ဓာတ်ခွဲစမ်းသပ်မှုများအရ အဆိပ်ပါဝင်မှု လေးဆမှ ငါးရာကျော်အထိ ပါဝင်နေ၍ သံလွင်မြစ်ရေနှင့် ကယား၊ မော်ချီးဒေသကို ဖြတ်သန်းစီးဆင်းသည့် မိုလိုချောင်းရေတို့အား တိုက်ရိုက်အသုံးမပြုရန် ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတိပေးထားသည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ချင်းမိုင်တက္ကသိုလ် (သဘာဝ ပတ်ဝန်းကျင်ဌာန) တို့ ပူးပေါင်းပြီး ရှမ်း၊ ကယား (ကရင်နီ)၊ ကရင်နယ်စပ်ရှိ သံလွင်မြစ် အထက်ပိုင်း၊ အောက်ပိုင်းနေရာ ၁၀ ခု နှင့် မိုလိုချောင်းတစ်နေရာမှ မြစ်ရေအား ဓာတ်ခွဲသုတေသနပြုခဲ့ရာတွင် သိရှိရခြင်းဖြစ်သည်။
အဆိုပါဓာတ်ခွဲမှုရလဒ်များအရ သံလွင်မြစ် နေရာ ၁၀ ခုတွင် အာဆင်းနစ် (Arsenic) အဆိပ်ပါဝင်မှုသည် နိုင်ငံတကာစံနှုန်း ဖြစ်သည့် (0.01) mg/L ထက် (0.042) mg/L မှ (0.096) mg/L အထိ ရောက်ရှိနေပြီး လေးဆမှ ကိုးဆ အထိ မြင့်တက်နေသည်ဟု IEC က ဆိုသည်။
ကယားပြည်နယ်၏ အဓိကသတ္တုလုပ်ငန်းရှိသည့် မော်ချီးဒေသအား ဖြတ်သန်းစီးဆင်းနေသည့် မိုလိုချောင်းရေတွင် အာဆင်းနစ်ပါဝင်မှုသည်လည်း နိုင်ငံတကာသတ်မှတ်စံနှုန်း (0.01) mg/L ထက် (0.553) mg/L အထိ ရှိနေ ၍ သတ်မှတ်စံနှုန်းထက် အလွန်မြင့်မားနေသည်။
သံလွင်မြစ်အတွင်း အာဆင်းနစ်အဆိပ်များ မြင့်မားနေခြင်းသည် မြစ်အထက်ပိုင်းရှိ ရွှေနှင့် သတ္တုလုပ်ငန်းများမှ စွန့်ပစ်ဓာတုဆေးရည်များကြောင့် ဖြစ်သည်ဟု ရှမ်းနှင့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ များက ဆိုကြသည်။
မိုလိုချောင်းမှာမူ မော်ချီးသတ္တုတွင်းမှ လာသည့် ဓာတုဆေးများကြောင့်ဖြစ်သည်ဟု IEC အထွေထွေ အတွင်းရေးမှူး (၂) ကိုဗညားက ပြောသည်။
“မိုလိုချောင်းဆိုတာ မော်ချီးအထက်ကနေ စီးလာတဲ့ ချောင်းတစ်ချောင်းပါ။ အဲဒီချောင်းထဲကိုတော့ မော်ချီးသတ္တုတွင်းထဲကနေ ရေတွေ ထပ်ဆင်းလာတာ ပေါ့နော်။ အဲဒီရေနဲ့ ပေါင်းပြီးတော့ ဖားဆောင်းနားက ခဲမဖြူရွာနားလေးမှာ သံလွင်မြစ်ထဲကို စီးဝင်တာပေါ့။ အဲဒီနေရာမှာ တစ်နေရာ ရေနမူနာယူကြည့်တာအရမ်းကို အန္တရာယ်ရှိတဲ့အခြေအနေ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
အာဆင်းနစ်ပါသည့် ရေနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ သောက်သုံးခြင်း၊ ချက်ပြုတ်စားသောက်ခြင်း၊ သီးနှံ စိုက်ပျိုးခြင်းများ ပြုလုပ်လျှင် ရေရှည်တွင် အဆုတ်၊ အရေပြား၊ အသည်း၊ ဆီးအိမ် စသော ကင်ဆာရောဂါများ ဖြစ်နိုင်သည်ဟု ဆိုသည်။
ထို့ပြင် အာရုံကြောရောဂါများအပြင် ကလေးသူငယ်များတွင် ဉာဏ်ရည်နိမ့်ပါးမှုရောဂါများနှင့်ပါ ရင်ဆိုင်ရနိုင်၍ အသုံးမပြုသင့်ဟု IEC က ပြောထားသည်။
