အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရခိုင်တွင် စစ်တပ်က လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်

ကျောက်ဖြူနှင့် အနီးဝန်းကျင်ဒေသများကို စစ်တပ်က တိုက်ခိုက်မှုများ ယခုလအတွင်း ခပ်စိပ်စိပ် ပြုလုပ်နေရာ ဒေသခံ တစ်ဒါဇင်ကျော် သေဆုံး၍ လူ ၃၀ ဒဏ်ရာရခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေသော ကျောက်ဖြူမြို့နယ်နှင့် အနီးဝန်းကျင် ဒေသများ၌ စစ်တပ်က လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်နေရာ လသားကလေး၊ သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ ၁၅ ဦးထက်မနည်း သေဆုံး၍ ၃၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ 

ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး၊ သံတွဲ ဒေသများကို လေယာဉ်၊ စစ်ရေယာဉ်များ ပစ်ခတ်၊ ဗုံးကြဲခဲ့စဉ် ထိုသို့ သေဆုံးထိခိုက်မှုများ ပေါ်ပေါက်ခဲ့သည်။ 

ယမန်နေ့(ဖေဖော်ဝါရီလ ၁၉ ရက်) နံနက် ၁၀ နာရီခွဲခန့်က ရမ်းဗြဲမြို့နယ်၊ သရက်ချိုကျေးရွာကို လေယာဥ်ဖြင့် ဗုံးကြဲရာ အမျိုးသား နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံက သိရသည်။

စစ်တပ်သည် ထိုကျေးရွာရှိ နေရာ သုံးခုကို ဗုံးသုံးလုံးကြဲချခဲ့ခြင်းဖြစ်ကာ အသက် ၃၁ နှစ်အရွယ် ကိုထွန်း နိုင်ဝင်းနှင့် အခြားအမျိုးသားတစ်ဦး သေဆုံးသွားသည်။ ဒဏ်ရာရရှိသူနှစ်ဦး၏ အမည်၊ အသက်ကို စုံစမ်းနေဆဲဟု ဒေသခံတစ်ဦးက ပြောသည်။ 

“ဂျက်ဖိုက်တာ တစ်စီးနှစ်စီးနဲ့ ဗုံးကြဲသွားတာ။ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို ဘာကြောင့် အခုလို ဗုံးကြဲလဲ မသိပါဘူး။ ပြည်သူတွေက နေ့တိုင်း သေဆုံး၊ ဒဏ်ရာရနေကြရတယ်။ လေယာဥ်လာသံကြားရင် အမြဲတမ်း ပုန်းခိုကျင်းဝင်ပြီး ပုန်းနေရတယ် ”ဟု ၎င်းက ဆိုသည်။

ရမ်းဗြဲမြို့နယ်အနီးရှိ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိုတိုက်ပွဲများအတွင်း စစ်တပ်က အထိနာနေသဖြင့် ပြည်သူများကို ပစ်မှတ်ထား၍ ထိုသို့ တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်းလည်း အထက်ပါဒေသခံက ယူဆသည်။

ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ပါရှိနေသည့် ကျောက်ဖြူမြို့နယ်၏ တောင်ဘက် ရမ်းဗြဲမြို့နယ်တွင် တရုတ်- မြန်မာသဘာဝဓာတ်ငွေ့ပိုက်လိုင်း စတင်သော နေရာ တည်ရှိသည်။ ကျောက်ဖြူဒေသတွင်း တကျော့ပြန်တိုက်ပွဲများသည် ယမန်နှစ် ဖေဖော်ဝါရီလလယ်မှစတင်၍ ဖြစ်ပွားနေခြင်း ဖြစ်ပြီး ယခုလများတွင် လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာခြင်း ဖြစ်သည်ဟု သိရသည်။ 

ဖေဖော်ဝါရီလ ၁၇  ရက်နေ့ ည ၁၁ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်လေယာဥ်က ဗုံးကြဲသဖြင့် အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်း သိရသည်။ 

