရဲ့ ပန်းတိုင်တွေရှိမယ်။ သူတို့ရဲ့မူဝါဒတွေနဲ့ ပတ်သက်ပြီး အမှန်တကယ် မြေပြင်မှာ လုပ်ဆောင်နေခြင်းက တခြားစီဖြစ်နေတာတွေကတော့ ကျွန်တော်တို့ လက်ခံနိုင်စရာမရှိဘူး။

ပြည်သူကို မျက်နှာမူတဲ့၊ ပြည်သူ့အကျိုးကို လိုလားတဲ့ အဖွဲ့အစည်းမဟုတ်ဘဲနဲ့ စစ်ရေးမှာ စစ်ကောင်စီနဲ့ အတူ ပြည်သူကို ပစ်မှတ်ထားချေမှုန်းနေတဲ့ အခင်းအကျင်းမှာ ပါဝင်ပတ်သက်နေတဲ့ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းကိုမှ ကျွန်‌တော်တို့ လက်မခံပါဘူး။ ကျွန်တော်တို့ ရန်၊ ငါ ပြတ်ဖို့ လိုပါတယ်။

ရှစ်လေးလုံး အထိမ်းအမှတ်ပွဲကို ဩဂုတ်လ၊ ၈ ရက်နေ့က ပြုလုပ်ခဲ့စဉ်။ (ဓာတ်ပုံ –   SSNLO)

မေး ။ ။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ စစ်ရေးအခြေအနေက လက်ရှိမှာ ဘယ်လိုပုံစံမျိုး ဖြစ်နေတယ်လို့ ပြောနိုင်မလဲ။

ဖြေ ။ ။ ရှမ်းပြည်တောင်ပိုင်းအနေနဲ့ ပြောရမယ်ဆိုရင် တောင်ပိုင်းမှာ ဖယ်ခုံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဆီဆိုင်မြို့နယ် ဒီဟာက တစ်အုပ်စုလို့ ပြောလို့ရမယ်။ ရပ်စောက်မြို့နယ်၊ ရွာငံ မြို့နယ်၊ ပင်းတယမြို့နယ် ဒီဟာကတော့ တစ်အုပ်စုပေါ့။ ပထဝီအနေအထားအရ နီးစပ်ရာ ဆက်စပ်မှုနဲ့ အုပ်စု နှစ် စုကွဲတယ်လို့ ပြောလို့ရပါတယ်။ လတ်တလောမှာတော့ ဖယ်ခုံတို့၊ ညောင်ရွှေတို့၊ ဆီဆိုင်တို့မှာတော့ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်။

မိုးဗြဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာရှိတယ်။ စစ်အင်အား တစ်ထောင်ကျော်သုံးပြီး စစ်ကြောင်းထိုးလာတာကို ကျွန်တော်တို့ ကြုံနေရတယ်။ အဲဒီမှာ စစ်ကောင်စီဟာ …အင်အားအလုံးအရင်းနဲ့ လူအင်အားသုံးနိုင်တယ်၊ သူ့ရဲ့ စစ်လက်နက်ရိက္ခာ အပြည့်အစုံရှိတယ်။

ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက လူတွေဆိုတော့ လူသားဆန်တယ်။ ကျွန်တော်တို့အင်အား တွေကို အလဟဿ အပြုန်းအတီးမခံနိုင်ဘူး။ ကျွန်တော်တို့ရဲဘော်တွေရဲ့ အသက်တွေကို လွယ်လွယ် မပေးဆပ်နိုင်ဘူး။ စစ်ကောင်စီဘက်ကတော့ သူတို့ မတရားခေါ်ဆောင်လာတဲ့ ဇွတ်အတင်းခေါ်ဆောင်လာတဲ့ ရဲဘော်တွေ၊ ပြည်သူ့စစ်တွေ အလုံးနဲ့အရင်းနဲ့ကို အသေခံတိုက်ပွဲဝင်နေတယ်။ သူတို့ရဲ့ အသေခံ တိုက်ပွဲဝင်တာက အဓိပ္ပာယ်မဲ့တယ်။

တော်လှန်ရေးစုဖွဲ့မှုမှာ ပါဝင်ပတ်သက်နေတဲ့ ရဲဘော် တစ်ယောက်ချင်းစီရဲ့ အသက်တွေကို အပြည့် အဝ  တန်ဖိုးထားတယ်။ ကျွန်တော်တို့အားတွေကို လွယ်လွယ်အဆုံးရှုံးမခံနိုင်ဘူး။ အယုတ်အလျော့ မခံနိုင်ဘူး။ အဲဒီအတွက် အားမတန်လို့ မာန်လျှော့တာ မဟုတ်ပေမယ့် စစ်ရေးအခြေအနေအရ နောက်တစ်လှမ်း ဆုတ်ထားတဲ့ အခြေအနေရှိပါတယ်။

