အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကြောင်စာ၊ ခွေးစာမှအစ ကော်ဖီအဆုံး ထိုင်းကုန်စည်များ ပြောင်တလင်းခါ ပြတ်လပ်နေ 

ယခုလက်ရှိတွင် ပြည်တွင်း၌ ထိုင်းကုန်စည်းများအကြီးအကျယ်ပြတ်လပ်ရခြင်းသည် စစ်ကော်မရှင်က သွင်းကုန်လိုင်စင် လုံလောက်စွာချမပေးခြင်း၊ နှစ်စဉ် ဒေါ်လာဘီလီယံချီကုန်သွယ်သည့် မြဝတီနယ်စပ်ရှိ အမှတ် (၂) တံတားပိတ်ပင်ခြင်းနှင့် လိုင်စင်မဲ့ကုန်စည်များကို အကြီးအကျယ်ဖမ်းဆီးနေခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များက သုံးသပ်ကြသည်။

မန္တလေးမြို့ရှိ ကိုကျော်နိုင်(အမည်လွှဲ) အလုပ်လုပ်နေသော နာမည်ကြီး City Mart အရောင်းဆိုင်ကြီး တစ်ခုပေါ်တွင် ယခင် ထိုင်းမှတင်သွင်းသည့် လူသုံးကုန်နှင့် စားသောက်ကုန်များ စုံစုံလင်လင်   ခင်းကျင်းရောင်းချနေရာမှ ယခုအခါ ထိုင်းပစ္စည်းများ လုံးဝမရှိတော့ဘဲ ပြောင်တလင်းခါနေသည်။

အာဏာသိမ်းစစ်တပ်၏ ပြည်ပသွင်းကုန်ကန့်သတ်မှု၊ တရားမဝင်ကုန်စည်ဟုဆိုကာ ဖမ်းဆီးမှုနှင့် နယ်စပ်ဂိတ်များပိတ်ပင်မှုကြောင့် ယခင်က ပြတ်တစ်ခါ ရတစ်လှည့်ဖြစ်နေသည့် ထိုင်းကုန်စည်များသည် ယခုအခါ ရောင်းစရာပစ္စည်းလက်ကျန်မရှိသည်အထိ ပစ္စည်းများပြတ်လပ်သွားသည်ဟု City Mart အရောင်းဝန်ထမ်းဖြစ်သူ ကိုကျော်နိုင်က ဆိုသည်။ 

“အရင်က ထိုင်းပစ္စည်းများတယ်။ ကွေကာအုပ်တွေ၊ မရောနိစ် (Mayonnaise) တို့ဘာတို့ဆိုရင်လည်း တစ်ခုမှမရှိတော့ဘူး။ အဲ့ဒါတွေက Local (ပြည်တွင်း) လည်းမထုတ်နိုင်ဘူး။ ကိုကာကိုလာကတော့ Local (ပြည်တွင်းမှာ) စက်ရုံရှိတော့ အခုတော့နည်းနည်းပြန်ရတယ်။ အရင်ကပြတ်သွားသေးတယ်။ နှစ်လသုံးလလောက်ရှိပြီ။ ကုန်ကြမ်းမရလို့ လို့ပြောတယ်” ဟု သူက ပြောသည်။ 

ယခင်က နယ်စပ်ဒေသတွင် တိုက်ပွဲများရှိနေသည့်တိုင်အောင် ထိုင်းကုန်စည်များဝင်ရောက်မှုရှိခဲ့သည်။ ယခုအခါ ပစ္စည်း လုံးဝဝင်ရောက်မှုမရှိတော့ပေ။ အချို့ကုန်တိုက်ကြီးများတွင် ထိုင်းကုန်ပစ္စည်းအချို့ကို ဈေးကြီးပေး၍ ဝယ်ရနေသေးသော်လည်း လူအများစုလက်လှမ်းမမီနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြောက်ဒဂုံ City Mart ကုန်တိုက်တစ်နေရာကို တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

