အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မဘသ ဒါယကာကြီး ဦးစိုးထွန်းရှိန်ကို ငွေကြေးခဝါချမှုဖြင့် စစ်တပ်က ထောင် ၅ နှစ်ထပ်ချ

NLD အစိုးရလက်ထက် တရားစွဲခံရပြီး ထောင်ကျနေသော ဦးစိုးထွန်းရှိန်ကို စစ်တပ်တရားရုံးကလည်း ထောင် ငါးနှစ် ထပ်ချလိုက်သည်။

စစ်တပ်မောင်ပိုင်စီးလိုက်သည့် မိုးထိမိုးမိရွှေတွင်းကြီးပြန်လည်တူးဖော်ခွင့်ရရန်နှင့် ရမည်းသင်းထောင်တွင် အကျဉ်းကျခံနေရာမှ လွှတ်ပေးရန် အသနားခံစာတင်ထားသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသူဌေး ဦးစိုးထွန်းရှိန်ကို စစ်ကော်မရှင်၏ နေပြည်တော်တရားရုံးတစ်ခုက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်တွင် ငွေကြေးခဝါချမှုဖြင့် ထောင် ငါးနှစ် ထပ်ချလိုက်ကြောင်း စုံစမ်းသိရှိရသည်။

မဘသဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် “အမျိုးသားရေး” လှုပ်ရှားမှုများ၏ ဒါယကာကြီး ဦးစိုးထွန်းရှိန်ကို မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပါ ပုဒ်မ (အပက) ၃ ဖြင့်  ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ထောင် ၁၀ နှစ် ချမှတ်ထားသည်။

စစ်တပ်က အာဏာမသိမ်းမီ ၂၀၁၈ ခုနှစ်တွင် ဦးစိုးထွန်းရှိန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရက နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိသာတစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိမှုဖြင့် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) ၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှု (အပက) ၃ တို့ဖြင့် သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ်ကာ ဖမ်းဆီးတရားစွဲခဲ့ခြင်းဖြစ်သည်။

မူလက တရားမမှုတစ်မှုပါဝင်သည်ဟု ကနဦးသတင်းများတွင် ဖော်ပြခဲ့ကြသော်လည်း နောက်ပိုင်းတွင် နှစ်မှုဖြင့်သာ တရားစွဲထားခြင်းဖြစ်ကြောင်း တွေ့ရသည်။ 

၂၀၂၂ ခုနှစ် မေလတွင် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) (၁) ဖြင့် ဦးစိုးထွန်းရှိန်အား တရားစွဲဆိုထားမှုကို စစ်တပ်က ရုပ်သိမ်းပေးထားသည်။  ရုပ်သိမ်းပေးလိုက်သော ထိုပုဒ်မသည် ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက အမြင့်ဆုံး ထောင် ၁၀ နှစ် အထိ ချနိုင်သလို ဒဏ်ငွေပူးတွဲချနိုင်သည်။ 

သို့ရာတွင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ (အပက) ၃ ဖြင့် ဦးစိုးထွန်းရှိန်ကို ထောင်ဒဏ် ချမှတ်ခဲ့ရာ ထိုအမှုဖြင့်တရားစွဲရာတွင် ရွေ ၂၃ ပိဿာကို အစိုးရထံ ပေးသွင်းခြင်းမရှိသည့် အချက်တစ်ချက် ပေါ်မူတည်၍ ပြီးခဲ့သည့်နှစ်တွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ကာ ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ပုဒ်မ (အပက) ၃ နဲ့စွဲထားတဲ့ ရွှေ ၂၃ ပိဿာကို အစိုးရကို မသွင်းဘဲ ဘယ်မှာသွင်းလိုက်သလဲဆိုတဲ့ ဟာပေါ် အခြေခံပြီးတော့စွဲတာ။ ပထမက ခြောက်လပဲ ချတာ။ အယူခံထပ်တက်တော့ ငါးနှစ် ဖြစ်သွားတယ်။ အဲ့ဒါ နေပြည်တော်က အဆောက်အအုံတစ်ခုပါသိမ်းသွားတယ်။ ပထမက ခြောက်လနဲ့ အဆောက်အအုံကို မသိမ်းဘူး။ အခုကြတော့ ငါးနှစ်နဲ့ ပစ္စည်းပါအသိမ်းခံလိုက်ရတယ်။ မလျော့ဘဲနဲ့ တိုးသွားတာပေါ့” ဟု ၎င်းက ပြောသည်။ 

