စစ်တပ်က အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်းထိုးနေသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယမန်နေ့ (မတ်လ ၄ ရက်နေ့) လေကြောင်းတိုက်ခိုက်မှုများကြောင့် သက်ကြီးရွယ်အိုများအပါအဝင် အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဒေသတွင်း လှုပ်ရှားသည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ ဘက်ပြောင်း ပြီးနောက် ဖေဖော်ဝါရီ တတိယပတ်မှစတင်ကာ ပုလဲမြို့နယ်ထဲ စစ်တပ်က အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စစ်တပ် ရောက်ရှိတပ်စွဲနေသော ချင်ပြစ်ရွာနှင့် အနီးဝန်းကျင်ရှိ ပိတောက်ကုန်းရွာတို့ကို ယမန်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျန်းမာရေးမကောင်းသည့် သက်ကြီးပိုင်း အဘိုးအဘွားနှစ်ဦး သေဆုံးပြီး နေအိမ် ၁၀ လုံးလည်းမီးလောင်ပျက်စီးခဲ့သည်။
“အမျိုးသမီးက လေဖြတ်နေလို့ လင်မယားနှစ်ယောက်လုံး မထွက်နိုင်ဘူး။ ရွာထဲဝင်တဲ့တစ်ယောက် ပြောတာတော့ ဗုံးနှစ်လုံးက အိမ်နှစ်လုံးပေါ်ကျတာ။ သူတို့လင်မယား သေတာ” ဟု ပုလဲမြို့နယ်မှ စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် ည ၉ နာရီဝန်းကျင်တွင် မရိုးတုန်း (မြောက်) ရွာကို အင်ဂျင်တပ်လေထီးဖြင့် ဗုံးကြဲပစ်ခတ်ခဲ့ရာ ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရကြောင်း၊ သေဆုံးသူများတွင် ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး၊ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
ချင်ပြစ်ရွာနှင့် လေကြောင်းတိုက်ခိုက်ခံရသည့် ကျေးရွာများသည် ငါးမိုင်ပတ်လည်ခန့်သာကွာဝေးပြီး ယနေ့နံနက် ၆ နာရီဝန်းကျင်ကစ၍ ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ချင်ပြစ်ရွာအရှေ့ဘက်အနီးနှင့် မုံသွင်ရွာအတွင်း ဗုံးကျရောက်ပေါက်ကွဲပြီး မုံသွင်ရွာမှ နေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
“ညကတည်းက ပါရာမော်တာတွေ ဆက်တိုက် ကြဲချနေတယ်။ ရွာတွေလည်းကြဲတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာနားလည်း ကြဲတယ်”ဟု ပုလဲမြို့ နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုလဲမြို့နယ်မြောက်ပိုင်း ဗိုလ်နဂါးတပ် လှုပ်ရှားခဲ့ရာ ကျေးရွာများအထိ ရောက်ရှိလာသည့် စစ်ကြောင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းမှ အပြင်းအထန်တုံ့ပြန်ခဲ့သည်။
“စစ်ဆိုင်ထားတဲ့အခြေအနေမို့ ရန်သူအထိနာလို့ လေကြောင်းက တစ်ပတ်တိတိ ဖိနေတာ”ဟု အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က မှတ်ချက်ပြုသည်။
တိုက်ပွဲများနှင့်လေကြောင်းရန်ကြောင့် ပုလဲမြို့နယ်မြောက်ပိုင်းရှိ ပိတောက်ကုန်း၊ ကြာစီ၊ လှိုင်းရွာ၊ မုံသွင်၊ မုရိုးတုန်းစသည့်ကျေးရွာများအပါအဝင် ယင်းမာပင်ခရိုင်အတွင်းမှ ၁၂ ရွာခန့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည်။
မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့်ထိစပ်နေသည့် ပုလဲမြို့နယ်တွင် ကျေးလက်ဒေသအများစုကို တော်လှန်ရေးအင်အားစုများက စိုးမိုးထိန်းချုပ်ထားပြီး စစ်တပ်သည် ပုလဲမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဒေါင့်၊ အင်မထီး၊ မင်းတိုင်ပင် စသည့်ကျေးရွာတို့တွင်သာ ခြေကုပ်ယူထားနိုင်သည်။
ယခုနှစ်ဆန်းတွင် ဗိုလ်နဂါးဦးဆောင်သည့် BNRA တပ် နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ များအကြား အပြန်အလှန် စီးနင်းမှုများ ဖြစ်ပွားပြီးနောက် ဗိုလ်နဂါးနှင့် ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ခြောက်ဦး စစ်တပ်ထံ ဘက်ပြောင်းသွားသည်။ ထို့နောက် ပုလဲနယ်အတွင်း စစ်တပ်က မြေပြင်၊ ဝေဟင် ထိုးစစ်ဆင် လာခြင်းဖြစ်သည်။
ရွေးကောက်ပွဲအလွန်ကာလတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်ပြုလုပ်လာပြီး အရပ်ဘက်ပစ်မှတ်များကိုဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဆက်တိုက်ရှိနေသည်။
ဖေဖော်ဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်း၊ မကွေး နှင့် ရခိုင်ပြည်နယ်တို့တွင် အစုလိုက်အပြုံလိုက်သေဆုံးမှု ငါးခုထက်မနည်းရှိခဲ့ပြီး မတ်လ ၁ ရက်နေ့တွင်လည်း မင်းတုန်းနှင့် ပင်လည်ဘူးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဒါဇင်ထက်မနည်းသေဆုံးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည့်အချက်အလက်များ အရ ယခုနှစ် နှစ်ဆန်းကစပြီး ဖေဖော်ဝါရီလကုန်ထိ နှစ်လတာအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကြောင့် ၃၀၂ ဦးသေဆုံးပြီး ၅၆၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။