“ရောင်းရခြမ်းရတာဆိုရင် ပစ္စည်းတွေကို ဖြန့်စီထားရတာပေါ့။ ဥပမာ ဆပ်ပြာမှုန့်တန်းဆိုရင် အရင်က ထိုင်းပစ္စည်းဆိုအများကြီးပဲ။ Product အစုံရှိတယ်။ အခုဆိုရင် မရတော့ဘူး။ မရတဲ့အတွက် Rainbow (ပြည်တွင်းထုတ်ဆပ်ပြာ) တို့ဘာတို့ကိုဖြန့်ထားရတယ်။ ပြည်တွင်းထုတ်တွေပေါ့” ဟု ကိုကျော်နိုင်က ပြောသည်။ 

ထိုင်းမှလာသည့် ငံပြာရည်နှင့် ဟင်းချက်အမွှေးအကြိုင်များပြတ်လပ်သွားသလို TV စက်ပစ္စည်း တစ်လုံးမျှရောင်းစရာမရှိတော့၍ ဟောင်းလောင်းဖြစ်နေသည်။ သို့ရာတွင် CP ကြက်နှင့် ငါးများကို ပုံမှန်ဖြန့်ဖြူးရောင်းချပေးနေနိုင်သေးသည်ဟု သူကဆိုသည်။

ထိုင်းကုန်စ္စည်းများပြတ်လပ်မှုသည် မန္တလေးရှိ ထိုကုန်တိုက်တစ်ခုတည်းမဟုတ်ဘဲ စီပွားရေးမြို့တော် ရန်ကုန်နှင့် နိုင်ငံအနှံ့မြို့ကြီးမြို့ငယ်များရှိ စူပါမားကတ်နှင့် ဈေးများတွင် ပြတ်လပ်နေခြင်းဖြစ်သည်။ 

အခြေခံစားသောက်ကုန်များ လက်လီလက်ကား ရောင်းချသည့် ရန်ကုန်မြို့ ညောင်ပင်လေးဈေးအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက တွေ့ရစဉ်။  (ဓာတ်ပုံ- Myanmar Now)

ထို့ကြောင့် ထိုင်းကုန်စည်များနေရာတွင် ပြည်တွင်းဖြစ်ကုန်ပစ္စည်းများသာ ဝင်ရောက်လျက်ရှိသည်။ နိုင်ငံခြားဖြစ် ဘီစကစ်၊ အားလူးကြော်စသည့် စားသောက်ကုန်များကို ပြည်တွင်းရှိ မုန့်တိုက်များက တုပထုတ်လုပ်ကြသည်ဟု ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူများက ဆိုသည်။ 

ထိုင်းပစ္စည်းများရှာမရတော့သဖြင့် ပြည်တွင်းဖြစ်များကို အသုံးပြုလာရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ကော်ဖီဆိုရင်လည်းမရှိတော့လို့၊ ရွာငံတို့ ဘာတို့ ပတ်သောက်နေရတယ်။ ယိုးဒယား‌ကော်ဖီတွေက တစ်ထုပ်တစ်ထုပ်ကို စျေးလည်းများတာကို  Nestle ဘူးတွေလည်းမရှိတော့ဘူး။ မုန့်တွေဆိုရင်လည်း ထိုင်းကဝင်တဲ့ တံဆိပ်တွေမရှိတော့ဘူး။  မြန်မာထုတ် လိုကယ်မိတ် မုန့်ပဲစားရတယ်” သူက ဆိုသည်။ 

ထိုင်းထုတ် အချိုရည်၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည်၊ အိမ်သန့်ရှင်းရေးသုံးပစ္စည်းများကို လုံးဝရှာမရတော့ကြောင်း ၎င်းက ဆိုသည်။

“ထိုင်းပုံစံလိုက်တုထားတဲ့ Local Brand (ပြည်တွင်းအမှတ်တံဆိပ်) တွေပဲတင်တာတွေ့တယ်။  ထိုင်းပစ္စည်းတွေက မြဝတီလမ်းကြောင်းက လာတာဆိုတော့ အခုထိပိတ်ထားပြီး စီးပွားဖြစ် ပေးမသယ်တာဆိုတော့ အကုန်ပြတ်ကုန်ပြီ” ဟု သူက ပြောသည်။

