အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

‘ဗိုလ်နဂါးတပ်ဘာဆက်ဖြစ်နေလဲ’ – ဖေဖော်ဝါရီ ၁၉ အခြေအနေ

ဗိုလ်နဂါးစစ်တပ်ထံ အညံ့ခံပြီးနောက် ဗိုလ်နဂါးတပ်၏ နိုင်ငံရေးမှူး၊ စစ်ရေးဒုတာဝန်ခံ နှင့် တပ်ဖွဲ့ဝင် ၁၅၀ ခန့်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ ဘက်ပြောင်းသွားသည်။

ဗိုလ်နဂါးတပ်ဟု လူသိများသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ၏ ဘဏ္ဍာရေးမှူးကိုဖြိုးနှင့် စစ်ရေးတာဝန်ခံကိုလတ်တို့ ပျောက်ဆုံးနေပြီး ၎င်းတို့၏ ခေါင်းဆောင် ဗိုလ်နဂါးနှင့်အတူ စစ်တပ်ဘက်သို့ ဘက်ပြောင်းသွားခြင်းဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။ 

NUG ဘက်ရောက်လာသူများသည် ဗိုလ်နဂါးတပ်၏  နိုင်ငံရေးမှူး၊ စစ်ရေးဒုတာဝန်ခံ နှင့် တပ်ဖွဲ့ဝင် ၁၅၀ ခန့်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ၎င်းတို့သည် NUG ထံ လက်နက်ချခြင်း(သို့မဟုတ်) ဖမ်းဆီးခံရခြင်းလား ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

စစ်တပ်ထုတ်ပြန်ချက်တွင် ဗိုလ်နဂါးနှင့် မိသားစုဝင်များ ပါဝင်သည်ဟု ဖော်ပြထားသော်လည်း ဘဏ္ဍာရေးမှူးနှင့် စစ်ကြောင်းမှူးတို့နှင်ပတ်သက်ပြီး တစ်စုံတစ်ရာထည့်သွင်းဖော်ပြထားခြင်းမရှိပေ။ တော်လှန်ရေး အင်အားစုများ ကမူ ၎င်းတို့နှစ်ဦးသည် ဗိုလ်နဂါးနှင့်အတူဘက်ပြောင်းသွားခြင်းဖြစ်နိုင် ကြောင်းယူဆထားသည်။

ဗိုလ်နဂါးနှင့် BNRA ခေါင်းဆောင်များ  စစ်တပ်ဘက်ပြောင်းသွားပြီးနောက် လွတ်မြောက်နေသူများကို ဆက်လက်ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံကသိရသည်။ 

“ မြေပြင်မှာတချို့ကိစ္စတွေက ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်။ တချို့တွေလည်းထွက်ပြေးလို့ လိုက်လံ ဖမ်းဆီးဖို့ကြိုးစားနေဆဲဖြစ်ပါတယ်”ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။ 

ပုလဲမြို့နယ်ရှိ ဗိုလ်နဂါး၏စခန်းများကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေတွင် ဗိုလ်နဂါးက စစ်တပ်ထံ ဘက်ပြောင်းသွားသည်။ 

ဗိုလ်နဂါးနှင့်အတူ မိသားစုဝင်များသည် လက်နက်မျိုးစုံ ခြောက်လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ယမန်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ဘက်ပြောင်းလာကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။  

 ဗိုလ်နဂါးနှင့်သူ၏တပ်ဖွဲ့ဝင်များ 

NUG ကဖမ်းဆီးရမိသူနှင့် NUG ထံ လက်နက်ချသူများတွင် ဗိုလ်နဂါးတပ်မှ နိုင်ငံရေးမှူးနှင့်  စစ်ရေးဒုတာဝန်ခံ တို့ပါဝင်ကြောင်း၊  ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် ဘဏ္ဍာရေးတာဝန်ခံ ကိုဖြိုးနှင့် စစ်ရေးတာဝန်ခံ ကိုလတ်တို့လည်း ဗိုလ်နဂါးနှင့်အတူ ပါဝင်သွားနိုင်ခြေရှိကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်ကပြောသည်။ 

