စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီအမျိုးသားများတပ် (SNA)သည် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ကျေးရွာများအားလုံးထံမှ ဆန်နှင့်ဆက်ကြေး တောင်းခံနေကြောင်း ဒေသခံများက ပြောသည်။
လယ်သမားတစ်ဦးကို ဆန်တစ်ခွဲ(ရှစ်ပြည်) သို့မဟုတ် ငွေကြေး ပြေလည်မှုအပေါ်မူတည်၍ တစ်အိမ်ထောင်လျှင် ငွေကျပ်၁၀,၀၀၀ မှ ၂၀,၀၀၀ နှုန်း ကောက်ခံနေသည်ဟု ဒေသခံတို့က ဆိုသည်။
“ကျေးရွာတိုင်းမှာ လိုက်ပြီးတော့မှ သူတို့ SNA တပ်မတော်ကို ထောက်ပံ့ကြေးပေးရမယ်ဆိုတဲ့ အကြောင်းတွေ ပြောနေတယ်။ တချို့လုပ်ငန်းရှင်တွေဆိုရင် ၅၀၀၀၀ လောက်ကောက်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မိုးကောင်းမြို့ တောင်ဘက် ၁၄ မိုင်အကွာရှိ ကညင်မြိုင်ကျေးရွာတွင် အခြေစိုက်သည့် SNA တပ်မဟာ(၅၆၅)မှ ဦးဆောင်၍ မိုးကောင်းမြို့နယ်အတွင်းရှိ ကျေးရွာများအားလုံး ရိက္ခာထောက်ပံ့ရန်
သတိပေးထားသည်ဟုလည်း နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၄ ရက်က မိုးကောင်းမြို့ တောင်ဘက် ၂၇ မိုင်ခန့်အကွာရှိ ကုန်းတန်းကြီးရွာသို့ SNAတပ်မဟာ(၅၆၅)မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်များရောက်လာပြီး ရွာအုပ်ချုပ်ရေးမှူး ဦးဖိုးကွန်မှ တဆင့် တစ်အိမ်လျှင်တစ်ယောက်နှုန်း မတက်မနေရ အစည်းအဝေးခေါ်ယူကာ ရိက္ခာပေးရန် ပြောဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့သည်ဟုလည်း ကုန်းတန်းကြီးရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုအစည်းအဝေးတွင် ရွာခံများက စပါးအထွက်နည်းနေသည့်အတွက် လျှော့ပေါ့ပေးရန်နှင့် စပါးအစား ငွေကြေးဖြင့် ကောက်ခံပေးရန် တောင်းဆိုခဲ့သည်ဟုလည်း သိရသည်။
“မပေးနိုင်တဲ့သူလည်း ပေးပေါ့၊ ကျွန်မတို့က သာမန်ပြည်သူလူထု၊ သူတို့က လက်နက်တွေနဲ့ လာတယ်ဆိုတော့ ကြောက်ရတာပေါ့။ အခုကလည်း ရွာမှာက ရွှေတွင်းသွား၊ တောသွား၊ ဘာသွားကအစ လမ်းပေါ်မှာမြင်တဲ့သူ အကုန်ခေါ်ဆွဲနေတာကို၊ သူတို့ကိုက စေ့စေ့တောင်မကြည့်ရဲတော့ ပေးရတာပေါ့” ဟု ဆက်ကြေးပေးခဲ့ရသည့် ကုန်းတန်းကြီးရွာခံ အမျိုးသမီးက ပြောသည်
အချို့ရွာများတွင်မူ ငွေကြေးအစား စပါးနှင့် ပေးဆောင်နေကြရသည်ဟု သိရပြီး ဧကအလိုက် တစ်ဧကလျှင် ဆန် ရှစ်ပြည်နှုန်းပေးရသည်ဟုလည်း သိရသည်။
သာမန်ဒေသခံများအပြင် မိုးကောင်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များ တစ်နိုင်တစ်ပိုင် ရွှေတူးသည့် လုပ်ငန်းများထံမှလည်း ဆက်ကြေးကောက်ခံနေပြီး ရွှေတူးသည့် တစ်နိုင်တစ်ပိုင် လုပ်ငန်းအသေးစားတစ်ခုလျှင် တစ်လလျှင် ငွေကျပ် ငါးသိန်းနှင့် ရွှေ နှစ်ရွေးပေးရသည်ဟုလည်း ဒေသခံများက ဆိုသည်။
SNA သည် ဒေသခံများကို ဖမ်းဆီးပြီး ငွေကြေးဖြင့် ပြန်ရွေးခိုင်ခြင်း၊ ခရီးသွားကားများထံမှ ငွေကြေးကောက်ခံခြင်းတို့လည်း လုပ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မိုးကောင်းမြို့နယ်အတွင်း ရွှေကျင်နေသည့် ဒေသခံအမျိုးသား၊ အမျိုးသမီး အယောက် ၃၀ ခန့်ကို SNA က ဖမ်းဆီးသွားပြီး ငွေကြေးဖြင့်ပြန် ရွေးခိုင်းခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။