သုံးစရာမရှိ၍ မရှိမဖြစ် ဝယ်သုံးနေကြရသော်လည်း ပြည်တွင်းပစ္စည်းများ၏ အရည်အသွေးအပေါ် စိတ်ကျေနပ်မှုမရှိကြောင်း အရှေ့ဒဂုံမြို့နယ်တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး အမည်မဖော်လိုသူသည့် ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုင်းပစ္စည်းများပြတ်လပ်ရာတွင် ခွေးစာ၊ ကြောင်စာများဝယ်မရတော့ခြင်းသည် ခွေးမွေးသူများအတွက် အကြီးဆုံးအခက်အခဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“ခွေးတွေ၊ ကြောင်တွေမွေးတဲ့သူက ကိုယ်တိုင်သာ ကန်စွန်းရွက်ကြော်နဲ့ ကြက်ဥကြော်နဲ့ စားချင်စားမယ်။ ခွေးက ငယ်ငယ်လေးကတည်းက ဒါကျွေးလာတာဆိုရင် အဲ့ဒါပဲကျွေးလို့ရတယ်” ဟု ၎င်းက ဆိုသည်။ 

“ငယ်ငယ်ကတည်းက ကျင့်လာခဲ့ရင်တော့ တစ်မျိုးပေါ့။ အခုအလိုလိုက်ခဲ့တဲ့အခါကြတော့ အခုလိုမျိုး ဖြစ်သွားရင် ခွေးစာ‌ကြောင်စာတိုင်ပတ်တယ်။ ကျွန်တော်တို့နား ခွေးစာကြောင်စာရောင်းတဲ့ဆိုင်ရှိတယ်။ အဲ့ဒီကို လာဝယ်သူက နည်းတာမဟုတ်ဘူး။ တကူးတကလာမေးကြတယ်။ သူတို့နဲ့ စကားပြောကြည့်တော့ ခွေးစာကြောင်စာပါ တိုင်ပတ်နေတာ။ ယိုးဒယားက သွင်းဖို့ခက်နေတော့လေ” ဟု သူက ဆက်ပြောသည်။ 

ပြည်တွင်းဖြစ်ခွေးစာ၊ ကြောင်စာများကို ခွေးပိုင်ရှင်များက စမ်းသပ်ကျွေးမွေးနေရကြောင်း သူက ဆိုသည်။

ယခုလက်ရှိတွင် ပြည်တွင်း၌ ထိုင်းကုန်စည်းများအကြီးအကျယ်ပြတ်လပ်ရခြင်းသည် စစ်ကော်မရှင်က သွင်းကုန်လိုင်စင် လုံလောက်စွာချမပေးခြင်း၊ နှစ်စဉ် ဒေါ်လာဘီလီယံချီကုန်သွယ်သည့် မြဝတီနယ်စပ်ရှိ အမှတ်( ၂) တံတားပိတ်ပင်ခြင်းနှင့် လိုင်စင်မဲ့ကုန်စည်များကို အကြီးအကျယ်ဖမ်းဆီးနေခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များက သုံးသပ်ကြသည်။ 

မိုင်ပေါင်း ၁,၅၀၀ ကျော် နယ်နိမိတ်ချင်းထိဆက်နေသည့် မြန်မာနှင့် ထိုင်းနယ်စပ်တွင် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအတွက် မြဝတီ၊ တာချီလိတ်၊ ထီးခီး၊ မောတောင်၊ မြိတ်နှင့် ကော့သောင်း စသော ဂိတ် ခြောက်ခုရှိပြီး ဖွင့်လှစ်ရန်လျာထားစခန်းများရှိသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။ 

