အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NUG ထိန်းချုပ်ထားသည့် တကောင်းမြို့ကို စစ်တပ် အပြင်းအထန်ထိုးစစ်ဆင်နေ

တကောင်းမြို့သည် မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇ မိုင် ကွာဝေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံတပ်များက ၂၀၂၄ ခုနှစ်အတွင်း ထိုးစစ်ဆင်သိမ်းပိုက်ထားခြင်းဖြစ်သည်။

မန္တလေးတိုင်းအတွင်း ပြန်လည်သိမ်းပိုက်ရန် ကျန်ရှိနေသည့် တစ်ခုတည်းသောမြို့ဖြစ်သော တကောင်းမြို့ကို စစ်တပ်ကအင်အားသုံး ထိုးစစ်ဆင်နေရာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး သပိတ်ကျင်း-တကောင်းအကြားမှ ရွာလေးရွာကို စီးနင်းသိမ်းပိုက်လိုက်ကာ မြို့နှင့်တဖြည်းဖြည်းနီးကပ်လာသည်ဟုသိရှိရသည်။

မန္တလေးမြို့၏မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းစသည့် စစ်ရှုံးနယ်မြေများကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ပြန်လည်ရယူသိမ်းပိုက်နိုင်ခဲ့သည့် စစ်ကော်မရှင်သည် ယခုလအတွင်း မြောက်ဘက်တကောင်းမြို့ကိုပါ ဆက်လက်ထိုးစစ်ဆင်လာရာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ယခုလ (ဖေဖော်ဝါရီလ ၆ ရက်)တွင် တကောင်းမြို့၏တောင်ဘက် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာအနီးရှိ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက၁၃) ဘက်မှ စတင်၍ အင်အားအလုံးအရင်းဖြင့် တကောင်းမြို့ဘက်သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး နှစ်ပတ်ကျော်အကြာတွင် စစ်ကော်မရှင်တပ်က ရွာလေးရွာကို သိမ်းပိုက်နိုင်ကာ ဆက်လက်ထိုးစစ်ဆင်နေသည်။

ဧရာဝတီမြစ်၏အရှေ့ဘက်ကမ်း၊ မန္တလေး- ဗန်းမော်ကားလမ်းမပေါ်တွင်ရှိသည့် လမ်းပန်းဆက်သွယ်ရေးတွင် သာမက စစ်ရေးအရပါအချက်အချာကျသည့် ရှားတောရွာကို ဖေဖော်ဝါရီလ ၁၄ ရက်၊ ထို့နောက် ရက်အနည်းငယ်အကြာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရွှေကျွန်းပင်ရွာနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပေါက်တပင်ကျေးရွာ၊ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် သီးကုန်းရွာတို့ကို သိမ်းပိုက်ပြီး မြို့နှင့်မိုင်၂၀အကွာတွင် တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟု ထိုဒေသစစ်ရေးရင်းမြစ်ထံကသိရှိရသည်။

စစ်တပ်သည်နည်းပညာမြင့်ဒရုန်းများကို အသုံးပြုပြီး မြေပြင်စစ်ကြောင်းဖြင့်ပါ ထိုးစစ်ဆင်နေ၍ ကာကွယ်ရေးအဖွဲ့များ အသည်းအသန်ကာကွယ်နေကြရသည်ဟု ၎င်းကပြောသည်။

“သူတို့ဘက်က တစ်ရွာပြီးတစ်ရွာတော့ အသည်းအသန်တိုက်နေကြတယ်။နည်းပညာမြင့် ဒရုန်းတွေကို အဓိကသုံးတာပေါ့နော် ။ဒီဘက်ကလည်းကာကွယ်နေကြပါတယ်။ အခြေအနေကပြောလို့မရသေးဘူး”ဟု သပိတ်ကျင်းမြို့နယ်မှ စစ်ရေးရင်းမြစ်က Myanmar Now ကိုပြောသည်။

စစ်တပ်ကသိမ်းပိုက်လိုက်သည့်အဆိုပါရွာလေးရွာသည် သပိတ်ကျင်းမြို့နယ်၏မြောက်ဘက်၊                           တကောင်းမြို့၏ တောင်ဘက်တွင်တည်ရှိပြီး ဧရာဝတီမြစ်ကမ်းအနီးကျေးရွာများဖြစ်သည်။                              မန္တလေး- ဗန်းမော်ကားလမ်းမကြီးပေါ်တွင်တည်ရှိပြီး ကုန်စည်စီးဆင်းမှု အဓိကကျသော ကျေးရွာများလည်းဖြစ်သည်။