“၁၅၀ ထဲမှာ ကျန်ခဲ့တာက ခေါင်းဆောင်ပိုင်းမှာ နိုင်ငံရေးမှူးတာဝန်ယူတဲ့သူရယ်၊ စစ်ရေးဒုတာဝန်ခံလား မသိဘူး။ အဲ့ဒီလူတွေကျန်ခဲ့တယ်။ အဓိကတော့ ဘဏ္ဍာရေးမှူးခေါ်တဲ့ ကိုဖြိုး၊ ဗိုလ်နဂါးရဲ့ နှမနဲ့ ယူထားတဲ့ ကိုဖြိုးပါသွားတဲ့ အနေအထားရှိတယ်။ စစ်ရေးတာဝန်ခံ ကိုလတ်လည်း‌ ဗိုလ်နဂါးနဲ့အတူ ပါသွားတဲ့အနေထားရှိတယ်လို့တော့ သုံးသပ်နေပါတယ်”ဟု ဦးဇော်ထက်ကပြောသည်။ 

ဗိုလ်နဂါးနှင့် တပ်ဖွဲ့ဝင်များအား  သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းကျင့်ရန် ကြံစည်မှု၊ PDF တပ်ဖွဲ့ဝင် နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်မှု၊ NUG ဂိတ်စခန်းကို စီးနင်းပြီးရိုက်နှက်ဖမ်းဆီးမှုစသည့် တိုင်တန်းချက် ခုနစ်ခုကို ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည်။ 

“ဒီကိစ္စတွေမှာပါဝင်ပတ်သက်ခဲ့တာမျိုးဆိုရင်တော့ ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲနဲ့ လာရောက်ပူးပေါင်းတဲ့သူတွေ၊ ခုခံမှုမရှိဘဲ အဖမ်းခံတဲ့သူတွေ ဒီလိုလူမျိုးတွေဆိုရင်တော့ သူတို့ သဘောထားဆန္ဒအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။ 

ဗိုလ်နဂါးအပါအဝင် ပြစ်မှုကျူးလွန်သူများနှင့် တိုင်ကြားခံထားရသူများနှင့်ပတ်သက်ပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခြင်းသာဖြစ်ပြီး အမှုကိစ္စတွင်မပါဝင်သည့် မိသားစုဝင် များနှင့်ဆွေမျိုးသားချင်းများအ‌ပေါ်  အန္တရာယ်မပြုကြောင်း ဦးနေဘုန်းလတ်ကဆိုသည်။ 

“ ဒီအမှုကိစ္စမှာမပါဝင်တဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ ဆိုတာကတော့ ဘာမှလုပ်စရာအကြောင်း မရှိဘူး။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ စစ်တပ်က နေရာဒေသမရွေးကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေတာရှိသလို စစ်ကြောင်းထိုးတာတွေလည်း ရှိလာနိုင်တဲ့အခြေအနေဖြစ်တယ်။ ဒီလိုကိစ္စမျိုးတွေရှိလာရင်တော့ ဒါတွေကနေ အပြည့်အဝ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ဖို့ဆိုတာသိပ်တော့ မလွယ်ကူတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ 

ဗိုလ်နဂါး၏တပ်ဖွဲ့ဝင်များ 

ပြစ်မှုကျူးလွန်ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များကို ၎င်းတို့စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖတွင်ပူးပေါင်းပါဝင်ပြီး ဆက်လက်ပါဝင် တိုက်ပွဲဝင်နိုင်ရန်စီစဉ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန က ယနေ့ထုတ်ပြန်သည်။ 

BNRA မှထုတ်ပေးထားသည့် လက်နက်များကိုင်ဆောင်ထားသည့် တပ်ဖွဲ့ဝင်များအနေဖြင့် မြို့နယ် သို့မဟုတ် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များထံ ချိတ်ဆက်အပ်နှံရန်နှင့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို ရောင်းချ၊ ပေါင်နှံ၊ ဖျက်ဆီးခြင်း၊ ဖျောက်ဖျက်ခြင်းတို့လုပ်ပါက ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ယင်းမာပင်ခရိုင် ပကဖ ကထုတ်ပြန်ထားသည်။

တော်လှန်ရေးကနဦးကာလတွင် ဗိုလ်နဂါးသည် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ကို ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ဟု တည်ထောင်ခဲ့ပြီး သီးခြားရပ်တည်ခဲ့သည်။ 