ထိုင်းနယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များ ထိန်းချုပ်လာမှုကြောင့် အခွန်များရရှိကာ တပ်အင်အား ကြီးထွားလာနိုင်၍ ထိုသို့ကုန်သွယ်မှုကို တရားမဝင်ကုန်သွယ်မှုများအဖြစ် ဖမ်းဆီးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့၊ စစ်ကော်မရှင် အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်။

ထို့နောက် ဩဂုတ်လ ၁၈ ရက်တွင် မြဝတီ-မဲဆောက် အမှတ်(၂) တံတားကို ပိတ်ပင်လိုက်ပြီး ထိုင်းနယ်စပ်ရှိ ရနောင်းနှင့် ကော့သောင်း ကမ်းရိုးတန်း ဆိပ်ကမ်းများမှ ရန်ကုန်မြို့အထိ ကွန်တိန်နာသင်္ဘောများဖြင့် ကုန်သွယ်နိုင်ရန် ဖွင့်ထားပေးသည်ဟု အထက်ပါကုန်သည်က ပြောသည်။ ထိုရေလမ်းကြောင်းကိုမူ စစ်တပ်က အပြည့်အဝထိန်းချုပ်ထားနိုင်သည်။ 

သို့ရာတွင် ရနောင်း- ကော့သောင်း- ရန်ကုန်ရေလမ်းကြောင်းကို ကုန်သွယ်ရန်ဖွင့်ပေးထားသော်လည်း စစ်တပ်သည် သွင်းကုန်လိုင်စင်အနည်းအကျဉ်းသာချပေးကြောင်း ထိုင်းကုန်စည်များတင်သွင်းနေသည့် မြဝတီအခြေစိုက် ကုန်သည်အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုင်း- မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး အကောက်ခွန်ဂိတ်တွင် ကုန်တင်ကားတစ်စီးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-မြတ်ကြီး/Myanmar Now)

မြဝတီအမှတ် (၂)တံတားကို ပိတ်ပင်လိုက်ပြီးနောက် မြဝတီနယ်စပ်တစ်ကြောမှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို တရားမဝင်ကုန်စည်အဖြစ်သတ်မှတ်၍ စစ်တပ်၏ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးလာခြင်းကြောင့် ထိုင်းကုန်စည်များဈေးကွက်အတွင်း ဝင်ရောက်မှုနည်းပါးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“လိုင်စင်ချပေးတဲ့အပေါ်မှာမူတည်တယ်။ အစကတည်းက လိုင်စင်ပေးတဲ့အပိုင်းမှာ ဦးစားပေးတွေ ရှိတယ်။ ဦးစားပေးကုန်စည်တွေပဲပေးတဲ့အတွက် ထိုင်းကုန်စည်က ဈေးကွက်ထဲကို ဝင်မလာဘူး” ဟု ၎င်းက ပြောသည်။

“တရားမဝင်ကုန်စည်က ဘာမှ လုပ်ကိုင်စားသောက်လို့မရတဲ့အနေအထားမျိုးတော့မရှိသေးဘူး။ ပြောရမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းလောက်ကတော့သွားနေသေးတယ်။ သွားနေတော့ ရန်ကုန်မြို့နေလူထုပဲဖြစ်ဖြစ် ပြည်မဘက်ခြမ်းမှာရှိနေတဲ့ လူတွေအတွက်ကို ပြည့်အောင်မဖြည့်နိုင်တဲ့ အနေအထားဖြစ်လို့ ထိုင်းကုန်စည်ပြတ်သွားတယ်လို့ယူဆလို့ရတယ်” ဟု သူက ဆိုသည်။ 

City Mart ကဲ့သို့ ကုန်တိုက်ကြီးများတွင် ထိုင်းပစ္စည်းများရောင်းချမည်ဆိုပါက သွင်းကုန်လိုင်စင်၊ အခွန်ဆောင်ထားပြီးကြောင်းကြေညာလွှာ၊ စားသောက်ကုန်ဖြစ်ပါက FDA ထောက်ခံချက် စသဖြင့် အထောက်အထားအပြည်အစုံရှိရန်လိုအပ်သည်။

