အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်ကြည်ပြာတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ကို NUG ပညာရေးဝန်ထမ်းများ ကန့်ကွက်

NUG ဝန်ကြီးချုပ်ရုံး၏ ဝန်ထမ်းများဖြစ်သော ဒေါ်ကြည်ပြာနှင့်ခင်ပွန်းကို အဂတိ၊ အလွဲသုံးစားမှုများ အပါအဝင် တိုင်ကြားထားချက်များအား ထိုရုံး၏အကြီးအကဲများက သုံးလကြာ စစ်ဆေးပြီး အပြစ်မရှိဟု အမှုမှ လွှတ်သဖြင့် ကန့်ကွက်မှုများ ပေါ်ပေါက်လာသည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ တရားစီရင်မှုအပေါ် လက်မခံကြောင်း ပြသသည့်အနေဖြင့် NUG အစိုးရယန္တရားဌာနအချို့က လုပ်ငန်းများရပ်ဆိုင်းကာ ဆန့်ကျင်ကန့်ကွက်ကြောင်း  ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ဦးဆောင်သော ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့သည် အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ ပုဂ္ဂလိက အကျိုးစီးပွားဆက်နွှယ်မှု၊ လူ့အခွင့်ရေးချိုးဖောက်မှုနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု စသည်တို့ဖြင့် အရေးယူပေးရန် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခံရသည်။

ယာယီသမ္မတ ဒူဝါလရှီလ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့ထံ လိပ်မူ၍ ဝန်ကြီးချုပ်ရုံးတွင် အလုပ်လုပ်ခဲ့ဖူးသူများနှင့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM ) တွင် ပါဝင်သော အရာရှိအချို့အပါအဝင်  ၁၂ ဦးက အထောက်အထားများနှင့်တကွ တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။ 

ထို့ကြောင့် ဒေါက်တာဇော်ဝေစိုး ဦးဆောင်သော အဖွဲ့ဝင် ငါးဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ယမန်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖွဲ့စည်း၍ တိုင်ကြားခံရသူများအား တာဝန်မှယာယီရပ်နားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ 

ထို့နောက် သုံးလအကြာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်  ဒေါ်ကြည်ပြာသည် အရေးယူလောက်သည့် ပြစ်မှုကျူးလွန်ထားခြင်းမရှိသလို ရာထူးမှ ထုတ်ပယ်နိုင်လောက်သည့်အချက်များအား မတွေ့ရသောကြောင့် အပြောအဆိုသာ ချိုသာစွာ ပြောရန် ပြင်းထန်စွာ သတိပေးလိုက်သည်ဟူသော မန်းဝင်းခိုင်သန်း လက်မှတ်ထိုးထားသော အကြောင်းကြား စာတစ်စောင်ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်  တိုင်ကြားသူများအား အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

ထိုစာအရ ဒေါ်ကြည်ပြာနှင့် ခင်ပွန်းသည်အပြစ်မရှိဘဲ ဒေါ်ကြည်ပြာအား ရာထူးတွင် ပြန်ခန့်ထားမည်ဟု နားလည်ရသည်။ 

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးက ၎င်းတို့၏ဝန်ထမ်းများဖြစ်သော အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းအပေါ် အပြစ်မရှိကြောင်းဆုံးဖြတ်ချက်သည်  တာဝန်ယူမှု၊ တာဝန်ခံမှုကင်းသည့်အပြင် ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ CDM များက ကန့်ကွက်ခဲ့ကြပြီး NUG ယန္တရားတွင် ပါဝင်သော ပညာရေးဝန်ထမ်းများက လုပ်ငန်းအချို့ကို ရပ်ဆိုင်းကြောင်း ယမန်နေ့ (ဖေဖော်ဝါရီလ ၁၉ ရက်နေ့) က ထုတ်ပြန်ခဲ့ကြသည်။

NUG ၏ ဖြေရှင်းချက်သည် တာဝန်ယူမှု၊ တာဝန်ခံမှုကင်းမဲ့သလို ယုတ္တိတန်မှုမရှိသဖြင့် စုံစမ်းစစ်ဆေးမှု ရလဒ်များကို ပွင့်လင်းမြင်သာစွာထုတ်ပြန်ရန် လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်း၊ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် (Tanintharyi CDM Solidarity Network) တို့နှင့် NUG ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ (Uni-Entrance-MoE) တို့က ကန့်ကွက်ခဲ့ကြခြင်းဖြစ်သည်။