“မိုလိုချောင်းကဆိုရင် ဘယ်လိုရေသတ္တဝါကိုမဆို မစားဖို့ပေါ့နော်။ နောက်ပြီး သံလွင်မြစ်ရေဆိုရင်လည်း ထိမိတယ်၊ သုံးဖြစ်တယ်ဆိုရင် အတတ်နိုင်ဆုံး ရေနဲ့ သေချာဆေးဖို့ပေါ့။ ကျွန်တော်တို့ ဒါတွေ သတိပေးထားတယ်။ ဒါက ကနဦးတွေ့ရှိချက်ပဲ ရှိသေးတယ်။ ဒီထက် အသေးစိတ်တာတွေ ကျွန်တော်တို့ ထပ်လေ့လာဖို့ ရှိတယ်” ဟု ကိုဗညားက ပြောသည်။
မိုလိုချောင်းရေသည် ဖားဆောင်းဘက်မှတဆင့် သံလွင်မြစ်အတွင်း တိုက်ရိုက်စီးဝင်နေ၍ သက်ရောက်မှုကြီးမားသည်။
မိုလိုချောင်းတစ်လျှောက်တွင်လည်း ကရင်နီဒေသတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသည့် ဒုက္ခသည် အနည်းဆုံး နှစ်ထောင်ဝန်းကျင် နေထိုင်နေကြသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တောင်ပိုင်း၊ မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ် (Kok River) တစ်လျှောက် တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် China Investment Mining ကုမ္ပဏီမှ မြေရှားသတ္တုနှင့် ရွှေသတ္တုတွင်းများ တိုးချဲ့လာနေပြီး အဆိုပါသတ္တုကုမ္ပဏီများမှ စွန့်ပစ်ရေဆိုးသည် နမ့်ခုတ်မြစ်မှတဆင့် သံလွင်မြစ်အတွင်း စီးဝင်နေသည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့ (SHRF)က ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မိုင်းယွန်းဒေသကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကော်မရှင်တပ်တို့က ပူးတွဲထိန်းချုပ်ထားပြီး မြေရှားနှင့် ရွှေသတ္တု တူးဖော်ခွင့်ရရန် ထိုအဖွဲ့နှစ်ခုလုံးထံမှ ခွင့်ပြုချက်ရယူရန် လိုအပ်သည်။
ဤသတ္တုတွင်းများမှ စီးဆင်းလာသောရေသည် နမ့်ခုတ်မြစ်အတွင်းသို့ တိုက်ရိုက်စီးဝင်နေသည်။
အလားတူ ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်မှ စီးဆင်းလာသော နမ့်ခုတ်မြစ်သည် ထိုင်းမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်ရှိ မြို့နယ်အချို့ကို ဖြတ်သန်း၍ မဲခေါင်မြစ်အတွင်းစီးဝင်သည်။
ထို့ကြောင့် ထိုင်းအာဏာပိုင်များက ယမန်နှစ် ဧပြီလမှစ၍ နမ့်ခုတ်မြစ်ရေကို နှစ်ပတ်တစ်ကြိမ် စစ်ဆေးလျက်ရှိရာ အာဆင်းနစ် (Arsenic)နှင့် ခဲ (Lead) ဓာတ်ပါဝင်မှုသည် ဘေးကင်းလုံခြုံရေးစံနှုန်းများထက် ကျော်လွန်နေသည် ဟု ဆိုထားသည်။ ထိုမြစ်ကို ကယ်တင်ရန် ထိုင်းဒေသခံနှင့် ပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက တိုက်တွန်းနေကြသည်။
နမ့်ခုတ်မြစ်အတွင်း သတ္တုတွင်းလုပ်ငန်းများ တိုးချဲ့နေခြင်းသည် အဆိုပါမြစ်အား မှီခိုနေရသည့် နှစ်နိုင်ငံ နယ်စပ်ရှိ ဒေသခံလူထုအတွက် စိုးရိမ်စရာ အခြေအနေဖြစ်နေပြီး ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ ကုတ်မြစ် တစ်လျှောက် နေထိုင်ကြသည့် ထိုင်းနိုင်ငံသား တစ်သန်းကျော်နှင့် မဲခေါင်မြစ်ကြောင်း ရေစုန်ပိုင်း တစ်လျှောက် နေထိုင်သူ သန်းပေါင်းဆယ်နှင့်ချီ ထိခိုက်နိုင်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) က ဆိုသည်။