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းပြီးတဲ့နောက် တော်လှန်ရေးအင်အားစုရဲ့ ထိုးစစ်က အားပျော့ သွားပြီး စစ်တပ်ဘက်က စစ်ထိုးလာတာတွေ တွေ့လာရပါတယ်။ စစ်တပ်က မြို့တချို့ပြန်သိမ်းနိုင်တာ တွေ့ရတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် လက်ရှိစစ်ရေးအခြေအနေကို ဘယ်လိုမြင်ပါသလဲ။ စစ်တပ်က အသာစီးပြန်ရလာနေပြီလား။

ဖြေ ။ ။ ကျွန်တော့် တစ်ယောက်တည်းအမြင်ကို ပြောရမယ်ဆိုရင် ရှမ်းမြောက် နောင်ချိုနဲ့ ရှမ်းတောင် မိုးဗြဲကို စစ်ကောင်စီက အသာစီးရပြီး ဒီနယ်မြေတွေမှာ ပြန်လည်သိမ်းပိုက်အခြေချနိုင်တာကလွဲလို့ တစ်နိုင်ငံလုံး အတိုင်းအတာမှာတော့ စကစက အသာစီးပြန်ရတယ်လို့တော့ မမြင်ပါဘူး။ 

အခိုက်အတန့်အရတော့ KIA (ကချင်လွတ်မြောက်ရေးတပ်) လို၊ AA (အာရက္ခတပ်တော်) လို အင်အား ကောင်းတဲ့ အဖွဲ့အစည်းတွေတောင် ဗန်းမော်လိုနေရာမျိုးမှာ (တိုက်ပွဲကာလ) ခုနစ်လကျော်ပေါ့။ အခြေအနေအရ တန့်နေတဲ့ အနေအထားရှိတယ်။ AA ဆိုရင်လည်း တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်မှုရှိတဲ့ ကျောက်ဖြူလို အခင်းအကျင်းမှာ သတိထားပြီး၊ ထိန်းပြီး တော်လှန်နေရတာတွေရှိတယ်။

တစ်နိုင်ငံလုံးမှာတော့ စစ်ကောင်စီ ပြန်အသာစီးရတာမျိုးတော့ မဟုတ်ပါဘူး။ စစ်ရေးအရ၊ တချို့ဗျူဟာအရ ခေတ္တပြင်ဆင်ရင်း၊ စောင့်ဆိုင်းရင်းနဲ့ အခြေအနေတစ်ခု ရောက်တဲ့အခါ အင်နဲ့အားနဲ့ တစ်စုတစ်စည်းတည်း တိုက်ပွဲတွေဖော်ဆောင်နိုင်မယ့် အခင်းအကျင်းရောက်လာမယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။ 

မေး ။ ။ ၁၀၂၇ စစ်ဆင်ရေး ကာလမှာ စစ်ကောင်စီဘက်က ခံစစ်ဖြစ်ပြီး တော်လှန်ရေးတပ်ဘက်က မြို့ တွေကို တစ်မြို့ပြီး တစ်မြို့သိမ်းနိုင်တာမြင်ရပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ဖိအားပေးမှုနဲ့ ၁၀၂၇ စစ်ဆင်ရေး ရပ်သွားပြီးနောက် တော်လှန်ရေးတပ်တွေဘက် တစ်စုတစ်စည်း ထိုးစစ်ဆင်တဲ့ စစ်ဆင်ရေး က အားနည်းသွားတယ်လို့ သုံးသပ်ကြတာရှိပါတယ်။ မေးချင်တာက တော်လှန်ရေးတပ်တွေဘက်က စုစု စည်းစည်းနဲ့ ထိုးစစ်ဆင်မှုဟာ အားနည်းသွားပြီလား၊ ဘယ်လိုထင်ပါသလဲ။