နွေဦးဆရာအတတ်သင်ပညာတက္ကသိုလ် (Spring Normal University Myanmar-SNU ) ကလည်း ပွင့်လင်း မြင်သာမှုရှိစွာ ပြည်သူကို အသိပေးရန် တိုက်တွန်းထားပြီး ပညာရေးသင်ကြားမှုများကိုမူ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာသည်။ 

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့နှင့် တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက်တို့၏ ထုတ်ပြန်ချက်။ 

မတရားမှုရှိသဖြင့် တိုင်ကြားထားသည့် အမှုဖြစ်စဉ်အတွက် ကျေလည်မှုမရမချင်း တက္ကသိုလ်ဝင်ခွင့် (စတုတ္ထအကြိမ်)ခေါ်ဆိုခြင်း လုပ်ငန်းစဉ်များအားလုံးကို ရပ်ဆိုင်းကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့က ဆိုသည်။

“ (ဝန်ကြီးချုပ်ရုံး စစ်ဆေးချက်က) CDM အကုန်လုံးကို မထီမဲ့မြင်ပြုစော်ကားတယ်လို့ ခံစားရလို့ ဖြစ်ပါတယ်”ဟု တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

အမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်များ၊ သက်သေခံချက်များကို လူထုအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းထုတ်ပြန်ရေး၊ လိုအပ်လျှင် တရားသဖြင့် ပြန်စစ်ဆေးရေးအတွက် ထိုအဖွဲ့က တောင်းဆိုသည်။

လုပ်ငန်းရပ်ဆိုင်းခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် နစ်နာမှုဖြစ်မည်ကို သိရှိသော်လည်း မတရားမှုအား ဆန့်ကျင်နေသည့် CDM ဝန်ထမ်းရပ်ဝန်းဖြစ်သည့် ၎င်းတို့အခြေအနေနှင့် ရပ်တည်ချက်ကို နားလည်ပေးရန် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က မေတ္တာရပ်ခံသည်။ 

“CDM တွေက တရားမျှတမှုရဖို့ အရာအားလုံး စွန့်ခဲ့ကြတာ ဖြစ်ပါတယ်။ CDM မှ မဟုတ်ပါဘူး အဂတိတရား၊ မတရားမှုတွေ မည်သူ့အပေါ်ကိုမဆို လုပ်လာရင် တားဆီးတုံ့ပြန်ရမှာပါ။ CDM လုပ်ကြတာလည်း ဒီအတွက်ဖြစ်ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ 

တက္ကသိုလ်ဝင်ခွင့်ခေါ်ဆိုသည့် လုပ်ငန်းရပ်ဆိုင်းမှု ကြာမြင့်မည့်အချိန်သည် NUG ၏ အပေါ်မူတည်ကြောင်း ၎င်းက ဆက်ပြောသည်။ 

ထို့အတူ လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့အစည်းက ဒေါ်ကြည်ပြာအား တိုင်ကြားမှုအပေါ် ဖြေရှင်းချက်သည် CDM များအကြား မရှင်းလင်းမှု၊ စိတ်ဓာတ်ကျမှုများ ဖြစ်ပေါ်စေသဖြင့် စစ်ဆေးတွေ့ရှိ ချက်များကို တိုင်ကြားသူများထံ အမြန်ဆုံးပို့ပေးရေး၊ သတင်းစာရှင်းလင်းပွဲ သို့မဟုတ် လူထုသိရှိနိုင်စေရန် ပွင့်လင်းမြင်သာစွာထုတ်ပြန် အစီရင်ခံပေးရန် တောင်းဆိုသည်။ 

“တော်လှန်ရေး၏ပုံရိပ် NUG ၏ ဂုဏ်သိက္ခာ၊ ပြည်သူလူထုနှင့် CDM များ၏ ယုံကြည်မှုကို မျက်နှာမူ၍ ယခုဖြစ်စဉ်တွင် နစ်နာသူများအတွက် တရားမျှတမှုရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးရန် အလေးအနက်ထား တိုက်တွန်းတောင်းဆို လိုက်သည်”ဟု ၎င်းတို့၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ကျောက်တံတားအမတ် ဒေါ်ကြည်ပြာက မေးမြန်းနေစဉ်။ (ဓာတ်ပုံ – ရန်ကုန်တိုင်းလွှတ်တော်)

