အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမှုပိတ်လိုက်သဖြင့် ဖမ်းဆီးခံ STUM အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၉ ဦးပြန်လွတ်

စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားအဖွဲ့များအား တရားမဝင်ကြောင်းကြေညာရာတွင် ပါဝင်ခဲ့သော STUM အဖွဲ့ကို ထိုအချက်အပေါ်တွင် အခြေခံ၍ အထည်ချုပ်ကုမ္ပဏီတစ်ခုဖြစ်သော WANXINDA က အမှု ဖွင့်ခဲ့သည်။

အထည်ချုပ်ကုမ္ပဏီတစ်ခုက စွဲဆိုထားသောအမှုကို ပိတ်သိမ်းလိုက်၍ ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ဝင် ကိုးဦးသည် ယမန်နေ့(ဖေဖော်ဝါရီလ ၁၉ ရက်) တွင် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

အလုပ်သမားအခွင့်ရေးဆောင်ရွက်သည့် ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးအပါအဝင် အဖွဲ့ဝင် ၁၁ ဦးကို ပြီးခဲ့သည့် ၂၀၂၅ ဇူလိုင်တွင် စစ်ကော်မရှင်က နေအိမ်နှင့် ရုံးကိုဝင်ရောက်ဖမ်းဆီးကာ ရုံးပိုင်ပစ္စည်းများကိုသိမ်းယူခဲ့သည်။

ထို့နောက် အဖွဲ့ဝင် ၁၁ ဦးအနက် တစ်ဦးကို စစ်သားစုဆောင်းရေးထဲ ပို့ခဲ့ပြီး ကျန် ၁၀ ဦးကို ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံ၀န်အက်ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) ရန်ကုန်ရှိ မြို့နယ်တရားရုံး သုံးခုတွင် စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်ထွေအုပ်က သီးခြားစီတရားစွဲဆိုအမှုဖွင့်ခဲ့သည်။ 

ထို့အပြင် ရွှေပြည်မြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ WANXINDA ခရီးဆောင်ပစ္စည်းချုပ်လုပ်ရေးကုမ္ပဏီ မန်နေဂျာ ဦးသီဟနိုင်က ‌၎င်းတို့ ၁၀ ဦးကို ရွှေပြည်သာမြို့နယ်တရားရုံး၌ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ – ၄၀၊ ၄၁ ဖြင့်လည်း တရားစွဲဆိုခဲ့သည်။ 

သို့ရာတွင် ဒေါ်မျိုးမျိုးအေးကို အမှုရုပ်သိမ်း၍၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် ပြန်လွှတ်ပေးခဲ့ပြီး အခြားအဖွဲ့ဝင် ကိုးဦးကို ဆက်လက်တရားစွဲဆိုထားရာမှ ယမန်နေ့တွင် WANXINDA ကုမ္ပဏီက အမှုပိတ်လိုက်၍ တရားရုံးက လွှတ်မိန့်ပေးလိုက်ကြောင်း STUM အဖွဲ့ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးက Myanmar Now ကို ပြောသည်။ 

ခံဝန်နှင့် ခြေချုပ်ဥပဒေဖြင့် စွဲဆိုထားသော အမှုအားလုံးကို တရားရုံးအသီးသီးက ပြီးခဲ့သည့်နှစ်အတွင်း အပြီးပြတ်အမိန့်ချပြီးဖြစ်ရာ ယခုကုမ္ပဏီက စွဲဆိုထားသော အမှုအတွက် ဆက်လက်တရားရင်ဆိုင် ခဲ့ရခြင်းဖြစ်သည်။ 

“အခု ၄၀၊ ၄၁ ပုဒ်မ ကြတော့ ရွှေပြည်သာမှာပဲ ဖွင့်တာ။ တစ်စုတစ်စည်းတည်းက ရွှေပြည်သာတရားရုံးက လွှတ်ပေးလိုက်တာပေါ့။ တရားရုံးသုံးခုမှာ စွဲတဲ့ဟာက ပထမအမိန့်ချပြီးပြီ။ ၂၀၂၅ ကတည်းက ပြီးသွားပြီ။ ခြေချုပ်တွေလုပ်ထားတာပေါ့။ အဲ့ဒါတွေကို ရဲစခန်းတွေမှာ လိုက်ပြီးတော့ လက်မှတ်ထိုးတာတွေ၊ စကားပြောတာတို့ ပြောရဦးမယ်” ဟု ၎င်းက ဆိုသည်။

 ပြန်လည်လွတ်မြောက်လာသော STUM အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များ။ (ဓာတ်ပုံ- STUM)