MRDA သည် ရှမ်းမြောက်ရှိ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်၏ တပ်မဟာ ၆၁၁ လက်အောက်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ ဗမာ ပြည်သူ့လွတ်မြောက်ရေး   တပ်တော် (BPLA)တို့နှင့် အတူပါဝင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် တိုက်ပွဲဝင်ခဲ့သည်။ 

၎င်းတို့၏ တပ်ရင်းလေးခုကို ယင်းမာပင်ခရိုင်ရင်းများအဖြစ် သတ်မှတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အသုံးစရိတ်နှင့်လက်နက်များထောက်ပံ့ခဲ့သည်။ သို့သော်လည်း NUG နှင့် ဗိုလ်နဂါးတို့ အငြင်းပွားမှုများ ရှိခဲ့ပြီးနောက် တပ်ရင်းလေးခုမှ ဗိုလ်နဂါးဦးဆောင်သည့် MRDA လက်အောက်မှ နုတ်ထွက်ပြီး NUG လက်အောက်တွင် ဆက်လက်ရပ်တည်ခဲ့သည်။ 

ထို့နောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် မြန်မာ့တော်ဝင်နဂါးတပ်တော် အပါအဝင် NUG လက်အောက်ခံ မဟုတ်သည့် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA ကို ဖွဲ့စည်းလိုက်သည်။ 

BNRA နှင့်မဟာမိတ်အဖွဲ့များ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ပုလဲမြို့သိမ်းတိုက်ပွဲအဖြစ် လေးရက်တာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ 

ထိုမြို့သိမ်းတိုက်ပွဲအပြီးတွင် ပုလဲနယ်တွင် BNRA စစ်ရေးလှုပ်ရှားမှုများငြိမ်သက်သွားသည်။ သို့သော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ငါးလကျော်ကြာမြင့်ခဲ့သည့် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် အင်အား ၆၀ နီးပါး ပါဝင်တိုက်ခိုက်ခဲ့ပြီး နှစ်ဦးကျဆုံးခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) မှသိရသည်။ 

“မြို့သိမ်းအပြီးအထိ အယောက် ၆၀ လောက်ပါပါတယ်။တစ်ခါတည်း အယောက် ၆၀ လုံးပါတာ မဟုတ်ဘဲ အစမှာ ၁၀ ဦးနဲ့ တပ်ချိန်းလိုက်၊ ပြန်လာတယ် အဲ့ဒီလိုမျိုးနဲ့ပါဝင်ပါတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်ကပြောသည်။ 

“သူ့အောက်မှာရှိတဲ့ရဲဘော်တော်တော်များများက  ဒီတော်လှန်ရေးဘက်မှာ တကယ်ကိုအသက်ပေးပြီးမှ ကိုယ်အင်္ဂါပေးဆပ်တာတွေအများကြီးရှိတယ်လေ။ ဒီလူတွေကတော်တော်လေးလည်း ရင်နာစရာ ကောင်းတယ်”ဟု ၎င်းကဆက်ပြောသည်။ 

စစ်ကိုင်းတိုင်းနှင့် ဆက်စပ်နေသည့် မကွေးတိုင်း၊ ယောဒေသတွင် ၎င်းတို့၏ မဟာမိတ်တပ်ဖွဲ့များနှင့် အတူ လှုပ်ရှားသည့် BNRA တပ်ဖွဲ့ဝင်အချို့ရှိကြောင်း ဒေသခံများထံမှသိရသည်။ 

ပုလဲနယ်တွင်အခြေစိုက်ပြီး သီးခြားရပ်တည်လှုပ်ရှားသည့် BNRA နှင့် NUG မကြာခဏပွတ်တိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုနှစ် ဇန်နဝါရီလဆန်းတွင် ဂိတ်စခန်းများအပြန်အလှန်စီးနင်းခဲ့ရာမှ နှစ်ဖက် ပွတ်တိုက်မှု အရှိန်မြင့်လာခဲ့သည်။ 

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ယင်းမာပင်ခရိုင် တပ်ရင်း ၄ မှ ကိုကတုံးကို BNRA တပ်ဖွဲ့ဝင်များကပစ် သတ်ခဲ့သည်။ ထိုဖြစ်စဉ်အပြီး ရက်ပိုင်းအတွင်းမှာပင် BNRA တပ်စခန်းများကို NUG လက်အောက်ခံ ခရိုင်တပ်ရင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဗိုလ်နဂါးသည် စစ်တပ်ထံ ဘက်ပြောင်းသွားခြင်းဖြစ်သည်။ 