ဖြေ ။ ။ ၁၀၂၇ နောက်ပိုင်းမှာ အထူးသဖြင့် များများစားစား ကျယ်ကျယ်လောင်လောင် အသံထွက်တာက ဆိုရှယ်မီဒီယာမှာ ကြားရပါတယ်။ တော်လှန်ရေးအခင်းအကျင်းမှာ တိုက်ပွဲတစ်ပွဲဖြစ်ဖို့ဆိုရင် လက်နက်၊ ခဲယမ်း၊ ကျည် စတဲ့ ပြင်ဆင်ရမှုတွေက သိန်းကို ထောင်သောင်းမက ရင်းရပါတယ်။ ကျွန်တော်တို့နောက်မှာက ကျောထောက်နောက်ခံဆိုလို့ ပြည်သူပဲရှိပါတယ်။ ပြည်သူရဲ့ ထောက်ပံ့အားပေးမှုပေါ်မှာ မူတည်ပြီး စစ်ရေးဖော်ဆောင်ရတဲ့ အနေအထားတွေ ရှိပါတယ်။

တစ်နိုင်ငံလုံးရဲ့ စီးပွားရေးအခြေအနေက အရင်လိုမကောင်းဘဲ ယုတ်လျော့နေတဲ့ကာလမှာတော့ Tempo  (အရှိန်) ကျစမြဲပါပဲ။ ကျွန်တော်တို့ဆီမှာ Power ကတော့ ရှိပါတယ်။ ဒါပေမယ့် အခိုက်အတန့်အားဖြင့် အခုကာလဟာ Tempo လျော့တဲ့ ကာလလို့ပြောလို့ရပါတယ်။ နောက်တစ်ခုက ဒီတော်လှန်ရေး၊ နိုင်ငံရေးအပေါ် ပြည်သူက ဘယ်လောက်အထိ အာသီသရှိသလဲဆိုတဲ့ အပေါ်လည်း မူတည်ပါတယ်။

အလုံးစုံတော်လှန်ရေးဆိုတဲ့ နေရာမှာ လက်နက်ကိုင်တော်လှန်ရေးကပဲ အလုံးစုံတော်လှန်ရေး မဟုတ်ပါ ဘူး၊ တော်လှန်ရေးဖြစ်စဉ်ထဲက အဓိကကျတဲ့ ယန္တရားတစ်ခုပါပဲ။ ဒီဟာလည်ပတ်ဖို့အတွက် ချောဆီ ဆိုတဲ့ Supporting (ထောက်ပံ့အားပေးမှု) လိုပါတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော ပြည်သူရဲ့ ပါဝင်ထောက်ပံ့မှုက သေချာပေါက်လိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အင်နဲ့အားနဲ့ တော်လှန်နိုင်ဖို့ ဆိုတာက ပြည်သူအပေါ်မှာလည်း မူတည်ပါတယ်။ အဲဒီအခြေအနေ ရောက်ဖို့ တော်လှန်ရေးမှာ ပါဝင်ပတ်သက်နေတဲ့ ညီနောင်မဟာမိတ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ တစ်စုတစ်စည်းတည်း စနစ်တကျသွားနိုင်မှပဲ အဆင်ပြေပါမယ်ခင်ဗျ။

SSNLO ၏ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု။

မေး ။ ။ စစ်ကောင်စီက ဒီနှစ်အကုန်လောက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီကတော့ လက်ရှိမှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဘက်ပေါင်းစုံကနေ ကျွန်တော်တို့ တော်လှန်ရေးအခင်းအကျင်းမှာရှိတဲ့ စုဖွဲ့မှုတွေကို အစွမ်းကုန် ဖိနှိပ်နေတယ်။ ဥပမာ တရုတ်နိုင်ငံအားကိုးနဲ့ တော်လှန်ရေးအခင်းအကျင်းထဲက စုဖွဲ့မှုတွေကို ဖိနှိပ်နေတာရှိတယ်။ အရင်တုန်းကဆိုရင် တရုတ်နိုင်ငံက စစ်ရေးအရ၊ နည်းပညာအရ အကူအညီပေးတာ သိပ်မရှိပေမယ့် အခု နောက်ပိုင်းတော့ အဆင့်မြင့်ဒရုန်းတွေ ရောင်းပေးတာ၊ ကူညီထောက်ပံ့တာ ရှိလာတယ်။

စီးပွားရေးအရလည်း မူဆယ်- မန္တလေးလမ်းမကြီးကို ကိုင်တွယ်ချင်တယ်ပေါ့။ ရှမ်းမြောက်မှာ မူဆယ်- မန္တလေးလမ်းမကြီး ပြန်ပေါက်ဖို့အတွက် စစ်ကောင်စီကို စစ်ရေးအရ လက်နက်တွေ ကူညီထောက်ပံ့သလို စီးပွားရေးအရလည်း အရင်းအမြစ်တွေ ထောက်ပံ့တာတွေ့ရတယ်။ နိုင်ငံရေးအရလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးနေတာတွေ့ရတယ်။ အဲဒါတွေကို ချိတ်ဆက် စဉ်းစားကြည့်မယ်ဆိုရင် ကဏ္ဍစုံ တရုတ်နိုင်ငံရဲ့ဖိအားပေးမှုတွေ ကြုံနေရတယ်။