“တောထဲကချောင်းနားမှာ နေကြတဲ့သူတွေ ၃၀ ကျော်ကို ခေါ်သွားတယ်။ ပြန်ရွေးလို့ရတဲ့သူလည်း ရတယ်။ မရတဲ့သူလည်း မရဘူး။ ဟင်းချက်တဲ့စားဖိုမက အစ ခေါ်သွားတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။
မိုးကောင်းမြို့နယ်တစ်ခုလုံးတွင် ကျေးရွာအုပ်စုပေါင်း ၄၁ ခုရှိပြီး ရွှေဘို- မြစ်ကြီးနားလမ်းပေါ်တွင်ရှိသည့် အဆိုပါ ကျေးရွာများအားလုံး SNA ကို ရိက္ခာပေးနေရသည်ဟု ဒေသခံများက ပြောသည်။
SNA သည် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းပြီး စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ဗန်းမောက်၊ ဝန်းသို၊ အင်းတော်နှင့် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီးနှင့် ဖားကန့်ဆယ်ဇင်းဒေသတို့တွင် SNA က စစ်တပ်နှင့် ပူးပေါင်းကာ စစ်ဆင်ရေးများ ပြုလုပ်နေသည်။
မိုးကောင်းဒေသခံများထံမှ ရိက္ခာ အတင်းအကျပ်ကောက်ခံနေသည့် ကိစ္စနှင့် ပတ်သက်ပြီး SNAအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူများဖြစ်သည့် ဗိုလ်မှူးကြီးစိုင်းအောင်မိန်းနှင့် ဗိုလ်မှူးကြီး ဆေစိုင်းထွန်းတို့ကို ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။
မိုးကောင်းမြို့နယ်သည် SNA တပ်များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သလို ကညင်မြိုင်ရှိတပ်မဟာ(၅၆၅)အပြင် နန်းခွင်ရွာ ငါးမိုင်ရွာ စသည့်ကျေးရွာအချို့တွင်လည်း တပ်အချို့ချ၍လုံခြုံရေးတင်းကျပ်ထားသည့် မြို့နယ်တစ်ခုဖြစ်သည်။
ထို့အပြင် မိုးကောင်းမြို့သည် ဒေသတွင်း၌ ဗျူဟာအရ အရေးပါသည့်မြို့ဖြစ်သည်။ မိုးကောင်းမြို့မှတဆင့် ပြည်နယ်မြို့တော် မြစ်ကြီးနား၊ တနိုင်းနှင့် ကျောက်စိမ်းမြို့တော် ဖားကန့်တို့သို့ သွားနိုင်သည့်အပြင် မိုးညှင်းမြို့နယ်မှတဆင့် စစ်ကိုင်းတိုင်းသို့လည်းသွားရောက်နိုင်သည့် မြို့ဖြစ်သည့်အတွက် စစ်တပ်က တပ်ရင်းအများအပြား အခြေစိုက်ထားသည်။
မိုးကောင်းမြို့တွင် စစ်တပ်၏ အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၃)အခြေစိုက်ထားသလို စကခ(၃)လက်အောက်ခံ မခရ(၃၈၁)၊ ခမရ(၃၈၂)၊ ဆားမှော်ရွာတွင်ခမရ(၃၈၃)၊ (၃၈၄) တို့ အခြေစိုက်ထားသည်။
ထို့အပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များဖြစ်သည့် ခလရ ၁၀၅(ဆားမှော်ရွာ)၊ ခလရ ၇၄ (မိုးကောင်းမြို့)နှင့် ခမရ ၅၂၁ (ပင်းဘောရွာ)တို့လည်းအခြေစိုက်ထားသည်။
မိုးကောင်းမြို့တွင် ကြီးမားသည့် တိုက်ပွဲများမရှိသော်လည်း မြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ဖားကန့်၊ တနိုင်းနှင့် မိုးညှင်းမြို့နယ်အင်းတော်ကြီး ဒေသတို့တွင် ပြီးခဲ့သည့် ရက်များအတွင်း စစ်တပ်၊ SNA ပူးပေါင်းတပ်နှင့် KIA, KPDF ပူးပေါင်းတပ်များကြားတိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ကချင်ပြည်နယ်တွင် အင်းတော်ကြီးဒေသအပြင် ဖားကန့်၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့များတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးပိုမိုပြင်းထန်လာနိုင်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။