စခန်းများတိုက်ခိုက်ခံရပြီးနောက် ဗိုလ်နဂါးသည် ၎င်း၏ ဇာတိရွာဖြစ်သည့် ကြောင်သန်းရွာ ဘုန်းကြီး ကျောင်းတွင် မိသားစုနှင့်အတူ သွားရောက်ခိုလှုံနေခဲ့သည်ဟု ပုလဲမြို့နယ် ပအဖ တာဝန်ခံ ဦးဇော်ထက် ကဆိုသည်။ ထို့နောက် ပုလဲမြို့မှထွက်လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းက မြို့အနောက်ဘက် သေတ္တရာရွာသို့ ရောက်ရှိလာပြီး ဗိုလ်နဂါးတို့ကို ခေါ်ထုတ်သွားကြောင်း ဦးဇော်ထက်က ဒေသခံများ ထံမှရရှိသည့်အချက်အလက်ကို ကိုးကားပြီးပြောသည်။  

“သူကပုန်းအောင်းရာ ကြောင်သန်းရွာက ထွက်လာတယ်။ သေတ္တရာနဲ့ ကြောင်သန်းရွာက နီးနီးလေး။ နီးနီးလေးဆိုတော့ သူကပုန်းတဲ့နေရာကထွက်လာပြီးတော့ စစ်ကြောင်းနဲ့ ပူးပေါင်းသွားတယ်။ အဲ့ဒီ စစ်ကြောင်းက သူနဲ့သူ့မိသားစုတွေကို ပုလဲမြို့ကိုခေါ်သွားတယ်။ နမခ ကနေ MI 17 နှစ်စီးနဲ့လာခေါ်သွားတယ်။ ပထမတစ်စီးပျံတက်တာကတော့ လူ သုံးယောက်ပဲပါသွားတယ်။ ဒုတိယအစီးမှာတော့ လူ ၂၀ ကျော်ပါသွားတယ်” ဟု ၎င်းကဆိုသည်။ 

လက်နက်ကိုင် တော်လှန်ရေးအစကတည်းက ပါဝင်ခဲ့ပြီး ပုလဲမြို့နယ်ဇာတိလည်းဖြစ်သည့် ဗိုလ်နဂါး ဘက်ပြောင်းပြီးနောက် လေကြောင်းအန္တရာယ်စိုးရိမ်ရကြောင်း တော်လှန်ရေး တပ်ဖွဲ့များက သတိပေးထားသည်။ 

“သူမရောက်ဖူးတဲ့နေရာမရှိဘူး။ ပုလဲနယ်သားလည်းဖြစ်တယ်။ တော်လှန်ရေးမှာအစကတည်းက လုပ်လာပြီးတော့မှ ဒီလိုမျိုးသစ္စာဖောက်သွားတာက တော်လှန်ရေး ရဲဘော်တွေရော၊ ပြည်သူလူထု အနေနဲ့ရောနားစွင့်ပြီးတော့ ကြက်အိပ်ကြက်နိုးနေရမယ့် အခြေအနေရှိတာပေါ့။ သတိကြီးကြီးထားရမယ့် အခြေအနေဖြစ်သွားတယ်”ဟု ပုလဲမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးကပြောသည်။

ဘက်ပြောင်းပြီးနောက် နာရီပိုင်းအတွင်းမှာပင် နမခမှတက်လာသည့် စက်တပ်လေထီးများက ပုလဲမြို့ အနီးဝန်းကျင်နှင့် ယင်းမာပင်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း ပုလဲမြို့နယ်တွင်ခြေကုပ်ယူထားသည့် စစ်တပ်သည် အင်အား ၂၀၀ ခန့်ဖြင့် မြကုန်းရွာမှတဆင့် မြို့အနောက်သို့ စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်း စစ်ရေးလှုပ်ရှားမှု အခြေအနေများကို ဖော်ပြနေသည့် ရင်းမြစ်ဌာနေ စာမျက်နှာကလည်း ထုတ်ပြန်ထားသည်။ 

Related Articles

Back to top button