ရေကြောင်းတိုက်ခိုက်မှုတွင်လည်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ငအုပ်နှင့် ဝမျှောင် ကျေးရွာတို့ကို စစ်ရေယာဥ်က လက်နက်ကြီးပစ်ခတ်သဖြင့် နှစ်ဦး သေဆုံး၊ ရှစ်ဦးဒဏ်ရာရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၄ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာကို စစ်ရေယာဥ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် အသက် ၈၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားသည်။

ကျောက်ကလေရွာအောက်ဘက်ရှိ ပင်လယ်ပြင်တွင် ရပ်တန့်ထားသည့် စစ်ရေယာဉ်က ယင်းနေ့ ညနေ ၅ နာရီခွဲခန့်တွင် ကျောက်ပြောက်ရွာကို လက်နက်ကြီး ငါးလုံး ဆက်တိုက်ပစ်ခတ်ခဲ့စဉ် ထိုသို့ ထိခိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

လက်နက်ကြီးထိထားသော ကျောက်ပြောက်ရွာမှ နေအိမ်။ (ဓာတ်ပုံ-One Nation News)

အာဏာသိမ်းစစ်တပ်သည် ယခုရက်များအတွင်း ရခိုင်ပြည်နယ်ကို တိုက်လေယာဥ် နှစ်စီးနှင့်အထက်၊ ကင်း ထောက်လေယာဥ်များကို တပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုပြုလုပ်လာသည်ဟု AA က ဖေ‌ဖော်ဝါရီ ၁၃ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။

“မိဘပြည်သူများအနေဖြင့် ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်၏ လေကြောင်း၊ ရေကြောင်းရန်များကို ပိုမို သတိရှိကြရန် ထပ်မံအသိပေးလိုက်ပါသည်”ဟု AA ကဆိုသည်။

ပြည်ထောင်စုနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ်အတွင်း  ခုနစ်ဦး သေဆုံးကာ ၁၆ ဦးဒဏ်ရာရရှိသွားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ဇန်နဝါရီလအတွင်း မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရသည့်နေ့တွင် ထိုဆေးရုံ၌ မွေးဖွားခဲ့သည့် သုံးလသားအရွယ် ကလေးငယ်နှင့် ၎င်း၏မိခင်ဖခင်လည်း သေဆုံးခဲ့ရသည်။ 

ထို့အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း ပြည်နယ်တောင်ပိုင်း သံတွဲမြို့ကို လေကြောင်းဖြင့်ဗုံးကြဲရာ အမျိုးသား နှစ်ဦး ဒဏ်ရာ ရသွားသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ မော်ကြီးရွာကို ဒရုန်းဖြင့် ဗုံးကြဲရာတွင် ဒေသခံတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

ရခိုင်ဒေသ၌ တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် အထိ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဒေသခံ ၁၁၅၂ ဦး သေဆုံး၊ ၂၁၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း  AA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ အမှတ် (၃၂) ရဲတပ်ရင်းအနီး၊ မင်းပြင်၊ သိုင်းချောင်းစသည့် နေရာများတွင်  AA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်။ အလားတူ စစ်တွေမြို့နယ်တွင်လည်း အပြန်အလှန်  လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ 

AA သည် သံတွဲ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး ၊ မြေပုံ၊ ပေါက်တော၊ မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွတိုကို့သိမ်းပိုက်ထားသည်။ထို့အပြင် ချင်းပြည်နယ် ပလက် ဝမြို့နယ်ကိုလည်းသိမ်းပိုက်ထားသည်။ ပြည်နယ်တစ်ခုလုံး သိမ်းမည်ဟု ကြွေးကြော်ထားသဖြင့် AA သိမ်းပိုက်ရန်ကျန်ရှိသောမြိုန့ယ်များမှာ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့ဖြစ်သည်။

Related Articles

Back to top button