အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်နဂါး၏ တပ်ဖွဲ့ဝင်အချို့ ဘက်ပြောင်းလာကြောင်း  NUG ဆို

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားကြသည့် လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲများဖြစ်ပွားပြီးနောက် ပုလဲမြို့ပေါ်တွင် ခြေကုပ်ယူထားသည့် စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှုများ စတင်နေပြီဟု တော်လှန်ရေးအင်အားစုများ နှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) တို့အကြား စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲအတွင်း ဗိုလ်နဂါး၏တပ်ဖွဲ့ဝင်အချို့ဘက်ပြောင်းလာသည်ဟု  NUG ပြောခွင့်ရ  ဦးနေဘုန်းလတ်ကဆိုသည်။

“ BNRA တပ်ဖွဲ့ဝင်အချို့ PDF တွေနဲ့ ပူးပေါင်းလာတာတွေရှိပါတယ်။ လုံခြုံရေးအရတော့ ဘယ်သူတွေလဲ။ ဘယ်လောက်လဲ။ ဘယ်အဆင့်လဲဆိုတာတွေကတော့ ဖြေလို့မရသေးပါဘူး။ ထုတ်ပြန်လို့ရတဲ့ အချိန်ကျရင် ထုတ်ပြန်ပေးပါမယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ယနေ့နေ့လယ်ပိုင်းတွင် ပြောသည်။ 

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဖွဲ့စည်းထားကြသည့် လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့သည် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) နံနက် ၇ နာရီဝန်းကျင်ကစပြီး တိုက်ခိုက်နေကြသည်။ ယမန်နေ့ တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်တပ်က နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ၂ နာရီတွင် တစ်ကြိမ် ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ယနေ့တွင် အခြေအနေ ငြိမ်သက်နေကြောင်း ဒေသခံများထံကသိရသည်။ 

ယမန်နေ့ NUG တပ်များက BNRA   ဂိတ်စခန်းများကိုစီးနင်းခဲ့ပြီး BNRA တပ်ဖွဲ့ဝင်အချို့ ကိုလည်းဖမ်းဆီးခဲ့ကြောင်း ဒေသခံများနှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။ 

ထိုအခြေအနေနှင့်ပတ်သက်ပြီး BNRA နှင့် အမျိုးသားညီညွတ်ရေးအစိုးရ တို့ကိုဆက်သွယ်မေးမြန်းသော်လည်း နှစ်ဖက်လုံးပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါ။ 

ပုလဲနယ်အတွင်း BNRA က ကျူးလွန်ခဲ့သည့်အမှုများနှင့်ပတ်သက်ပြီး ဖမ်းဆီးနိုင်ရန် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ရှိကြောင်း ဦးနေဘုန်းလတ်က ပြောကြားခဲ့သော်လည်း မည်သည့်အမှုနှင့်ပတ်သက်သည်ကို တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ 

ဗိုလ်နဂါး ဦးဆောင်သည့် BNRA သည် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)မှ အမည်ပြောင်းလဲဖွဲ့စည်း ထားခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံမဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန်ရေးအဖွဲ့ဖြစ်သည်။ 

ဇန်နဝါရီလအတွင်းက ပုလဲနယ်အတွင်း BNRA နှင့် ပကဖ ဂိတ်စခန်းများကို အပြန်အလှန် စီးနင်းမှုများ ဖြစ်ခဲ့ပြီးနောက်ပိုင်း နှစ်ဖက် ဆက်ဆံရေးတင်းမာနေခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  NUG ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှတပ်ဖွဲ့ဝင် ကိုကတုံးကို BNRA တပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် စီးနင်းမှုဖြစ်လာခဲ့သည်။

ယမန်နေ့က စီးနင်းမှုတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှ ခရိုင်တပ်ရင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းသုံးပြီး ဖြန့်ကြက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်နဂါးက ပြောသည်။ 

“လက်နက်ကိုင်ပြီးတော့ ရန်သူနဲ့တိုက်သလိုမျိုးလုပ်လာတဲ့အခြေအနေမျိုးတော့ ကျွန်တော်တို့က ရှင်းရှင်းပြောရရင်မျှော်လင့်မထားဘူး”ဟု ၎င်းကဆိုသည်။ 

