အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကျောင်းသား/သူများ စစ်သင်တန်းတက်ရန် ရှမ်းနီတပ် အဓမ္မဖိအားပေး

အင်းတော်ကြီးဒေသရှိ ရာနှင့်ချီသည့် အထက်တန်းကျောင်းသား၊ ကျောင်းသူများကို ရှမ်းနီတပ် (SNA) က ဖိအားပေးလက်မှတ်ထိုးစေပြီး စစ်သင်တန်းတက်ရန် စုဆောင်းနေသည်ဟု သိရသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို စစ်သင်တန်းတက်ရန် စစ်ကော်မရှင်နှင့် ပူးပေါင်းစစ်ရေးလှုပ်ရှားနေသည့် ရှမ်းနီအမျိုးသားများတပ်(SNA)က ဖိအားပေးစုဆောင်းနေသည်ဟု အင်းတော်ကြီးဒေသခံများက ပြောသည်။

လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် နမ့်မွန်မြို့တွင် စစ်သင်တန်းပေးရန်ရှိပြီး နမ့်မွန်မြို့ ရှမ်းနီဌာနေပြည်သူ့စစ် ခေါင်းဆောင်ကျော်အောင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအချို့က ဖိအားပေးနေသည်ဟု ဒေသခံများက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အင်းတော်ကြီးကန် တောင်ဘက်ခြမ်းရှိ နမ့်မွန်မြို့၊မိုင်းနောင်ရွာ၊ မမုန်ကိုင်ရွာ၊ လုံးတုံရွာ၊ လယ်ပုံလေးရွာနှင့် ရွှေလက်ပန်ရွာတို့မှ အထက်တန်းကျောင်းသား၊ ကျောင်းသူများကို စစ်သင်တန်းတက်ရန် လက်မှတ်ထိုးစေခဲ့သည်ဟု ဒေသခံ အမျိုးသားကပြောသည်။

“ကျောင်းတွေတိုင်းမှာ ဝင်ပြီးတော့မှ ၂၈ ရက်နေ့မှာ သူတို့စစ်သင်တန်းစရမယ်။ ကိုယ့်ထမင်းချိုင့်နဲ့ကိုယ် စစ်သင်တန်းတက်ရမယ်။ ရှမ်းနီအမျိုးသားတွေ ရှမ်းနီနယ်မြေ ကာကွယ်ရမယ်ဆိုပြီး လူမျိုးရေးသွေးဆောင်ပြီးတော့ ကလေးတွေကို မဖြစ်မနေ စစ်သင်တန်းတက်ရမယ်ဆိုပြီး ပြောတာ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

စစ်သင်တန်းတက်ရောက်မည်ဟု လက်မှတ်ထိုးထားရသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒေသပြင်ပသို့ ထွက်ခွင့်မပေးဟုလည်း သူက ဆိုသည်။

“(ဒေသ)အပြင်ထွက်ခွင့်မပေးဘူး၊ လမ်းတွေအားလုံးကို ပိတ်ပြီး ကန့်သတ်ပြီးမှ သူတို့ခွင့်ပြုချက်မရတဲ့သူဆိုရင် လုံးဝအပြင်ထွက်လို့မရတော့တဲ့ အနေအထားဖြစ်သွားပြီ” ဟု အဆိုပါ အမျိုးသားက ပြောသည်။

စစ်သင်တန်းသည် နှစ်ပတ်မှ တစ်လခန့်ကြာမည်ဖြစ်ပြီး ထိုအခြေခံစစ်သင်တန်းပြီးပါက ကိုယ့်အိမ်ကိုယ်ပြန်၍ ရပ်ရွာကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ယူရမည်ဖြစ်ပြီး ရှေ့တန်းထွက်ရန်မလိုဟု SNA က စည်းရုံးထားသည်။

စစ်သင်တန်းတက်ရမည့် ကျောင်းသား၊​ ကျောင်းသူပေါင်း ရာနှင့်ချီရှိနိုင်သည်ဟု ဒေသခံများက ခန့်မှန်းသော် လည်း သင်တန်းတက်ရမည့် အရေအတွက်အတိအကျကို Myanmar Now က သီးခြားအတည်မပြုနိုင်သေးပါ။

SNA နှင့် ရှမ်းနီပြည်သူ့စစ်များ သည် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ကာ အင်တော်ကြီးဒေသ လူငယ်များကို မိမိရပ်ရွာ ကာကွယ်ရေးအတွက်ဆိုကာ စစ်သင်တန်းပေးခဲ့ဖူးပြီး ထိုသင်တန်းသားများကို ရှေ့တန်းတိုက်ပွဲများသို့ ပို့ခဲ့သည့် သာဓက ရှိခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။