စစ်ကော်မရှင်က သွင်းကုန်လိုင်စင်မချပေးသဖြင့် ကုန်စည်များအနည်းအကျဉ်းသာဝင်ရောက်ချိန်တွင် လိုင်စင်မဲ့ကုန်စည်များကို ထိုကုန်တိုက်ကြီးများပေါ်တွင် ရောင်းချခွင့်မရှိသည့်အခြေအနေဖြစ်ကြောင်း၊ ရန်ကုန်မြို့ရှိ အိမ်ဆိုင်အချို့တွင် ထိုင်းပစ္စည်းအချို့ဝယ်ယူ၍ရနိုင်သေးကြောင်း ၎င်းက ဆိုသည်။ 

“ဝယ်လို့ရတဲ့နေရာတွေရှိတယ်။ ဒါပေမဲ့ တရားမဝင်သွားတဲ့အတွက် ဈေးကြီးတယ်။ City Mart လို စူပါမားကတ်ကြီးတွေကြတော့  စာရွက်စာတမ်းရှိမှရမယ်။ သူတို့က ဝင်စစ်တာကို၊ ဒါတွေ မပါရင် ရောင်းခွင့်မရှိဘူး။ ကော့သောင်း- ရနောင်းလမ်းကြတော့လည်း ဒီလိုမျိုးပစ္စည်းတွေအတွက်ကို လိုင်စင်မပေးဘူး” ဟု ၎င်းက ပြောသည်။ 

မြဝတီအမှတ် (၂) တံတားပိတ်ပြီးနောက် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဖွင့်လှစ်ထားသော်လည်း သွင်းကုန်လိုင်စင်အနည်းအကျဉ်းသာချပေးသည်ဟု သိရသည်။ တာချီလိတ်မှ ကျိုင်းတုံနှင့် အခြားပြည်မဒေသများသို့ ကုန်စည်သယ်ယူခွင့်ကိုလည်း မြို့အထွက် မယ်ယန်းရွာအနီး ဌာနပေါင်းစုံစစ်ဆေးရေးဂိတ်မှ စစ်ဆေး၍ ကန့်သတ်ပိတ်ပင်နေကြောင်း ကုန်သည်များက ဆိုသည်။ 

၂၀၂၅ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စစ်ကော်မရှင်၏ ပဲခူးတိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များကို စစ်ဆေးနေစဉ်။ (ဓာတ်ပုံ – စစ်ကော်မရှင်)

ထိုင်းနှင့် မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတွင် စစ်ကော်မရှင်က လိုင်စင်မဲ့ကုန်စည်များကို ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးနေခြင်းကြောင့်လည်း ထိုင်းကုန်စည်များအဝင်နည်းသွားကြောင်း ရန်ကုန်မှ အမည်မဖော်လိုသည့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် နောက်တစ်ဦးက ဆိုသည်။ 

“အခုက ဘားအံဘက်မှာ အဖွဲ့စုံတို့၊ နယ်လုံအဖွဲ့တို့ ဒီလိုအဖွဲ့တွေစစ်ဆေးတာရှိတယ်။ တချို့ကြတော့ သူနည်းသူဟန်နဲ့ နည်းနည်းပါးပါးသွင်းနေတာရှိတယ်။ အများကြီးသွင်းလို့ရတဲ့ဟာမျိုးတော့မရှိတော့ဘူး။ နည်းနည်းစီသွင်းတာတော့ရှိတယ်။ ဒါပေမယ့် တစ်တိုင်းပြည်လုံးအတွက်တော့ မလောက်ငှဘူးပေါ့” ဟု ၎င်းက ပြောသည်။ 

စစ်ကော်မရှင်ထိန်းချုပ်သည့် သတင်းစာများတွင် တရားမဝင်ကုန်သွယ်မှုတားဆီးနှိမ်နှင်းရန်ဟုဆိုကာ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် ဖမ်းဆီးရမိသော ကုန်စည်များနှင့် ကုန်ပစ္စည်းတန်ဖိုးများကို မကြာခဏ ထုတ်ပြန်လေ့ရှိသည်။ 