ထိုအမှုအတွက် ထပ်ဆင့်အယူခံဆက်တက်မည်ဖြစ်ပြီး ရမည်းသင်းထောင်၌ ဦးစိုးထွန်းရှိန်ကို ထောင်ဝင်စာ ပုံမှန်တွေ့ခွင့်ရကြောင်းလည်း ၎င်းက ဆိုသည်။ 

ငွေကြေးခဝါချမှုပုဒ်မဖြင့် တရားစွဲဆိုထောင်ချမှုအခြေအနေ အသေးစိတ်သိရှိနိုင်ရန် ဦးစိုးထွန်းရှိန်၏ ရှေ့နေအဖွဲ့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းရှိ ဧကခြောက်ထောင်ကျော် ကျယ်ဝန်းသည့် မိုးထိမိုးမိ ရွှေလုပ်ကွက်ကို ၂၀၁၁ ခုနှစ်တွင် ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC)  မောင်ပိုင်စီးထားသည်။

အကျိုးတူရွှေတူးရန် ညှိနှိုင်းထားခဲ့သော်လည်း MEC က အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီနှင့် တိုင်ပင်ခြင်းမရှိဘဲ အခြားရွှေတူးလိုသူများအား လုပ်ပိုင်ခွင့်ပေးနေခြင်းကို စိစစ်ပေးရန် ဦးစိုးထွန်းရှိန်က အာဏာသိမ်းခေါင်းဆောင်ထံ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအတွင်း စာပို့တောင်းဆိုခဲ့သည်။

မိုးထိမိုးမိရွှေလုပ်ကွက်အတွင်းရှိ နာမည်ကြီးရွှေလုပ်ကွက်များကို ပြန်လည်လုပ်ကိုင်ခွင့်ရရန် တောင်းဆို ထားသော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာမရှိသေးကြောင်း အထက်ပါ ထိုကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အမျိုးသားက ဆိုသည်။ 

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို မိုးထိမိုးမိတွင် ရွှေတူးခွင့်ပြန်ပေးပါက MEC အတွက် လစဉ် ရွှေ ခုနစ် ပိဿာ၊ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းအတွက် လစဉ် ရွှေ ၁၀ ကီလိုဂရမ်(ခြောက်ပိဿာကျော်) နှင့် သတ္တုခွန်အဖြစ် လစဉ် ရွှေ ငါးကီလိုဂရမ် (သုံးပိဿာကျော်) ပေးနိုင်မည်ဟုလည်း ရွှေကြွေးကျန်ကိစ္စဖြင့် ဖမ်းဆီးထောင်ချခံထားရသူ ဦးစိုးထွန်းရှိန်က ကမ်းလှမ်းထားသည်။

သမ္မတဦးသိန်းစိန်လက်ထက်တွင် ဦးစိုးထွန်းရှိန်ပိုင်ကုမ္ပဏီသည် မိုးထိမိုးမိဒေသ၌ ရွှေတူးဖော်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၃၆ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရခဲ့သော်လည်း ၂၀၁၇ ခုနှစ် အရောက် လုပ်ငန်းသဘောတူညီချက် မလိုက်နာမှုဖြင့် ထုတ်လုပ်ခွင့် ရပ်ဆိုင်းခံရသည်။

ထို့နောက် နိုင်ငံ့ဘဏ္ဍာသို့ ရွှေပိဿာ တစ်ထောင်ကျော် ပေးသွင်းရန် ကျန်ရှိမှု၊ ရွှေထုတ်လုပ်မှု ရပ်ဆိုင်းထားရန် ညွှန်ကြားချက်ကို မလိုက်နာမှုတို့ဖြင့် တရားစွဲခံခဲ့ရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် ဦးစိုးထွန်းရှိန်ကို ထိုင်းနှင့်မြန်မာ ရဲတပ်ဖွဲ့များက ပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်သည် NLD အစိုးရလက်ထက်တွင် ရွှေသွင်းရန် ပျက်ကွက်ခဲ့ သော်လည်း စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် ဦးသိန်းစိန်လက်ထက် လူမျိုးရေးနှင့် ဘာသာရေးအစွန်းရောက် အဖွဲ့ မဘသကို ထောက်ပံ့လှူဒါန်းခဲ့သူဖြစ်သည်။

Related Articles

Back to top button