၂၀၂၅ ခုနှစ် နောက်ပိုင်းတွင်မူ အင်းတော်ကြီးဒေသခံ အမျိုးသား၊ အမျိုးသမီးမရွေးဘဲတစ်အိမ်တစ်ယောက် စစ်မှုထမ်းရန် အတင်းအကျပ် စုဆောင်းခဲ့သည်ဟု အင်းတော်ကြီးဒေသခံနောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။

“ယောက်ျားလေးမရှိတဲ့ အိမ်ဆိုရင်လည်း အမျိုးသမီးတွေပါ စစ်မှုထမ်းနေရတာ။ အဲဒီလိုကောင်းကောင်းခေါ်လို့ လာရင်လာ၊ မလာရင် သေနတ်တွေပစ်ဖောက်ပြီးတော့ အိမ်တံခါးတွေ ကန်ဖွင့်ပြီးတော့ ဆွဲခေါ်တဲ့ အဆင့်ဖြစ်နေတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်မှ ၁၉ ရက်နေ့အတွင်း အင်းတော်ကြီးဒေသခံ ၃၀ ကျော် စစ်သင်တန်းတက်ရန် စုဆောင်းခံထားရပြီး ထိုသူများကို နမ့်မွန်မြို့သို့ ပို့ဆောင်ထားသည်ဟုလည်း ဒေသခံများက ဆိုသည်။

စစ်သင်တန်းပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး SNA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးကြီး စိုင်းအောင်မိန်းနှင့် ဗိုလ်မှူးကြီးဆေစိုင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။

မိုးညှင်းမြို့၏ မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိပြီး ကျောက်စိမ်းမြို့တော် ဖားကန့်မြို့နှင့်ပါဆက်သွယ်နိုင်သည့် အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရန် စစ်တပ်၊ SNA ပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့က ကြိုးစားနေကြသည်။

အင်းတော်ကြီးဒေသရှိ မိုင်းနောင်ရွာနှင့် မမုန်ကိုင်ရွာများကို ယခင်က KIA ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်တို့၏ ထိုးစစ်ကြောင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၁၅ ရက်တွင် KIA တပ်များနောက်ဆုတ်ပေးခဲ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီလ လဆန်းတွင်မူ အင်းတော်ကြီးကန် အရှေ့ဘက်ခြမ်းရှိ ဟဲပါးရွာနှင့် တောင်ဘက်ခြမ်းရှိ လုံးတုံရွာများ အနီးရှိစစ်တပ်နှင့် SNA တပ်စခန်းများကို KIAနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စခန်းအချို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားသည်။

SNA သည် စစ်တပ်အာဏာမသိမ်းမီက စစ်တပ်၊ ကချင်လွတ်လပ်ရေးတပ်(KIA)တို့နှင့် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ပိုမိုနီးစပ်လာပြီး အချို့တိုက်ပွဲများတွင် စစ်တပ်နှင့် ပူးပေါင်းပြီး KIA နှင့် တော်လှန်ရေးတပ်များကို ပြန်လည် တိုက်ခိုက်ခဲ့သည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်သည့် ခန္ဓီး၊​ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ အင်းတော်ကြီးနှင့် ဖားကန့်ဆယ်ဇင်း ဒေသတို့တွင် SNA က စစ်တပ်နှင့်ပူးပေါင်းပြီး စစ်ဆင်ရေးများ ပြုလုပ်နေသည်။

စစ်ကော်မရှင်တပ်သည် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံအနှံ့ရှိ လူငယ်များကို စစ်သားသစ်စုဆောင်းနေသလို ဒေသအသီးသီးရှိ လက်နက်ကိုင်အဖွဲ့အစည်းများကလည်း ၎င်းတို့ထိန်းချုပ်ဒေသများတွင် တပ်သားသစ်များ စုဆောင်းနေကြသည်။

ဖားကန့်မြို့တွင်လည်း KIA ၏ တပ်သားသစ် စုဆောင်းမှုများရှိနေရာ ဒေသခံများက ဝေဖန်နေကြသည်။

ကချင်ပြည်နယ်တွင် အင်းတော်ကြီးဒေသအပြင် ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့ တို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးပိုမိုပြင်းထန်လာနိုင်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောဆိုထားသည်။

Related Articles

Back to top button