စစ်တပ်က တကောင်းမြို့ကို ဦးတည်စစ်ကြောင်းထိုးရာတွင် အဓိကဖြတ်သန်းရသည့်လမ်းကြောင်းပေါ်တွင် တည်ရှိပြီး စစ်ရေးအရအချက်အချာကျသည်ဟု သိရှိရသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရှားတောရွာသည် အိမ်ခြေ ၅၀၀ နီးပါးရှိပြီး လူဦးရေ ၁၅၀၀ ကျော် နေထိုင်ကြပြီး ပေါက်တပင်ရွာ၊ရွှေကျွန်းပင်နှင့် သီးကုန်းရွာတို့သည်လည်း အိမ်ခြေ ၃၀၀ ဝန်းကျင်စီတည်ရှိ၍ လူဦးရေ၈၀၀ ဝန်းကျင်စီ နေထိုင်ကြသည်ဟုသိရသည်။

လယ်ယာစိုက်ပျိုးရေးနှင့်ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတို့ကို အဓိကလုပ်ကိုင်ကြပြီး လက်ရှိတွင်မူ ဒေသတွင်းစစ်ရေးအခြေအနေများကြောင့် ဒေသခံအများစုသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေ ကြရသည်ဟုသိရသည်။

စစ်ကော်မရှင်သည် တကောင်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် တောင်ဘက် စဉ့်ကူးမြို့တွင်လည်း အင်အားဖြည့်တင်းနေပြီး၊ သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာတွင်လည်း ပျူတပ်ဖွဲ့များအား သင်တန်းပေး အင်အားစုဖွဲ့နေကြရာ အင်အားထောင်ဂဏန်းအထိရှိသည်ဟု မန္တလေးအခြေစိုက်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်  Myanmar Now ကို ပြောထားသည်။ 

တကောင်းမြို့အား NUGလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မန္တလေးခရိုင် တပ်ရင်းတပ်ဖွဲ့များ၊ ကျောက်ဆည်ခရိုင်(PDF)တပ်ရင်းများ ၊နယ်မြေခံပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များအပါအဝင် အဖွဲ့ပေါင်းများစွာက ခုခံတိုက်ခိုက်နေကြသည်ဟု သိရသည်။

“တကောင်းမှာတော့ လက်ရှိအနေအထားက ကိုယ့်ဘက်ကထိုင်ထားတာတွေ အများကြီးရှိတယ်။ တကောင်းကတော့ မပါတော့ မပါနိုင်ဘူး။ အပါလည်းမခံနိုင်ဘူး”ဟု မြေပြင်စစ်ရေးရင်းမြစ်တစ်ဦးက ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် Myanmar Now ကို ပြောထားသည်။

စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်စာမျက်နှာများတွင်မူ တကောင်းမြို့စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မကြာမီမတ်လအတွင်း မြို့သိမ်းကာ အလံစိုက်ထူမည်ဖြစ်ကြောင်းဖော်ပြနေကြပြီး၊ ယနေ့တွင်လည်း သပိတ်ကျင်းမြို့နယ်နှင့် တကောင်းမြို့ကြားရှိ တော်လှန်ရေးအဖွဲ့အထိုင်စခန်းတစ်ခုဖြစ်သည့် သီးကုန်းရွာကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ဓာတ်ပုံများနှင့်တကွဖော်ပြနေကြသည်။

တကောင်းမြို့သည် မန္တလေးတိုင်း၊သပိတ်ကျင်းခရိုင်၊သပိတ်ကျင်းမြို့နယ်တွင် ပါဝင်သည့်မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် ၁၂၇မိုင် ကွာဝေးပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များက ၂၀၂၄ ခုနှစ်အတွင်း ထိုးစစ်ဆင်သိမ်းပိုက်ထားခြင်းဖြစ်သည်။

ဧရာဝတီမြစ်၏အရှေ့ဘက် မြစ်ကမ်းနဖူးတွင်ရှိသော တကောင်းမြို့သည် စိုက်ပျိုးရေး ၊မွေးမြူရေးဖြင့် အသက်မွေးကြသောမြို့ဖြစ်ပြီး ရှေးခေတ် မြို့ရိုးဟောင်းများ၊စေတီဟောင်းများနှင့်ရှေးဟောင်းသမိုင်းများကြောင့် ထင်ရှားသည့်မြို့ဖြစ်သည်။ အဆိုပါတကောင်းနှင့်မလှမ်းမကမ်း ထီးချိုင့်မြို့နယ်အတွင်းတွင် NUG က လက်ရှိအချိန်ထိ သိမ်းပိုက်ထားသည့် တကောင်းနီကယ်သတ္တုတွင်းလည်း တည်ရှိသည်။

Related Articles

Back to top button