အလားတူ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက်ကလည်း  ဖြေရှင်းမှုပုံစံသည် ယုတ္တိမရှိကြောင်း၊ စစ်ဆေးတွေ့ရှိမှုရလဒ်များကို မထုတ်ပြန်ဘဲ အစိုးရတရပ်ဂုဏ်သိက္ခာနှင့်မညီ မလျော်မကန်ဆောင်ရွက်မှုကြောင့် စိတ်မကောင်းဖြစ်ရသည်ဟု ဝေဖန်ထားသည်။ 

NUG ၏ ဖြေရှင်းမှုသည် တိုင်ကြားမှုအကြောင်းအရာများကို ထင်ဟပ်ခြင်းမရှိသည့်အပြင် အပေါ်ယံဆန်သည်ဟု တိုင်ကြားသူများက ဆိုကြသည်။

ထိုဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိသော်လည်း အမှုနှင့်ပတ်သက်၍ ဆက်လက်အယူခံဝင်သွားမည် မဟုတ်ဘဲ ဖြစ်စဉ်နှင့်ပတ်သက်၍ လူထုထံ “ ကြည်ပြာ၏ အဂတိလိုက်စားမှုအား ဖော်ထုတ်သူများ” Facebook Page မှနေ၍ အသေးစိတ်တင်ပြသွားမည်ဟု တိုင်ကြားသူများအနက်ပါဝင်သူတစ်ဦး က ဆိုသည်။ 

“တိုင်ကြားမှုအကြောင်းအရာတွေကို တစ်ခုချင်းစီကို ရှင်းမှုလည်း မရှိဘူး။ ယေဘူယျဆန်ဆန်ပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းအရာကဲ့သို့ပဲ ချုံ့လိုက်တာ။ အကြောင်းအရာဖြစ်စဉ်ကို အများကြီး နှိမ့်ချ လိုက်တယ်။​ တကယ်တမ်းက အာဏာရှင်စရိုက်တွေအများကြီးကျင့်သုံးနေတာ၊ အဂတိလိုက်စားနေတာ၊ အာဏာအလွဲသုံးစားလုပ်နေတာ၊ ရုံးမှာ လိင်ပိုင်းဆိုင်ရာထိပါး နှောင့်ယှက်တာတွေကို ဘာမှမဖော်ပြဘဲနဲ့ စကားကြမ်းလို့ပါဆိုတာက ရုပ်ပေါက်လွန်းတယ်” ၎င်းက ပြောသည်။

“ပြီးသွားရင် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို   လုံးဝဖျောက်ပစ်လိုက်တာ။ အဲဒါကျတော့ NUG က တာဝန်မဲ့လွန်သလိုဖြစ်တာပေါ့” ဟု ထိုအမျိုးသားက ဆိုသည်။ 

တိုင်ကြားသူ တစ်ဦးချင်းစီအား အဆိုပါအမှုနှင့်ပတ်သက်၍ အနည်းဆုံး တစ်နာရီခွဲမှ  နှစ်နာရီခန့်အကြာ တစ်ကြိမ်သာ  စုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးမှုသာ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

အဆိုပါအခြေအနေနှင့်ပတ်သက်၍ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သီးခြား မှတ်ချက်မပေးလိုကြောင်း ယမန်နေ့ နေ့လယ်က Myanmar Now ၏ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားသည်။

“အဲဒီ့ကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားသူတွေ တင်ထားတဲ့ စာကလွဲလို့ ကျွန်တော့အနေနဲ့ ဘာမှ ထပ်ပြောစရာ မရှိသေးပါဘူးဗျ”ဟု ဦးနေဘုန်းလတ်က ပြောသည်။

NUG အစိုးရယန္တရား ပညာရေးဝန်ထမ်းများအပြင် တော်လှန်ရေးထောက်ပို့ ချန်နယ်တစ်ခုဖြစ်သော ဒို့ခေတ် (Doh Khit) ကလည်း ဒေါ်ကြည်ပြာအမှုတွင် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်အပေါ် လက်ခံ ယုံကြည်နိုင်ခြင်းမရှိသောကြောင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန တပ်ရင်းတပ်ဖွဲ့များထံ ငွေကြေး ထောက်ပံ့မှုများ ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

ဒေါ်ကြည်ပြာသည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြုကာ ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သူဖြစ်သည်။ 

NUG ဝန်ကြီးချုပ်ရုံးမှ ပေးပို့လာသော အကြောင်းပြန်ကြားစာ။

Related Articles

Back to top button