ယခုလ ဖေဖော်ဝါရီ ၂၃ ရက်ထုတ် သတင်းစာတွင် ပဲခူး၊ မွန်၊ ရန်ကုန်၊ ကရင်၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းများတွင် လိုင်စင်မဲ့ကုန်စည်ဖမ်းဆီးမှု ၃၄ မှု၊ ကျပ်သန်းပေါင်း ၁၇၀ ကျော်ဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။ 

ထိုင်းကုန်စည်များပြတ်လပ်မှုနှင့်ပတ်သက်၍ စစ်ကော်မရှင်ခန့် စီးပွားကူးသန်းဝန်ကြီး ဦးမင်းမင်းကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း အစည်းဝေးထဲရောက်နေသည်ဟုဆိုကာ တုံ့ပြန် ဖြေဆိုခြင်းမရှိသေးပေ။

ရန်ကုန်- ရနောင်း ကုန်တင်သင်္ဘောများ ရန်ကုန်ဆိပ်ကမ်းများသို့ ဆိုက်ကပ်လာမှုကို စစ်ကော်မရှင် စီးပွားကူးသန်းဒုဝန်ကြီးနှင့် အဖွဲ့ ယခုလ ၂၂ ရက်က စစ်ဆေးနေစဉ်။ (ဓာတ်ပုံ-MOI) 

ပြည်ပသွင်းကုန်များကို အကြီးအကျယ်ကန့်သတ်ထားသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ  ၎င်းလက်ထက်တွင် ကုန်သွယ်မှုလိုငွေလျှော့ချနိုင်ကြောင်း မကြာခဏပြောလေ့ရှိပြီး စားသောက်ကုန်များကို ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်ပါက နိုင်ငံခြားငွေသုံးစွဲရမှု များစွာလျော့နည်းသွားမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းက ပြင်ဦးလွင် ဇီးပင်ကြီးတက္ကသိုလ်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။ 

စစ်ကော်မရှင်သည် အများပြည်သူအတွက် သုံးစွဲရသည့် နိုင်ငံခြားငွေများကို လျှော့ချနေသော်လည်း စက်လက်နက်ပစ္စည်းနှင့် လေယာဉ်ဆီများဝယ်ယူရန် ဗုံးပေါလအောသုံးစွဲမည်ဖြစ်ကြောင်း အရှေ့ဒဂုံမြို့နယ်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင် အမျိုးသားက ဆိုသည်။

 အမျိုးမျိုးသော သွင်းကုန်ကန့်သတ်ပိတ်ပင်မှုများကြားတွင် ပြည်ပသွင်းကုန်များပြတ်လပ်သွားပြီး အရည်အသွေးမပြည့်မီသည့် ကုန်စည်များနေရာယူလာပါက စာသုံးသူများအတွက် အန္တရာယ်ရှိကြောင်း ၎င်းက ဆိုသည်။ 

အထူးသဖြင့် အရည်အသွေးမပြည့်မီသည့် ဆေးဝါးများဖြစ်လျှင် ပိုအန္တရာယ်ကြီးကြောင်း ၎င်းက ဆိုသည်။ 

“ခက်တာက သူတို့(စစ်တပ်)က ဒေါ်လာကို လေယာဉ်ဆီဝယ်ဖို့နဲ့ သူတို့ကိစ္စတွေလောက်ပဲသုံးချင်တာကိုဗျ။ အဲ့ဒီတော့ ပြည်တွင်းအတွက်က ဆေးတွေလည်းမရဘူး။ အလားတူဆေးဆိုပေမယ့် လူနာနဲ့တည့်ချင်မှ တည့်မယ်။ ဆေးတွေ အလုံအလောက်မရတဲ့အခါကြတော့ အတုတွေပေါတယ်လို့ ကျွန်တော်မြင်တယ်ဗျ။ အာနိသင်တွေက မထိရောက်တော့ဘူး” ဟု ၎င်းက ဆိုသည်။  

Related Articles

Back to top button