ခံဝန်နှင့်ခြေချုပ်ဥပဒေအရ အမိန့်ချရာတွင် အဖွဲ့သားများကို နေထိုင်ရာမြို့နယ်မှ ခရီးသွားခွင့် ခြောက်လ၊ တစ်နှစ်နှင့် သုံးနှစ်အထိ ပိတ်ပင်လိုက်ပြီး တစ်လတစ်ကြိမ် ရဲစခန်းတွင် ခံဝန်လက်မှတ်ထိုးရမည်ဟု ၎င်းက ဆိုသည်။ 

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း STUM အဖွဲ့ကို တရားမဝင်အဖွဲ့ဟု ကြေညာထားချက်အပေါ်တွင် အခြေခံ၍ WANXINDA ကုမ္ပဏီက အမှုဖွင့်ခြင်းဖြစ်သည်။ မြို့နယ် ထွေအုပ်ကလည်း ၎င်းတို့သည် ရပ်ရွာထဲတွင် နေထိုင်ပါက လုပ်ငန်းရှင်၊ အလုပ်သမားများက ထိတ်လန့် ကြောက်ရွံ့ရသည်ဟူသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးတရားစွဲခြင်းဖြစ်သည်ဟု သိရသည်။ 

ထိုစဉ်က STUM အပါအဝင် အလုပ်သမားအဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းများအဖြစ် အာဏာသိမ်းစစ်တပ်က ကြေညာခဲ့ခြင်းဖြစ်သည်။

အထည်ချုပ်ကုမ္ပဏီ WANXINDA က မည်သည့်အကြောင်းဖြင့် အမှုပိတ်သည်ကို မသိရသလို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

အလုပ်ရှင်များက စာချုပ်ပါကတိကဝတ်များဖောက်ဖျက်ခြင်း၊ အလုပ်သမားသမဂ္ဂဖြိုခွဲခြင်းများနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာနထံ တရားစွဲခွင့်တင်လျှင် လျစ်လျူရှုထားပြီး အလုပ်ရှင်ဘက်က အလုပ်သမားအဖွဲ့ကို စွဲဆိုရာတွင် ချက်ချင်းခွင့်ပြုပေးခြင်းသည် မျှတမှုမရှိကြောင်း ဒေါ်မျိုးမျိုးအေးက ဝေဖန်သည်။ 

“ဒါက မမျှတဘူးလို့ ခံစားရတယ်။ ILO ကနေပြီး မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းဖွဲ့စည်းခွင့် မရှိပါဘူးလို့ ပြောနေတဲ့အချိန်မျိုးမှာ ကျွန်မတို့ရုံးကို အင်အားသုံးပြီးတော့ ဝင်ရောက်ဖမ်းဆီးတာ၊ ကျွန်မတို့ မျက်ကွယ်မှာ ပစ္စည်းတွေသိမ်းယူတာက တရားလက်လွတ်ပြုကျင့်တာဖြစ်တယ်” ဟု သူက ဆိုသည်။

ယခုလွတ်မြောက်လာသူ အဖွဲ့ဝင် ကိုးဦးသည် အင်စိန်ထောင်ထဲတွင် ခုနစ်လကြာထိန်းသိမ်းခံခဲ့ရသည်။ 

အဏာသိမ်းစစ်ကော်မရှင်လက်ထက်တွင်  အလုပ်သမားအဖွဲ့အစည်းများဖိနှိပ်ခံနေရပြီး အဓမ္မခိုင်းစေမှု၊ လုပ်အားခ ခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်များ ဆုံးရှုံးမှုရှိလာသလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဖွဲ့စည်း လှုပ်ရှားခွင့်မရှိကြောင်း အလုပ်သမားအခွင့်ရေးလှုပ်ရှားသူများက အစဉ်တစ်စိုက် ဝေဖန်ထောက်ပြခဲ့ကြ သည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)၏ အခြေခံပြဋ္ဌာန်းချက် ၁၀ ချက် အနက် လေးချက်ကို သဘောတူ လက်မှတ်ရေးထိုးထားပြီး ပြဋ္ဌာန်းချက် အမှတ် ၈၇ လွတ်လပ်စွာ အသင်း ဖွဲ့စည်းခွင့်၊ ပြဋ္ဌာန်းချက်အမှတ် ၂၉ အဓမ္မခိုင်းစေမှုပပျောက်ရေးတို့ကို ဆိုးရွားစွာချိုးဖောက်နေခြင်း ကြောင့် ဇွန်လ ၅ ရက်တွင် ILO က ၎င်းတို့၏ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၃၃ အရ   အရေးယူရန် ဆုံးဖြတ်ခဲ့သည်။ 

Related Articles

Back to top button