တော်လှန်ရေးအင်အားစုများအားကောင်းရာ နိုင်ငံအလယ်ပိုင်းတွင် ယခင်က ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့အချို့နှင့် NUG လက်အောက်ခံတပ်များကြား ပွတ်တိုက်မှု အချို့ရှိခဲ့သော်လည်း  ယခုတစ်ကြိမ် စီးနင်းမှုသည် ခရိုင်အဆင့်တပ်ရင်းတပ်ဖွဲ့များဦးဆောင်ပြီး အင်အားအလုံးအရင်းဖြင့် အကြီးမားဆုံးစီးနင်းမှု တစ်ခုဖြစ်သည်။ 

ယခုကဲ့သို့ ပုလဲနယ်အတွင်း တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပဋိပက္ခသည် တော်လှန်ရေး အပေါ်သက်ရောက်မှုကြီးမားကြောင်း ဒေသခံများက ဆိုသည်။ 

“စစ်တပ်ရဲ့အထိုင်စခန်းတွေပိုများလာတယ် အဲ့ဒီလိုအခြေအနေမျိုးတွေမှာ ဒီလိုတပ်တွေကို မတိုက်ဘဲနဲ့ အချင်းချင်းပြန်တိုက်နေတယ်။ ဒီလိုမျိုးအခြေနေတွေကိုတောင်မှ ဂရုမစိုက်ဘဲနဲ့ အချင်းချင်း ပြန်ချနေကြတယ်။ မထူးတော့ပါဘူးကွာဆိုတာမျိုးတွေ။ လူထုရဲ့ယုံကြည်မှုက အဓိကအကြီးမားဆုံး ဆုံးရှုံးမှုပဲ” ဟု ပုလဲမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးကမှတ်ချက်ပြုသည်။ 

အချင်းချင်း ပဋိပက္ခ များကြောင့် လူထုအားလျော့စေသည့်အတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ကြရန် ပုလဲဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ကလည်း တိုက်တွန်းသည်။ 

“အားလုံးကိုညီညွတ်စေချင်တယ်။ ရန်သူဝမ်းသာအလုပ်တွေကိုရပ်တန်းကနေ အမြန်ဆုံးရပ်ပြီးတော့ အချိန်မနှောင်းခင် အမြန်ဆုံးညှိနှိုင်းတိုင်ပင်ပြီးတော့ ရှေ့ဆက်ပြီးတော့ ရန်သူကိုအလဲထိုးမယ့် ထိုးစစ်ကြီးတွေမှာ ဝိုင်းဝန်းပြီးဆောင်ရွက်ဖို့ နှစ်ဖက်လုံးကို မေတ္တာရပ်ခံပါတယ်”ဟု ၎င်းကဆက်ပြောသည်။ 

မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့် ဆက်စပ်နေသည့် ပုလဲမြို့နယ်တွင် စစ်တပ်က မြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဒေါင့်၊ အင်မထီး၊ မင်းတိုင်ပင်စသည့်ကျေးရွာများတွင် ခြေကုပ်ယူထားပြီး ကျေးလက်ဒေသ အများစုကို တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုးထားသည်။ 

ပုလဲနယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ခရိုင်တပ်ရင်းတပ်ဖွဲ့များ၊ ပကဖ၊ ကျောင်းသားတပ်မတော် (ABSDF)၊  ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နှင့် BNRA တို့လှုပ်ရှားသည်။ 

ပုလဲမြို့ပေါ်တွင် ခြေကုပ်ယူထားသည့် စစ်ကောင်စီတပ်သည် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်  အင်အား ၆၀ နီးပါးဖြင့် အနောက်ဘက်သို့ စစ်ကြောင်းထွက်လာကြောင်း တော်လှန်ရေးအင်အားစုများ နှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နှစ်နှစ်လယ်ပိုင်းတွင် လက်လွှတ်ခဲ့ရသည့် ကန့်ဒေါင့်ရဲစခန်းကို စစ်တပ်က ပြန်လည်ခြေကုပ် ယူနိုင်ခဲ့ပြီးနောက် အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးအပြီး မြေပြင်စစ်ကြောင်းမထိုးသည်မှာ လအတန်ကြာပြီးနောက် ယခုတကျော့ပြန် မြေပြင်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရသည်။

Related Articles

Back to top button