စစ်ကောင်စီကတော့ အတုအယောင်ရွေးကောက်ပွဲကို အကောင်အထည်ဖော်ဖို့ အသည်းအသန် ကြိုးစားနေတဲ့ ကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၂၀၀ လောက်က သူ့လက်ထဲမှာဆိုတော့ ရွေးကောက်ပွဲကို ဇွတ်အတင်းတော့ လုပ်မှာပဲ။ နိုင်ငံတကာကိုလည်း နိုင်ငံရေးထွက်ပေါက်အနေနဲ့ ပြချင်နေတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဒီအတုအယောင်ရွေးကောက်ပွဲကို တတ်နိုင်တဲ့ဘက်က ဆန့်ကျင်သွားဖို့လိုပါတယ်၊ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပဲ ဒီရွေးကောက်ပွဲကို လက်မခံကြောင်း ပြလို့မရပါဘူး။ SSNLO အနေနဲ့ကတော့ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲကို လုံးဝလက်မခံပါဘူး။ ပြင်းပြင်းထန်ထန်ရှုတ်ချ ကန့်ကွက်ပါတယ်။

မေး ။ ။ SSNLO အနေနဲ့ သျှမ်းပြည်တောင်ပိုင်းအရေးအတွက် ဘာတွေ ဆက်လုပ်သွားဖို့ ရှိမလဲ။

ဖြေ ။ ။ လက်ရှိကတော့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ပညာရေးလုပ်ငန်းတွေ တတ်နိုင်သလောက် ဆောင်ရွက်နေတာရှိတယ်။ ရှေ့ဆက်ပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ မဟာမိတ်အခင်းအကျင်း တည်ဆောက်တာတွေ၊ စစ်ဘေးရှောင်တွေ၊ စစ်ရေးပဋိပက္ခကြောင့် ဒုက္ခရောက်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သတင်းမျှဝေတာတွေ၊ ပညာပေးအစီအစဉ်တွေ ဆက်လုပ်သွားဖို့ရှိတယ်။

ကျွန်တော်တို့အတွက် အခြေခံနယ်မြေတွေ များများစားစား မတည်ဆောက်နိုင်သေးတဲ့ ကာလမှာ ကြိုတင် ပြင်ဆင်မှုနဲ့ သွားနေရတယ်။ လတ်တလောတော့ ဆီဆိုင်မြို့နယ်တို့၊ ညောင်ရွှေမြို့နယ်တို့၊ ပင်လောင်း မြို့နယ်တို့မှာ စစ်ရေးအရ ထိတွေ့မှုတွေရှိနေတယ်။ တစ်ချိန်တုန်းက ကျွန်တော်တို့ရဲ့ အခြေခံဒေသ ဖြစ်ခဲ့တဲ့ ညောင်ရွှေမြို့နယ်ထဲက ကျေးရွာအချို့ကို လက်ရှိမှာ ကျွန်တော်တို့ ပြန်လက်လွှတ်ထားရတာ၊ ပြန်ပေးလိုက် ရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အခြေခံဒေသတွေ စနစ်တကျ မတည်ဆောက်ရသေးတဲ့ အတွက် အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်ကိုတော့ ကျွန်တော်တို့ သွားလို့မရသေးဘူး။ အဲဒီအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်။

ရှမ်းတောင်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေအကြား အတူပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထလေး တွေ ပေါ်လာအောင် သင်တန်းတွေပေးနေတယ်။ ရှေ့လျှောက်လည်း ပေးသွားဖို့ရှိတယ်။ ဥပမာ လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ PDF တွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မြို့ပြမှာ ကျန်ခဲ့တဲ့ CSO တွေကြား ပေါင်းကူးနိုင်မယ့် အခင်းအကျင်း တည်ဆောက်နိုင်ဖို့ ကျွန်တော် တို့ ကြိုးစားနေတယ်။ စစ်ရေးအရ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တွေကို အရပ်ဘက်မှာရှိတဲ့ အစုအဖွဲ့တွေ ထဲထဲဝင်ဝင် ပိုပြီး နားလည်လာနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်။

လက်ရှိကာလမှာ NUG အပါအဝင်၊ PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တွေ စုစည်းညီညွတ်ဖို့ အထူးလိုအပ်နေပါတယ်။

Related Articles

Back to top button